စစ်တွေအကျဉ်းထောင်အတွင်း ထောင်သားတစ်ဦး၌ မူးယစ်ဆေးဝါးရှိသည်ဟုသတင်းအရ ထောင်ဝန်ထမ်းနှစ်ဦးက သွားရောက်စစ်ဆေးရာ စစ်ဆေးမခံဘဲ ပြန်လည်ခုခံသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အခြားထောင်သားများလည်း အော်ဟစ်ဆူပူမှုဖြစ်ပွား

စစ်တွေအကျဉ်းထောင်အတွင်း ထောင်သားတစ်ဦး၌ မူးယစ်ဆေးဝါးရှိသည်ဟုသတင်းအရ ထောင်ဝန်ထမ်းနှစ်ဦးက သွားရောက်စစ်ဆေးရာ စစ်ဆေးမခံဘဲ ပြန်လည်ခုခံသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အခြားထောင်သားများလည်း အော်ဟစ်ဆူပူမှုဖြစ်ပွား
Published 6 October 2018

စစ်တွေအကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးချထားကြောင်း စစ်တွေအကျဉ်းထောင်အနီးနေထိုင်သူများက ပြောကြားသည်။

ဆူပူမှုဖြစ်ပွားခဲ့ခြင်းမှာ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းကဖြစ်ပြီး အကျဉ်းထောင်အတွင်း ထောင်သားတစ်ဦးတွင် မူးယစ်ဆေးဝါး ရှိသည်ဟုသတင်းအရ ထောင်ဝန်ထမ်းနှစ်ဦးက သွားရောက်စစ်ဆေးရာ စစ်ဆေးမခံဘဲ ပြန်လည်ခုခံသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ထောင်ထဲကအော်သံတွေတော့ကြားတယ်။ ကြွေးကြော်သံလိုမျိုးပေါ့။ ဘာဖြစ်တယ်ဆိုတာတော့ မသိဘူး။ သေနတ်သံလိုလည်း တစ်ချက်ကြားလိုက်တယ်"ဟုအကျဉ်းထောင်အနီးတွင် နေထိုင်သူတစ်ဦးကပြောကြားသည်။

အဆိုပါသတင်းများထွက်ပေါ်လာပြီးနောက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား ဝင်ရောက်သွားသည်ကို တွေ့ရပြီး စစ်တွေအကျဉ်းထောင် ဝင်ပေါက်နှင့် ပေ ၃၀၀ ခန့်အကွာရှိ လမ်းကိုလည်း ပိတ်ထားကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သောအဖွဲ့မှ သွားရောက်စစ်ဆေးကာ ဖြေရှင်းလျက်ရှိကြောင်းလည်း သိရသည်။
အကျဉ်းထောင်ရှေ့တွင် ထောင်ဝင်စာလာတွေ့သူ အနည်းငယ်ရှိသည်ကိုလည်း တွေ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ အတည်ပြုချက်ရယူရန်ကြိုးစားလျက်ရှိပြီး သိရှိရသည့် အချက်အလက်များကို ထပ်မံဖော်ပြပေးသွားမည် ဖြစ်ပါသည်။

 

Most Read

Most Recent