Money Changer များကို ကွင်းဆင်းစစ်ဆေးနေပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို မလိုက်နာဟုဆိုကာ ကောင်တာလေးခုကို လုပ်ငန်းလိုင်စင်သုံးလရပ်ဆိုင်း

Money Changer များကို ကွင်းဆင်းစစ်ဆေးနေပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို မလိုက်နာဟုဆိုကာ ကောင်တာလေးခုကို လုပ်ငန်းလိုင်စင်သုံးလရပ်ဆိုင်း
နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာဝယ်ရောင်းပြုလုပ်နေစဉ်
နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာဝယ်ရောင်းပြုလုပ်နေစဉ်
Published 12 March 2024

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ လိုက်နာဆောင်ရွက်မည့်အချက်များကို လိုက် နာဆောင်ရွက်ခြင်းမရှိဟုဆိုကာ Money Changer လေးခုအား လုပ်ငန်းလိုင်စင်သုံး လရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့၊ ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိသည်။

ထို့ပြင်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရထုတ်ပြန်သော ညွှန်ကြားချက်များကို နိုင်ငံခြားငွေများလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေရန် အ တွက် နိုင်ငံခြားငွေလဲကောင်တာများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် မတ်  ၆ ရက်နှင့် မတ် ၈ ရက်တို့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ် ရေးလုပ်ငန်းလုပ်ကိုင်သူများအား ကွင်း ဆင်းစစ်ဆေးခဲ့ရာ အောက်ပါနိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လိုင် စင်ရရှိသူလေးဦးသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါလိုက်နာဆောင်ရွက်မည့် အချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းများမှာ (က)Thura Nay Tun(Fame Money Changer)၊(ခ) Lead Star Money Changer ၊(ဂ) Steber Group Money Changer ၊(ဃ)Asia Shwe Thee Money Changer တို့ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ အထက်ပါနိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူ လေးဦးအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင်သုံးလရပ်ဆိုင်းခြင်း ပြစ် ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် ယခုကဲ့သို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent