ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး သီးခြားစီ တွေ့ဆုံ

ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး သီးခြားစီ တွေ့ဆုံ
Published 5 September 2017

ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၄ ရက်တွင် နေပြည်တော်၌ လာရောက်တွေ့ဆုံစဉ် (ဓာတ်ပုံ- Myanmar State Counsellor Office ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H.E. Mrs Retno L.P. Marsudi က စက်တင်ဘာ ၄ ရက်တွင် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Mrs Retno L.P. Marsudi အား စက်တင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှု၌ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများအား အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုးပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများအား ဖြေရှင်းသွားနိုင်မည့် ရေရှည် နည်းလမ်းကောင်းများနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H.E. Mrs Retno L.P. Marsudi အား စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်မှု ဖြစ်စဉ်များ၏ ပကတိ အခြေအနေမှန်များကို ဦးစွာ ရှင်းလင်း ဆွေးနွေးကြောင်း သိရသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်သည်တော် ဝန်ကြီးတို့သည် ရခိုင်ပြည်နယ် အရေးကိစ္စတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Mrs Retno L.P. Marsudi သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၃ ရက် ညပိုင်းက ရောက်ရှိလာခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်သည့် စက်တင်ဘာ ၃ ရက်၌ပင် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာရှိ မြန်မာသံရုံးသည် ဓာတ်ဆီပုလင်း ဗုံးဖြင့် ပစ်ပေါက်ခံရမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ဂျကာတာရှိ ဗုဒ္ဓဘာသာဝင်များရှိရာ နေရာတစ်ခုတွင်လည်း ဆန္ဒပြမှုအချို့ ဖြစ်ပွားခဲ့ကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ပြောကြားချက်အပေါ် ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။

အလားတူ ၂၀၁၆ ခုနှစ်ကလည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးနှင့် အစိုးရ အဆောက်အအုံများကို တိုက်ခိုက်ရာ၌ အသုံးပြုရန် စီစဉ်ထားသော အလွန်ပမာဏများပြားသည့် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ အစ္စလာမ္မစ် စစ်သွေးကြွဟု ယူဆရသူ တစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ နိုဝင်ဘာ ၂၆ ရက်တွင် AFP သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Mrs Retno L.P. Marsudi သည် မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ အလုပ်သဘော ခရီးတစ်ကြိမ် လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရှိ နေအိမ်တွင် ဒီဇင်ဘာ ၆ ရက် ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမှု ပြုလုပ်ခဲ့ကြောင်း ထိုစဉ်အချိန်က နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ စင်ကာပူနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး စင်ကာပူနိုင်ငံမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ရန် မူလက စီစဉ်ထားသော်လည်း အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ထိုစဉ်အချိန်က ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ပထမအကြိမ် တွေ့ဆုံမှု၌လည်း မြန်မာနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်မှ အသိုက်အဝန်းနှစ်ခုအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှု အကူအညီများ ပေးအပ်ရေးကိစ္စနှင့် နှစ်နိုင်ငံအကြား ဆက်သွယ်ညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent