ရခိုင်ပြည်နယ်ရှိ လက်ရှိ ပကတိအခြေအနေများကို မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများ စက်တင်ဘာ ၂၈ ရက်တွင် သွားရောက်လေ့လာနိုင်ရန် ဖိတ်ကြား

ရခိုင်ပြည်နယ်ရှိ လက်ရှိ ပကတိအခြေအနေများကို မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများ စက်တင်ဘာ ၂၈ ရက်တွင် သွားရောက်လေ့လာနိုင်ရန် ဖိတ်ကြား
Published 27 September 2017

ရွှေဘိုခရိုင် ရွှေဘိုမြို့ အမှတ် (၅) ရပ်ကွက် ရန်ကြီးအောင်ကွက်သစ် မြင်းပြိုင်ကွင်းတွင် စက်တင်ဘာ၂၆ ရက်ကပြုလုပ်သော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို တွေ့ရစဉ်

ရခိုင်ပြည်နယ်ရှိ လက်ရှိ ပကတိအခြေအနေများကို သွားရောက်လေ့လာနိုင်ရန် မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများကို ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက The Daily Eleven သတင်းစာကို စက်တင်ဘာ ၂၆ ရက်က ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများကို စက်တင်ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာရန် စီစဉ်ဖိတ်ကြားထားကြောင်း သိရသည်။

“နိုင်ငံတကာအဖွဲ့အစည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံအခြေစိုက်တဲ့ သံတမန်တွေ၊ နောက်တစ်ခါ ဒီမှာရှိတဲ့ UN အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေပါ။ စက်တင်ဘာ ၂၈ ရက်လို့တော့ ဖိတ်စာပို့ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်လည်း အသေးစိတ် အတိအကျ မပြောနိုင်သေးဘူး။ သူတို့ဖြေကြားမှုလည်း မူတည်တယ်။ နောက်တစ်ခါ ဘာနဲ့သွားမလဲ စသည်ဖြင့် အဲဒါလေးတွေပေါ့လေ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

ထို့ပြင် အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မြန်မာနိုင်ငံတွင်ရှိသည့် သံတမန်အသိုင်းအဝိုင်းကို ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ လက်ရှိပကတိအခြေအနေများကို ကိုယ်တိုင်လေ့လာနိုင်အောင် စီစဉ်ပေးခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒီဟာကတော့ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် ရခိုင်ကို သံတမန်တွေသွားတဲ့ ခရီးစဉ်ကတော့ အရင်ကလည်း ရှိပြီးသားခရီးစဉ်တွေ ဖြစ်ပါတယ်။ တကယ်ပြန်ကြည့်မယ်ဆိုရင် အရင်တုန်းက ယခင်အစိုးရလက်ထက် ဒေါက်တာစိုင်းမောက်ခမ်းပေါ့။ ဒုတိယသမ္မတအနေနဲ့ သံတမန်အသိုင်းအဝိုင်းတွေကို နှစ်ကြိမ်လောက် ဦးဆောင်သွားဖူးပါတယ်။ သူတို့အနေနဲ့တွေ့တယ်။ ဆုံတယ်။ စသဖြင့် ပြောတာဆိုတာတွေရှိတယ်ပေါ့။ လက်ရှိအချိန်မှာလည်း ပြီးခဲ့တဲ့ ၁၉ ရက်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ပြောထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာရှိတဲ့ သံတမန်အသိုင်းအဝိုင်းတွေကို လက်ရှိပကတိအခြေအနေတွေကို သူတို့ကိုယ်တိုင် လေ့လာနိုင်အောင် စီစဉ်ပေးတာပါ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် မောင်တောဒေသတွင် အာစာဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များ၏ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်သို့ လာရောက်လေ့လာမည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများ သိရှိနိုင်ရန် ခရီးစဉ်အတွင်း ထည့်သွင်းရှင်းလင်းပြောကြားမည့် အစီအစဉ်ပါဝင်မှု ရှိ မရှိနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရနှင့် ခရီးစဉ်ရေးဆွဲပြီးမှသာ သိရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၂၆ ရက်က ပြောကြားသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ၏ ပြောဆိုသုံးနှုန်းသည့် စကားရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းက ဂျီနီဗာမြို့၌ စက်တင်ဘာ ၁၁ ရက်ကကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ (၃၆) ကြိမ်မြောက်အစည်းအဝေးတွင် ပြန်လည်ချေပတုံ့ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အဆိုပါစကားရပ်များသုံးနှုန်းမှုကို လုံးဝလက်မခံကြောင်း၊ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ထို့ကဲ့သို့သော စကားလုံးများကို မဆင်မခြင် အထောက်အထားမဲ့ အသုံးပြုမှုမျိုးသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ မီးလောင်ရာ လေပင့်ဖြစ်စေကြောင်း၊ ဒုက္ခအခက်အခဲများနှင့် တကယ်တမ်း ရင်ဆိုင်နေရသည့် လူ့အသိုက်အဝန်းများအကြား ပိုမိုစိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းမှလည်း မြန်မာနိုင်ငံအပေါ် နားလည်မှုလွဲမှားစေကြောင်း မြန်မာသံအမတ်ကြီး ဦးထင်လင်းက ထည့်သွင်းပြောကြားသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စစ်ဆေးမှုကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး စိစစ်မှုလုပ်ငန်းစဉ် စတင်နိုင်ရန် ပြင်ဆင်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်က ပြောကြားထားသည်။

“အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံဆိုတာ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်မမိတ်ဆွေတွေကို ကျွန်မတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ပြန်လည်မျှဝေချင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့ ပတ်သက်လို့ ပြောပြချင်တာဖြစ်ပါတယ်။ ရခိုင်အရေးကိစ္စကို အသေအချာ စောင့်ကြည့်နေပါတယ်။ အရေးတယူလုပ်ပါတယ်။ မနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျွန်မပြောခဲ့သလိုပဲ နိုင်ငံတကာကနေ စိစစ်မှုတွေရှိလာရင်လည်း မြန်မာနိုင်ငံအနေနဲ့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုင်းအဝိုင်းအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်တည်ငြိမ်ငြိမ် ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် အကြီးဆုံးစိန်ခေါ်မှုမှာ ရခိုင်ကိစ္စဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

Most Read

Most Recent