A Star Is Born ဇာတ်ကားတွင် လေဒီဂါဂါ၏ သရုပ်ဆောင်မှုကို ဝေဖန်ရေးသမားများက ချီးကျူး

A Star Is Born ဇာတ်ကားတွင် လေဒီဂါဂါ၏ သရုပ်ဆောင်မှုကို ဝေဖန်ရေးသမားများက ချီးကျူး
Published 2 September 2018

ဂီတဇာတ်မြူးဇာတ်ကား A Star Is Born   ကို သြဂုတ် ၃၁ ရက်တွင် ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက်ပြသခဲ့ပြီးနောက် ဝေဖန်ရေးသမားများက ယင်းဇာတ်ကားတွင် လေဒီဂါဂါ၏ သရုပ်ဆောင်မှုကို ချီးကျူးခဲ့ကြသည်။ အသက် ၃၂ နှစ် အရွယ်ရှိ ဂါဂါသည် အဆိုတော်တစ်ဦးသာမက သရုပ်ဆောင်အဖြစ်လည်း အရည်အချင်းရှိသူဟု ဝေဖန်ရေးသမားများက ပြောကြားခဲ့သည်။

သာမန်ထက် ထူးခြားသည့်ဝတ်စုံများ၊  ဆံပင်ပုံစံနှင့် မိတ်ကပ်လိမ်းခြယ်ပုံများဖြင့် အကျွမ်းဝင်ခဲ့သည့် ဂါဂါ၏ပရိသတ်များအတွက် ယင်းဇာတ်ကားတွင် ဂါဂါကို အယ်လီဇာတ်ကောင်အဖြစ် အသိအမှတ်ပြုလက်ခံမည်ဟု ဝေဖန်ရေးသမားများက ဆိုသည်။

“ဂါဂါက သူ့ရဲ့ ပေါ့ပ်ဟန်ပန်တွေကို လုံး၀ ဖယ်ထားခဲ့နိုင်တယ်။ သူ့ရဲ့သရုပ်ဆောင်မှုက အရမ်းကိုတော်လွန်းတယ်” ဟု  Guardian သတင်းစာမှ ရုပ်ရှင်ဝေဖန်ရေးများရေးသားသည့် ပီတာဘရက်ရှောက ပြောကြားခဲ့သည်။

၁၉၃၇ ခုနှစ်က ဖြန့်ချိခဲ့သည့် A Star Is Born ကို ဘရက်ဒလေကူးပါက ပြန်လည်ဆန်းသစ်ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ကူးပါးက အရက်အလွန်အကျွံသောက်သည့် ကန်းထရီးဂီတပညာရှင် ဂျက်ဆင်မိန်းအဖြစ် သရုပ်ဆောင်ထားပြီး လေဒီဂါဂါက အဆိုတော်တစ်ဦးဖြစ်ရန် ကြိုးစားရုန်းကန်နေသည့် အယ်လီအဖြစ် ပါဝင်ထားသည်။

“ကူးပါက ကျွန်မကို မိတ်ကပ်မလိမ်းစေချင်ဘူး။ မျက်နှာမှာ ဘာမှမလိမ်းဘဲ သရုပ်ဆောင် စေချင်တယ်လို့ ပြောခဲ့တယ်”  ဟု ဂါဂါက ဗင်းနစ် ရုပ်ရှင်ပွဲတော်၌ ပြောကြားခဲ့သည်။ ယင်းဇာတ်ကား၏ဒါရိုက်တာဖြစ်သည့် ဘလက်ဒလေကူးပါး ကိုလည်း ဝေဖန်ရေးသမားများက ချီးကျူးခဲ့သည်။ Guardian သတင်းစာက ယင်းဇာတ်ကားကို ကြယ်ငါးပွင့် ပေးခဲ့သည်။

“ကူးပါးက ထင်ထားတာထက်ကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ A Star Is Born ဇာတ်ကားသစ်က စိတ်ခံစားမှုတွေကိုဖြစ်စေခဲ့တယ်” ဟု Variety မဂ္ဂဇင်းက ရေးသားခဲ့သည်။

မူလက ယင်းဇာတ်ကားကို ဒါရိုက်တာ ကလင့်အိစ်ဝုဒ်ဖြင့်ရိုက်ကူးရန် စီစဉ်ခဲ့သော်လည်း ဇာတ်ကားရိုက်ကူးမှု နှောင့်နှေးခဲ့ပြီးနောက် ယင်းဇာတ်ကားကို ဘရက်ဒလေကူးပါးက ဒါရိုက်တာအဖြစ်ရိုက်ကူးမည်ဟု ဝါနာဘရားသားစ် က၂၀၁၅ ခုနှစ် မတ်တွင် ထုတ်ပြန်ခဲ့သည်။

ကူးပါး ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူး ထားသည့် ယင်း ဇာတ်ကားကို အောက်တိုဘာ ၅ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။

Most Read

Most Recent