မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် ကွန်ဒိုတိုက်ခန်းများအနက် ကွန်ဒိုမီနီယံဥပဒေအသစ်အရ စံနှုန်းပြည့်မီသော ကွန်ဒိုတိုက်ခန်းပေါင်း ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း အိမ်ခြံမြေအသင်းဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် ကွန်ဒိုတိုက်ခန်းများအနက် ကွန်ဒိုမီနီယံဥပဒေအသစ်အရ စံနှုန်းပြည့်မီသော ကွန်ဒိုတိုက်ခန်းပေါင်း ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း အိမ်ခြံမြေအသင်းဥက္ကဋ္ဌ ပြောကြား
ရန်ကုန်မြို့ရှိ အိမ်ခြံမြေအဆောက်အအုံများကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ အိမ်ခြံမြေအဆောက်အအုံများကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 25 March 2019
ဇေယျာငြိမ်း

မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် ကွန်ဒိုတိုက်ခန်းများအနက် ကွန်ဒိုမီနီယံဥပဒေအသစ်အရ စံနှုန်းပြည့်မီသော ကွန်ဒိုတိုက်ခန်းပေါင်း ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA)  ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။

“ကွန်ဒိုမီနီယံဥပဒေ ထွက်လာတဲ့အချိန်မှာ ဥပဒေနဲ့ကိုက်ညီတာက အင်မတန်ရှားတယ်။ အလွန်ဆုံး ၁၀ ရာခိုင်နှုန်းထက် မပိုဘူး။ ပိုင်ဆိုင်မှုမပေးနိုင်ဘူး။ မြေပိုင်ရှင်က မြေကို မစွန့်လွှတ်နိုင်ဘူး။ ကွန်ဒိုမီနီယံက စုပေါင်းပိုင်အဆောက်အအုံအခန်း ၅၀ ရှိရင် ဒီအခန်း ၅၀ စလုံးက မြေပိုင်မှ စုပေါင်းပိုင်အဆောက်အအုံဖြစ်မယ်။ လွှဲပြောင်းပေးတာ မရှိဘူး” ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။

သို့သော်လည်း ဥပဒေထွက်ရှိသည့် ၂၀၁၆ ခုနှစ်နောက်ပိုင်း တည်ဆောက်သော ကွန်ဒိုတိုက်ခန်းများမှာမူ ကွန်ဒိုမီနီယံဥပဒေနှင့်အညီ တည်ဆောက်လာမှုများရှိကြောင်း သိရသည်။

“ဥပဒေထွက်လာပြီးနောက်ပိုင်းမှာ ဆောက်မှာတွေကတော့ အစောကြီးကတည်းက ရှင်းရှင်းလင်းလင်းမြေပိုင်ဆိုင်မှုပေးရမယ်။ စီမံခန့်ခွဲမှုပေးရမယ်။ စံနှုန်းနဲ့အညီ ဆောက်ပေးရမယ်” ဟု ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။

စုပေါင်းပိုင်အဆောက်အအုံဥပဒေ (ကွန်ဒိုမီနီယံဥပဒေ) ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလအကုန်ပိုင်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့ကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ခြောက်ထပ်နှင့် အထက်ရှိသည့် အထပ်မြင့်အဆောင်အအုံကို ဆိုလိုသည်။

စုပေါင်းအဆောက်အအုံဆောက်လုပ်ရန်အတွက် စုပေါင်းပိုင်မြေအဖြစ် မှတ်ပုံတင်လိုသည့်မြေသည် တည်ဆဲဥပဒေတစ်  ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိရမည့်အပြင် ပိုင်ဆိုင်မှုလွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် မြေလက်ရှိပိုင်ဆိုင်သူက သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စုပေါင်းမြေအဖြစ် ပိုင်ဆိုင်မှုလွှဲပြောင်းပေးပြီး ဖြစ်ရမည်ဖြစ်ပြီး မြေဧရိယာအနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက်ရှိရမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများက ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်ခွင့်သာမက ကွန်ဒိုတည်ဆောက်ထားသော မြေနေရာကို အချိုးကျ ပိုင်ခွင့်ပြုထားသည်။

ထို့ကြောင့် အခန်းပိုင်ရှင်များထက် မြေပိုင်ရှင်ကို ပိုမိုအခွင့်အရေးပေးထားသည့် ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်ထားသည့် တိုက်ခန်းများထက်  အားသာချက်များစွာရှိကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ ထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဥပဒေအရ ရောင်းချခွင့်ရှိသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေအငှားနှင့် အရောင်းအဝယ်စျေးကွက် ရာခိုင်နှုန်း ၄၀ ခန့်အထိ ကျဆင်းနေပြီး ကျပ်သိန်း ၁၀၀၀ အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေစျေးကွက်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်းက အရောင်းအဝယ် စတင်ကျဆင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းနှင့်မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေ  သိရသည်။                                 

Most Read

Most Recent