မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်ပြီ ဖြစ်ကြောင်း ဒေသခံများ တောင်းဆို

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်ပြီ ဖြစ်ကြောင်း ဒေသခံများ တောင်းဆို
Published 2 October 2018

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့်အခမ်းအနားတွင် ဒေသခံများက မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသားဆုံးဖြတ်ပေးရန် တောင်းဆိုနေကြစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့် အခမ်းအနားတွင် လူထုအစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချသင့်ပြီ ဖြစ်ကြောင်း ဒေသခံများက အောက်တိုဘာ ၁ ရက်တွင် တောင်းဆိုခဲ့သည်။

ယင်းအခမ်းအနားကို မြစ်ဆုံ အပန်းဖြေစခန်း၊ တန်ဖဲကျေးရွာအဟောင်းရှိ ကချင်ရိုးရာ ယဉ်ကျေးမှုရုံးဝင်းအတွင်း “အချိန်တန်ပြီ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ စာရေးဆရာများ၊ ပညာရှင်များနှင့် ဒေသခံ နှစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့သည်။

ဒေသခံ ဓမ္မဆရာတစ်ဦးဖြစ်သူ ဆရာ ဦးတူးလွန်က “ ကျွန်တော်တို့ အခုဆိုရင် မြစ်ဆုံစီကိန်းကြီး ရပ်ဆိုင်းလိုက်တာ ခုနစ်နှစ ပြည့်ပါပြီ။ အရင်အစိုးရ လက်ထက်ကတောင် အကောင်အထည်ဖော်နေဆဲ စီမံကိန်းကြီးကို ပြည်သူ့စကား နားထောင်ပြီး ရပ်ဆိုင်းရဲသေးတာပဲ။ အခုအစိုးရက ပြည်သူတွေရဲ့ ဆန္ဒနဲ့ တင်ပေးလိုက်တဲ့ အစိုးရဖြစ်တဲ့အတွက် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး လုံးဝရပ်ဆိုင်းပေးဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်တန်ပါပြီ။ ပြည်သူရဲ့ သဘောထားကတော့ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက သိပြီးသား ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ သူလည်းပြောသွားတယ်။ ပြည်သူကို ချပြမယ်ဆိုတာ အခုအထိလည်း ချပြတာ မတွေ့ရသေးဘူး။ ဒီအချိန်မှာတော့ ပြတ်သားဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်”ဟု ပြောကြားသည်။

ထို့နောက် ဒေသခံများက စီမံကိန်းကြောင့် စိုက်ပျိုးမြေများ ဆုံးရှုံးရခြင်း၊ စားကျက်မြေများ ပျောက်ဆုံးခြင်း၊ လူမှုစီးပွားများ အဆင်မပြေ ကြုံတွေ့ရခြင်းကို ဟောပြောခဲ့ပြီး မူလကျေးရွာဟောင်းများတွင် ပြန်လည်နေထိုင်လိုပြီး မူလပိုင်ဆိုင်မှုများ ပြန်ရလိုကြောင်း တောင်းဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဧရာဝတီ မြစ်ဆုံရေကာတာ စုံစမ်းစစ်ဆေးရေးကော်မတီကို ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်က ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ဥပဒေပညာရှင် ဒေါ်မေရီမေနမ် ပါဝင်ကြောင်း သိရသည်။

ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ၁၂ ဦးသည် မြစ်ကြီးနားမြို့သို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ လေးရက်ကြာ ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၁ ရက်က ပြုလုပ်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မြစ်ချောင်းများနှင့် ပတ်သက်သည့် အချက်များ၊ ဧရာဝတီနှင့် ပတ်သက်သည့် အချက်များကို စာရေးဆရာများ က ဟောပြောခဲ့ကြသည်။

အခမ်းအနားကို ဒေသခံများက မြစ်ဆုံစီမံကိန်း ရာသက်ပန်ရပ်ဆိုင်းရေး ဒို့အရေး၊ ဒေသခံများ မူလနေရပ်သို့ ပြန်လည် နေထိုင်ခွင့် ရရှိရေး ဒို့အရေး၊ ဧရာဝတီမြစ် ထာဝစဉ် စီးဆင်းရေး ဒို့အရေး၊ မြစ်ဆုံကို ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး စသည့် ကြွေးကြော်သံဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး He Hong Liang နှင့်ကောင်စစ်ဝန်ချုပ် Mr Wang Yu တို့ပါဝင်သည့် ၁၁ ဦးအဖွဲ့သည် ၂၀၁၆ ခုနှစ် ဇွန် ၃ ရက် ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည် ပြုလုပ်လိုကြောင်း၊ ပြည်ထောင်စုအစိုးရက လူထု၏ ဖြေရှင်းချက်ကို အကြံဉာဏ်ယူပြီး ညှိနှိုင်း တိုင်ပင်စေလိုကြောင်း၊ မြန်မာ ပြည်သူလူထုနှင့် ဆက်သွယ်မှုများ လုပ်ရဦးမည် ဖြစ်ကြောင်း ပြောကြားသည်။

သံအမတ်ကြီး ခရီးစဉ်တွင် တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးဌာနညွန်ကြားရေးမှူးချုပ် Mr.Lieu Zan က ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြောကြားရာတွင် အချက် သုံးချက်ရှိခဲ့သည်။

အဆိုပါ အချက်များမှာ (၁) ဆည်စီမံကိန်းကို ပြန်ဖျက်နိုင်ကြောင်း၊ ယင်းသို့ ဖျက်သိမ်းပါက အမေရိကန်ဒေါ်လာ သန်း ၈၀၀ လျော်ကြေး ပေးရမည် ဖြစ်ကြောင်း၊ (၂) ဆည်စီမံကိန်း ပြန်စပြီး ဆည်ကို ပြီးစီးသည်အထိ ဆောင်ရွက်ခွင့်ပြုမည် ဆိုပါက စီမံကိန်းမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နှစ်စဉ် အခွန်ငွေ ရမည်ဖြစ်ကြောင်း၊ (၃) အထက်ပါ အချက်နှစ်ချက်ကို မရွေးချယ်ဘဲ စီမံကိန်းကို မဖျက်သိမ်းဘဲ၊ ဆက်မလုပ်ဘဲ ဆည်စီမံကိန်းကို ရပ်ဆိုင်းသရွေ့ တရုတ်ကုမ္ပဏီများ တင်ရှိနေသည့် အလုံးအရင်း ချေးငွေများ၏အတိုး အမေရိကန်ဒေါ်လာ သန်း ၅၀ ကို တရုတ်ကုမ္ပဏီများ ကိုယ်စား မြန်မာနိုင်ငံမှ နှစ်စဉ်ပေးဆပ်ရန် နည်းလမ်းသုံးသွယ် ချပြခဲ့ကြောင်း သတင်းမီဒီယာများက ယင်းခရီစဉ်ပြီးနောက် ရေးသား ဖော်ပြခဲ့သည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦး ရှိပြီး လက်ရှိတွင် မြစ်ဆုံ (မလိဇွပ်)၊ တန်ဖဲ့၊ ရွေပါး၊ ကဒန်ပါ၊ဒွန်ဘန်၊ လဖျဲ့ စသည့် ကျေးရွာများမှာ အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် က မြစ်ဆုံဆည် ရေကာတာစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ခုနစ်နှစ်ပြည့်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိအစိုးရ အနေဖြင့်လည်း တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် စာချုပ်အား လက်ရှိအချိန်အထိ ချပြနိုင်ခြင်း မရှိသေးဘဲ ယင်းကိစ္စနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြသပေးရန် ပြည်သူများကလည်း တောင်းဆိုလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent