အမျိုးသမီးနှစ်ဦးအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ကျပ်သိန်း ၂၀ စီပေးမည်ဟု စည်းရုံးခေါ်ဆောင်သူ အမျိုးသမီးနှစ်ဦး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ

အမျိုးသမီးနှစ်ဦးအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ကျပ်သိန်း ၂၀ စီပေးမည်ဟု စည်းရုံးခေါ်ဆောင်သူ အမျိုးသမီးနှစ်ဦး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ
Published 23 September 2017

မြန်မာအမျိုးသမီးနှစ်ဦးအား တရုတ်အမျိုးသားကိုယူရန်၊ ကျပ်သိန်း ၂၀ စီပေးမည်ဟု စည်းရုံးခေါ်ဆောင်သူ အမျိုးသမီးနှစ်ဦး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

(လကတစုမှူး-၁၁)၊ နယ်မြေရဲစခန်း (အုန်းချော)၊ အောင်မြေသာစံ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီက ပုသိမ်ကြီးမြို့နယ် (၁၆) မိုင်စစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းနေစဉ် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ လိုက်ပါလာသူ အသက် ၁၉ နှစ်နှင့် အသက် ၃၃ နှစ်အရွယ် အမျိုးသမီး(ကျပန်းလုပ်သူများ) မဟာအောင်မြေမြို့နယ်နေသူတို့နှင့်အတူ လိုက်ပါလာသူ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး (မှီခို) နှင့် ၃၁ နှစ်အရွယ်အမျိုးသမီး (ဈေးရောင်းသူ) ချမ်းမြသာစည်မြို့နယ်နေသူတို့အား မသင်္ကာသောကြောင့် နယ်မြေရဲစခန်း (အုန်းချော)တွင် ခေါ်ဆောင် စစ်ဆေးခဲ့သည်။

အသက် ၁၉ နှစ်အရွယ်နှင့် ၃၃ နှစ်အရွယ် အမျိုးသမီးတို့အား တာဝန်ရှိသူများက စစ်မေးရာ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်အတွင်း အသက် ၃၁ နှစ်အရွယ် အမျိုးသမီးနှင့်တွေ့ဆုံပြီး ၎င်းက တရုတ်နိုင်ငံသို့လိုက်ခဲ့ရန်၊ တရုတ်အမျိုးသားအားယူရန်၊ ရွှေလီသို့ရောက်ရှိပါက တစ်ဦးလျှင် မြန်မာငွေ ကျပ်သိန်း ၂၀ စီ ရရှိမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း၊ ၎င်းတို့မှ သဘောတူကာ စရန်ငွေအဖြစ် ကျပ် ၅၀၀၀၀ စီထုတ်ယူပြီး ရပ်ကွက်ရုံးတွင် ထောက်ခံစာများ ယူဆောင်ခဲ့ကြောင်း၊ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အသက် ၅၇ နှစ်နှင့် ၃၁ နှစ် အရွယ် အမျိုးသမီးနှင့်အတူ လက်ဖက်ရည်ဆိုင်၌ တွေ့ဆုံပြီး ည ၇ နာရီတွင် ယာဉ်နှင့်လိုက်ပါလာစဉ် ရဲတပ်ဖွဲ့ဝင်များဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်မြေရဲစခန်း (အုန်းချော) မှ စည်းရုံး ခေါ်ဆောင်လာသူ အမျိုးသမီးနှစ်ဦးအား (ပ)၁၈၅/၂၀၁၇ လူကုန်တားဥပဒေ ၂၄/၃၂ အရ အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent