ပုသိမ်ကြီးမြို့နယ်တွင် ခြံဝင်းအတွင်းမှ ကျပ်သိန်း ၇၅၀ ကျော် တန်ဖိုးရှိ ခေါင်းခါဆေး (ECSTASY) ဆေးပြားနှင့် ကတ်တမင်းများ ဖမ်းဆီးရမိ

ပုသိမ်ကြီးမြို့နယ်တွင် ခြံဝင်းအတွင်းမှ ကျပ်သိန်း ၇၅၀ ကျော် တန်ဖိုးရှိ ခေါင်းခါဆေး (ECSTASY) ဆေးပြားနှင့် ကတ်တမင်းများ ဖမ်းဆီးရမိ
Published 13 September 2018

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ခြံဝင်းအတွင်းမှ ကျပ်သိန်း ၇၅၀ ကျော်တန်ဖိုးရှိ ခေါင်းခါဆေး (ECSTASY) ဆေးပြားနှင့် ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“အခု တရားခံက ခြံပိုင်ရှင်နဲ့ ခြံစောင့်နှစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ ECSTASY ဆိုတာ စိတ်ကြွဆေးပါပဲ။ WY ဆေးပြားတွေထက် ဈေးကြီးတယ်” ဟု နယ်မြေရဲစခန်း အုန်းချောမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိနှင့်ပတ်သက်ပြီး မူးယစ်တပ်ဖွဲ့ စု-၁၇မှ တာဝန်ရှိသူများသည် စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက မူးယစ်သတင်းအရ ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာရှိ ထင်ကျော် (ခ) လျှိုဟန်ချောင် ၃၉ နှစ်၏ ခြံဝန်းအတွင်းရှာဖွေရာ ခြံဝင်းအတွင်း ခြံစောင့်ဖြစ်သူ ခိုင်ဇော်ဝင်း (ခ) ဝင်းနိုင် ၂၇ နှစ်၏ တဲအား ရှာဖွေစစ်ဆေးရာ တီဗီစင်ခြေရင်းဘေးတွင် ဂွမ်းစောင်ဖြင့် ထုပ်ထားသော တရုတ်စာတန်းပါ အနီရောင် သံဘူးအတွင်းနှင့် အနက်ရောင်သစ်သားဘူး အတွင်းမှ ခေါင်းခါဆေး ECSTASY (MDMA) ဆေးပြား ၈၃၆ ပြား၊ ကတ်တမင်းဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၁၆၅ ဂရမ်နှင့် ဆေးခြောက်များ ထည့်ထားသည့် ဆေးခြောက်လိပ် ၁၂ လိပ် အလေးချိန် ၉ ဒသမ ၆ ဂရမ်ခန့်နှင့် CE စာတန်းပါ Digital ချိန်ခွင်တစ်ခု၊ မူးယစ်ဆေးဝါးရောင်းရငွေ ၁၀ သိန်း ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

ခြံပိုင်ရှင်ဖြစ်သူ ထင်ကျော်(ခ)လျှိုဟန်ချောင်သည် SHN 9C/ ---- Mitisubishi PAJERO ယာဉ်ဖြင့် ခြံဝင်းအတွင်း ဝင်ရောက်လာသဖြင့် ၎င်းအား ဖမ်းဆီးပြီး နေထိုင်သည့်အိမ်အား ထပ်မံစစ်ဆေးရှာဖွေရာ အိမ်၏ သီးသန့်ခန်း (DJ ဖွင့်သည့်အခန်း) အတွင်းမှ DJ ခုံဝဲဘက်အတွင်းရှိ တိုင်နံရံတွင် အံဝှက်ပြုလုပ်ပြီး သိုဝှက်ထားသော တရုတ်စာတန်းပါ ဖြူ၊ ဝါ ရောင်လက်ဆွဲစက္ကူအိတ် အတွင်းမှ ခေါင်းခါဆေး ECSTASY (MDMA) ဆေးပြား ၂၇ ပြား၊ ကတ်တမင်း အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၁၂၅ ဂရမ်ခန့်ပါ တစ်ထုပ်၊ ကတ်တမင်းဟိုက်ဒရို ကလိုရိုဒ်အရည် ၅၀ မီလီဂရမ်ခန့်ပါ အလုံး ၂၀၊ စုစုပေါင်း ၁၀၀၀ မီလီဂရမ်ခန့်တို့ကို ဆက်လက် သိမ်းဆည်းရမိပြီးနောက် ထင်ကျော်အား တာဝန်ရှိသူများက ဆက်လက် စစ်ဆေးချက်အရ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ၆၇ လမ်း၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်လည်း ကိုယ်တိုင်သုံးစွဲရန်အတွက် ထားရှိသည့် ကတ်တမင်း အနည်းငယ် ကျန်ရှိသေးကြောင်း ထွက်ဆိုသောကြောင့် ၎င်းအိပ်သည့် အိပ်ခန်းအတွင်း နံကပ်ဗီရိုအပေါ်ဆင့်တွင် ပရိုဂျက်တာလိပ်ဖြင့် ကာရံထားသည့် မူးယစ်ဆေးဝါးရောင်းရငွေ သုံးသိန်းကျပ်ပေါ်တွင် တင်ထားသည့် ကတ်တမင်း အဖြူရောင်အမှုန့် ၀ ဒသမ ၅ ဂရမ်ခန့်ပါ တစ်ထုပ်အားသိမ်းဆည်းရမိခဲ့သည်။

စုစုပေါင်း ကတ်တမင်း ၂၉၀ ဒသမ ၅ ဂရမ် တန်ဖိုးကျပ် ၂၃၂ ဒသမ ၄ သိန်း၊ ကတ်တမင်းအရည် ၁၀၀၀ မီလီဂရမ် တန်ဖိုး ကျပ် ၁၀၀၀၀၀ နှင့် ECSTASY (MDMA) ဆေးပြား ၈၆၃ ပြား၊ တန်ဖိုးကျပ် ၅၁၇ ဒသမ ၈ သိန်းတို့ ဖြစ်ကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိရသည်။

နယ်မြေရဲစခန်း (အုန်းချော) မှ ထင်ကျော် (ခ) လျှိုဟန်ချောင်နှင့် ခိုင်ဇော်ဝင်း (ခ) ဝင်းနိုင်တို့အား အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent