အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဗဟို က မသိမကြားရသည်များ ရှိနိုင်သော ကြောင့် ခရေစေ့တွင်းကျ သိရှိနိုင်ရန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရန် စီစဉ်နေကြောင်းနိုင်ငံတော်သမ္မတ ပြောကြား

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဗဟို က မသိမကြားရသည်များ ရှိနိုင်သော ကြောင့် ခရေစေ့တွင်းကျ သိရှိနိုင်ရန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရန် စီစဉ်နေကြောင်းနိုင်ငံတော်သမ္မတ ပြောကြား
Published 7 October 2018

နိုင်ငံတော်သမ္မတဦးဝင်းမြင့် မကွေးမြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား အဖွင့်အမှာစကား ပြောကြားနေစဉ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဗဟိုက မသိမကြားရသည်များ ရှိနိုင်သောကြောင့် ခရေစေ့တွင်းကျ ပိုမိုသိရှိနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ခွဲ များ ဖွဲ့စည်းရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီးအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မကွေးမြို့ မြို့ တော်ခန်းမ၌ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် သမ္မတက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်ပြောခဲ့တဲ့ အဂတိကင်းစင်ရေး အလေးပေးဆောင်ရွက်နေတယ်ဆိုတာ တကယ်လည်း ဆောင်ရွက်နေပါတယ်။ အဂတိကင်းစင်ရေးလုပ်တဲ့အခါမှာ ကျွန်တော်တို့ ကျောသားရင်သား မခွဲခြားပါဘူး။ ဆူကျုံနိမ့်မြင့်လည်း မရွေးချယ်ပါဘူး။ ဥပဒေအင်္ဂါရပ်နဲ့ ငြိရင်ငြိတဲ့အတိုင်း၊ မငြိရင် မငြိတဲ့အတိုင်း ကျွန်တော်တို့ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ အခုဆိုလို့ရှိရင် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း တစ်ခါတည်းပြောခဲ့ပါ မယ်။ စီစဉ်နေပါပြီ။ ဗဟိုမှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗဟို ရှိပါတယ်။ အခု ကျွန်တော်တို့ ပြည်နယ်၊ တိုင်းတွေမှာ အထိဖွဲ့ဖို့ ကျွန်တော်တို့ စီစဉ်နေပါပြီ။ ပြည်နယ်တိုင်းတွေမှာအထိ ကျွန်တော်တို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မတီ အဖွဲ့ခွဲတွေ ဖွဲ့မယ်။ ဒါမှ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်တိုင်းနဲ့မှာ အနီးစပ်ဆုံး၊ ဟိုမှာက အလှမ်းဝေးနေတယ်။ ဝေးတယ်ဆိုတော့ မမြင်ရတာတွေ ရှိတယ်။ မတွေ့ရတာတွေ ရှိတယ်။ မကြားရတာတွေရှိတယ်။ မသိရတာတွေ ရှိတယ်။ ကိုယ့်ပြည်နယ်နဲ့ တိုင်းထဲမှာဆိုရင်တော့ ပိုပြီးတော့ ခရေစေ့တွင်းကျ ပိုက်စိပ်တိုက်ပြီး သိနိုင်တာပေါ့” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

အဆိုပါပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားစဉ်နှင့် နိဂုံးချုပ်စကားပြောကြားစဉ် ပြောင်းလဲမှုဖြစ်စဉ်များ အောင်မြင်ချောမွေ့စေရန် ပြည်သူ ပြည်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန် ထမ်းများအားလုံးက ပုံစံကျနေသည့်အတွေးများကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုမရှိသည့် ဌာနဆိုင်ရာများကို ကြပ်မတ်ရမည်ဖြစ်ကြောင်း၊ ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ရမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရမည်ဖြစ်ကြောင်းတို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောကြားချက်များအနက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့ကို လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ဥပမာပေး၍ အကြိမ်ရေများစွာ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရ သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးက ကျွန်တော့်ကို ရင်းနှီးမှုနဲ့ပြောပါတယ်။ ‘သမ္မတကြီး၊ သမ္မတကြီးတို့ကို အားပေးတဲ့ အနုပညာရှင်တွေ ပါနေပြီ’လို့။ ပါပါ။ တရားဥပဒေစိုးမိုးရေးက တရားဥပဒေစိုးမိုးရေးပဲ။ မူးယစ်ဆေးဝါးမှုက မူးယစ်ဆေးဝါးမှုပဲ။ ဒါ ကျွန်တော်က ရှင်းရှင်းပဲ။ အားလုံးက ဥပဒေနဲ့ညီညွတ်ရမယ်။ သူ့ကျတစ်မျိုး ငါ့ကျတစ်မျိုး မဖြစ်စေချင်ပါဘူး” ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တိုင်ကြားစာကိုးစောင်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

“၁၉၉၅ ခုနှစ်က သနပ်ခါးအပင် ၂၀၀ နဲ့ နှစ်ရှည်ပင် အပင် ၅၀ လောက်စိုက်ထားတဲ့ ခြံကို လောင်စာတောင့်စက်ရုံက သိမ်းထားလို့ တိုင်တာပါ။ အဲဒါကို ကျွန်မ ၂၀၁၂ ခုနှစ် က တင်တယ်။ ၂၀၁၄ ခုနှစ်အထိ တောက်လျှောက်တင်တာပါ။ အခု ၂၀၁၇ ခုနှစ်အထိဆို ကျွန်မတင်တာ ၁၀ ကြိမ်လောက်ရှိပါပြီ။ ဒါပေမဲ့ အကြောင်းကြောင်းတွေက ခုချိန်ထိ ကျွန်မ ပြန်ကြားစာမရသေးပါဘူး။ အဲဒါလေး ရချင်ပါတယ်။ မသေခင် လှူလည်းလှူချင်တယ်။ ကျွန်မမှာ အကြွေးတွေလည်း အများကြီးရှိပါတယ်။ ရမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက လုပ်ပေးမယ်လို့ ထင်ပါတယ်”  ဟု  တိုင်ကြားစာပေးပို့ခဲ့သူ  မကွေးမြို့ ပြည်တော်သာရပ်ကွက်မှ ဒေါ်အေးအေးသိန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ တွေ့ဆုံပွဲတွင် သတင်းရယူသည့် သတင်းထောက်များအား တွေ့ဆုံပွဲစတင်ပြီး နိုင်ငံတော်သမ္မတ အဖွင့်အမှာစကား ပြောကြားပြီးချိန်အထိသာ မြို့တော်ခန်းမအတွင်း ဝင်ရောက်ခွင့်ပေးခဲ့ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့က နိုင်ငံတော်သမ္မတထံ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြချိန်တွင် ခန်းမပြင်ပသို့ထွက်ခိုင်းခဲ့ပြီး မည်သည့်မှတ်တမ်းမျှ ယူခွင့်မပေးခဲ့ပေ။

“အရင်အစိုးရလက်ထက်က သမ္မတ ဦးသိန်းစိန် လာတုန်းကရော၊ သူရဦးရွှေမန်း လာတုန်းကရော အခုလိုတွေ့ဆုံပွဲတွေမှာ သတင်းထောက်တွေအားလုံး အချိန်ပြည့် သတင်းယူခွင့်ရခဲ့ပါတယ်။  အခုက သမ္မတရဲ့ အမှာစကားလည်းပြီးရော သတင်းထောက်အားလုံးကို ခန်းမအပြင်ကို ဇွတ်အတင်းထွက် ခိုင်းပါတယ်။ ပွဲမစခင်ကဆို သမ္မတခန်းမထဲ ရောက်နေရာယူပြီးတာနဲ့ သတင်းထောက်တွေ ထွက်ပေးဖို့ဆို ပြောပါတယ်။ သတင်းထောက်တွေက သတင်းရယူခွင့် လုံးဝမပေးတာလား မေးတော့မှ သမ္မတ အမှာစကား ပြောပြီး ထွက်ရမယ်ဖြစ်သွားပြန်ပါတယ်။ ဘယ်ဌာနက ညွှန်ကြားတာလဲ၊ ဘယ်သူက ဝင်ခွင့်မပြုတာလဲဆိုတာကိုလည်း ပြန်ဆက်ရော၊ ထွေအုပ်ရော တာဝန်ခံမဖြေနိုင်ကြပါဘူး”  ဟု မကွေးမြို့မှ ဒေသခံ သတင်းထောက် တစ်ဦးက ပြောကြားသည်။

အဆိုပါပွဲသည် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ သမ္မတတာဝန်ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာများနှင့် ပထမဆုံးတွေ့ဆုံပွဲဖြစ်သည်။

Most Read

Most Recent