နှစ်နှစ်အတွင်း ကုန်သွယ်မှုနှင့် ဆန်တင်ပို့မှု စံချိန်တင်ခဲ့သော်လည်း ပို့ကုန်တင်ပို့ရန်အတွက် အရည်အသွေး၊ အချိန်မီတင်ပို့နိုင်မှု၊ သယ်ယူပို့ဆောင် သိုလှောင်စရိတ်ကြီးမြင့်မှု အားနည်းချက်များရှိဟု သိရ

နှစ်နှစ်အတွင်း ကုန်သွယ်မှုနှင့် ဆန်တင်ပို့မှု စံချိန်တင်ခဲ့သော်လည်း ပို့ကုန်တင်ပို့ရန်အတွက် အရည်အသွေး၊ အချိန်မီတင်ပို့နိုင်မှု၊ သယ်ယူပို့ဆောင် သိုလှောင်စရိတ်ကြီးမြင့်မှု အားနည်းချက်များရှိဟု သိရ
Published 27 May 2018

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အစိုးရသစ် နှစ်နှစ်အတွင်း ကုန်သွယ်မှုပမာဏနှင့် ဆန်တင်ပို့မှု စံချိန်တင်နိုင်ခဲ့သော်လည်း ပို့ကုန်တင်ပို့ရန်အတွက် အရည်အသွေး၊ အချိန်မီ တင်ပို့နိုင်မှု၊ သယ်ယူပို့ဆောင် စရိတ်ကြီးမြင့်မှု အားနည်းချက်များရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အစိုးရသစ် နှစ်နှစ်အတွင်း အောင်မြင်မှုများ ရှိသကဲ့သို့ အားနည်းချက်များလည်း ရှိခဲ့ကြောင်း၊ အောင်မြင်မှု အနေဖြင့် ကုန်သွယ်မှု ပမာဏ စံချိန်တင် တိုးတက်လာခြင်း၊ ဆန်တင်ပို့မှု ယခင်အမြင့်ဆုံး စံချိန်နီးပါး တင်ပို့နိုင်ခြင်းဖြစ်ပြီး ပို့ကုန်တင်ပို့ရန်အတွက် အရည်အသွေး၊ အချိန်မီ တင်ပို့နိုင်မှု၊ သယ်ယူပို့ဆောင် သိုလှောင်စရိတ် ကြီးမြင့်မှု စသည့်အားနည်းချက်များလည်း ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ ကုန်သွယ်ရေးကဏ္ဍ၏ လုပ်ငန်းစဉ်များ ချိတ်ဆက်ပြီး လုပ်ငန်းစဉ် ၂၆ ရပ်ကို ကဏ္ဍကြီးခြောက်ရပ် ခွဲခြားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စီးပွားရေးမူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကဏ္ဍကြီး ခြောက်ရပ်ဖြစ်သော ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူရေး၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးရေး၊ ကုန်သွယ်မှု ပညာပေးရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအား ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ပိုမိုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အစိုးရသစ် လက်ထက်၌ ချမှတ်ခဲ့သည့် စီးပွားရေးမူဝါဒ ၁၂ ချက်နှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် မျှော်မှန်းချက် ချမှတ်ဆောင်ရွက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်ရေး အခြေခံမူများဖြစ်သည့် ကုန်သွယ်မှု လုပ်ငန်းများ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုရေး၊ ကုန်သွယ်မှု လုပ်ငန်းများသည် ပြည်သူများအပေါ် ဖိစီးမှု မဖြစ်စေရေး၊ ကုန်သွယ်မှု လုပ်ငန်းများကို အမြတ်အစွန်းရရှိမှု အဓိကမထားဘဲ ရေရှည်တည်တံ့ခိုင်မြဲမှု ဦးတည်ချက်များဖြင့် ရှေးရှုဆောင်ရွက်ရေးတို့ကို အခြေခံထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရည်ရွယ်ချက်များ အနေဖြင့် ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ကုန်သွယ်ရေး မူဝါဒများကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ရေး၊ ပို့ကုန်တိုးချဲ့မြှင့်တင်ရေး ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီသတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရေး၊ ဒေသတွင်း နိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့် ပူးပေါင်း၍ ကုန်သွယ်မှု တိုးချဲ့ရေး၊ ကုန်သွယ်မှု ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေး တို့ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မျှော်မှန်းချက်အနေဖြင့် “ကုန်သွယ်မှု လုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်” ချမှတ်ထားပြီး ကုန်သွယ်မှုပမာဏ တိုးတက်ရေး၊ ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင် ဆောင်ရွက်ရေး၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်တွင် မြန်မာ့ထွက်ကုန်များ ဈေးကွက်ဝေစု ပိုမိုရရှိအောင် ဆောင်ရွက်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ပံ့ပိုးကူညီရန် စသည့် ရည်မှန်းချက် လေးရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

 

Most Read

Most Recent