၁၉၉၃ ခုနှစ် သဘောတူညီချက်အရ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသော ပြုပြင်ရန် အဆိုပြုချက်များမှ ပြန်လည်ပြုပြင် ပြောင်းလဲသင့်သည့် ကိစ္စရပ်များကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

၁၉၉၃ ခုနှစ် သဘောတူညီချက်အရ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသော ပြုပြင်ရန် အဆိုပြုချက်များမှ ပြန်လည်ပြုပြင် ပြောင်းလဲသင့်သည့် ကိစ္စရပ်များကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 28 October 2017

၁၉၉၃ ခုနှစ် သဘောတူညီချက်အရ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသော ပြုပြင်ရန် အဆိုပြုချက်များမှ ပြန်လည်ပြုပြင် ပြောင်းလဲသင့်သည့် ကိစ္စရပ်များကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အောက်တိုဘာ ၂၆ ရက်က ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူများကို ၁၉၉၃ ခုနှစ် သဘောတူညီချက်အတိုင်း လက်ခံသွားမည်ဟု မြန်မာအစိုးရမှ ကြေညာထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဆိုပါ သဘောတူညီချက်များသည် ခေတ်ကာလနှင့် လျော်ညီခြင်း မရှိတော့သည့်အတွက် ပြင်ဆင်ရန် လိုအပ်သည်ဟု ပြောဆိုထားသည့်အပေါ် မြန်မာနိုင်ငံဘက်မှ မည်သို့ဆောင်ရွက်လျက် ရှိပါသနည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မှန်ပါတယ်။ အဲဒီသတင်း မှန်ပါတယ်။ သူတို့ဆီက ပို့လာတဲ့ MoU အဆိုပြုချက် ရှိတာပေါ့။ ဒါကြောင့်မို့ အဲဒါကို ဝန်ကြီးဌာနအလိုက် ပြန်ပြီးတော့မှ လေ့လာပြီးတော့မှ ပြန်လည်ပြုပြင်ပြောင်းလဲသင့်တဲ့ ကိစ္စလေးတွေ၊ ညှိနှိုင်းသင့်တဲ့ ကိစ္စလေးတွေကို ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးသိန်းဆွေက ပြောကြားသည်။

ထို့အတူ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့ သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း၊ ယူနီယံအင်တာ ပရိုက်စ်၏ အောက်တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်များ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့ခွဲများ ဖွဲ့စည်းထားပြီး ထွက်ပြေးသွားသော ဘင်္ဂါလီများ ပြန်လည်လက်ခံရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ပြန်လည်လက်ခံရေးလေ MoU ထိုးရမယ်။ ၉၃ ခုနှစ်တုန်းကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ လက်မှတ်ထိုးတယ်။ အဲဒီ အဆိုပြုချက် သဘောတူညီချက် မူကြမ်းကို ပြုစုနေပြီ။ နှစ်နိုင်ငံ ညှိနှိုင်းပြီးရင် ကျွန်တော်တို့ လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးပြီးရင် အဲဒီ လက်မှတ်ထိုးတဲ့ အထဲမှာပါတဲ့ သဘောတူညီချက် အတိုင်းပဲ အောက်ခြေမှာ ဆက်ပြီးတော့ လုပ်ငန်းကော်မတီ ဖွဲ့စည်းတာ၊ ရက်သတ်မှတ်တာ၊ နောက်ပြီးတော့ ဆောင်ရွက်မယ့် အစီအစဉ်အတိုင်း ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ အမြန်ဆုံး MoU ထိုးနိုင်ဖို့ ကျွန်တော်တို့ဘက်ကတော့ ကြိုးစားဆောင်ရွက်နေတယ်။ ပြီးရင်လည်းပဲ အမြန်ဆုံးလက်ခံသွားဖို့၊ စနစ်တကျ လက်ခံသွားဖို့ ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ဦးသိန်းဆွေက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အလိုက်လည်း ရင့်မှည့်နေပြီဖြစ်သော စပါးခင်းများ ရိတ်သိမ်းနိုင်ရေး၊ ပိုင်ရှင်မဲ့ တိရစ္ဆာန်များ စနစ်တကျ ထိန်းသိမ်းနိုင်ရေး၊ နေအိမ်ဆောက်လုပ်ရေး လုပ်ငန်းများ၊ လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေသည့်အပြင် ရခိုင်ပြည်နယ် အစိုးရ အနေဖြင့်လည်း သတ်မှတ်ထားသော လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။