AIR KBZ လေကြောင်းလိုင်းမှ လေကြောင်းခရီးစဉ်သစ်အနေဖြင့် မြိတ်မြို့နှင့် စစ်တွေမြို့ကို မေ ၁ ရက်မှ စတင်ပျံသန်းပြေးဆွဲမည်

AIR KBZ လေကြောင်းလိုင်းမှ လေကြောင်းခရီးစဉ်သစ်အနေဖြင့် မြိတ်မြို့နှင့် စစ်တွေမြို့ကို မေ ၁ ရက်မှ စတင်ပျံသန်းပြေးဆွဲမည်
AIR KBZ လေကြောင်းလိုင်းမှ ATR လေယာဉ်တစ်စင်းအားတွေ့ရစဉ်
AIR KBZ လေကြောင်းလိုင်းမှ ATR လေယာဉ်တစ်စင်းအားတွေ့ရစဉ်
Published 11 April 2019
ရွှန်းလဲ့ဝင်း

AIR KBZ လေကြောင်းလိုင်းမှ လေကြောင်းခရီးစဉ်သစ်အနေဖြင့် မြိတ်မြို့နှင့် စစ်တွေမြို့ကို မေ ၁ ရက်တွင် စတင်ပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းရရှိသည်။

AIR KBZ လေကြောင်းလိုင်းသည် မြိတ်မြို့နှင့် စစ်တွေမြို့ကို စတင်ပျံသန်းမည့် အထိမ်းအမှတ်အနေဖြင့် လေယာဉ်လက် မှတ်စျေးနှုန်းများကို ၂၅ ရာခိုင်နှုန်း လျှော့စျေးဖြင့် ရောင်းချသွားမည်ဟုလည်း သိရသည်။

“မြိတ်မြို့နှင့် စစ်တွေမြို့ကို မေလ ၁ ရက်နေ့မှာ စတင်ပျံသန်းမှာဖြစ်ပြီး ၂၅ ရာခိုင်နှုန်း လျှော့စျေးနဲ့လည်း ရောင်းချသွားမှာဖြစ်လို့ ကြိုတင်ဘိုကင်ပြုလုပ် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်” ဟု AIR KBZ လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းလေကြောင်းလိုင်းစျေးကွက်၏ ရာခိုင်နှုန်း ၂၀ ရရှိထားသည့် AIR KBZ လေကြောင်းလိုင်းသည် ယခုနှစ်တွင် စျေးကွက်ဝေစု ၁၅ ရာခိုင်နှုန်း ထပ်မံတိုးတက်ရရှိရန် လုပ်ဆောင်မည်ဖြစ်ကြောင်း Chief Operation Officer (COO) ဦးကျော်ဟန်၏ ပြောကြားချက်အရ သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်းမှ ၂၀၁၉ နှစ်ကုန်တွင် လေယာဉ်အစင်းရေ နှစ်ဆအထိ တိုးမြှင့်ပြီး စျေးကွက်ဝေစု ပိုမိုရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ Chief Operation Officer (COO) ဦးကျော်ဟန်၏ ပြောကြားချက်အရ သိရသည်။                      

“၁၉၉၃ခုနှစ်က စတင်ခဲ့တဲ့ MAI လေကြောင်းလိုင်းက သက်တမ်းအားဖြင့်၂၆ နှစ်ကျော်ခဲ့ပါပြီ။ အလားတူ ၂၀၁၁ ဧပြီက စတင်ခဲ့တဲ့ AIR KBZ လေကြောင်းလိုင်းကလည်း  သက်တမ်း ၈ နှစ်ကျော်ခဲ့ပါပြီ။ ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ လေကြောင်းလိုင်းနှစ်ခုအနေနဲ့ မြန်မာပြည်တွင်း လေကြောင်းကဏ္ဍရဲ့ တစ်စိတ်တစ်ဒေသကို အောင်အောင်မြင်မြင်နဲ့ ပံ့ပိုးနိုင်ခဲ့တာ လုပ်ဖော်ကိုင်ဖက်အားလုံးရဲ့ ပံ့ပိုးမှုတွေ အများကြီးပါပါတယ်။ လက်ရှိမှာ MAI အနေနဲ့ အပြည်ပြည်ဆိုင်ရာ စျေးကွက်ရဲ့ ငါးရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၂၀၁၉ ခုနှစ်မှာ လေယာဉ်အစင်းရေ နှစ်ဆအထိ တိုးမြှင့်ပြီး စျေးကွက်ပိုင်ဆိုင်မှု ပိုမိုရရှိစေရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  လောလောဆယ် AIR KBZ အနေနဲ့ ပြည်တွင်းစျေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၂၀၁၉ ခုနှစ်အတွက် ၁၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိစေဖို့ ဆောင်ရွက်သွားမှာပါ” ဟု  Chief Operation Officer (COO) ဦးကျော်ဟန်က ပြောကြားသည်။

AIR KBZ လေကြောင်းလိုင်းသည် လက်ရှိတွင် ATR 72-600 ငါးစီး၊ ATR 72- 500 တစ်စီး စုစုပေါင်း လေယာဉ် ၆ စီးဖြင့် ပြည်တွင်းခရီးစဉ် ၁၃ ခုအား ပြေးဆွဲနေခြင်းဖြစ်သည်။ MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုးနှင့် ကာလကတ္တား ခရီးစဉ်များကို A 319 လေယာဉ်သုံးစီးဖြင့် ပြေးဆွဲနေခြင်း ဖြစ်သည်။                          

 

Most Read

Most Recent