တရုတ်နိုင်ငံသို့တင်ပို့မည့် ဆန်တန်ချိန် ၅၀၀၀၀ ခန့် မူဆယ်နယ်စပ်၌ ပိတ်မိနေသည့်အတွက် အစိုးရအနေဖြင့် ယူနန်ပြည်နယ်အစိုးရအပါအဝင် တရုတ်ဝယ်လက်များနှင့် အမြန်ဆုံးညှိနှိုင်းပေးရန် ဆန်ကုန်သည်များ တောင်းဆို

တရုတ်နိုင်ငံသို့တင်ပို့မည့် ဆန်တန်ချိန် ၅၀၀၀၀ ခန့် မူဆယ်နယ်စပ်၌ ပိတ်မိနေသည့်အတွက် အစိုးရအနေဖြင့် ယူနန်ပြည်နယ်အစိုးရအပါအဝင် တရုတ်ဝယ်လက်များနှင့် အမြန်ဆုံးညှိနှိုင်းပေးရန် ဆန်ကုန်သည်များ တောင်းဆို
မူဆယ်နယ်စပ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ်နယ်စပ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 25 March 2019
နီလာ

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့မည့် ဆန်တန်ချိန် ၅၀၀၀၀ ခန့်မှာ မူဆယ်နယ်စပ်၌ ပိတ်မိနေသည့်အတွက် အစိုးရအနေဖြင့် ယူနန်ပြည်နယ်အစိုးရအပါအဝင် တရုတ်ဝယ်လက်များနှင့် အမြန်ဆုံးညှိနှိုင်းပေးရန် ဆန်ကုန်သည်များက တောင်းဆိုခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံက သူတို့ကုမ္ပဏီတွေကို ပါမစ်ပေးတယ်လေ။ အဲဒီမှာ ဆန်လုံးရှည်တို့ ဆန်လုံးပုတို့ ဆန်ကွဲတို့ပေါ့။ အဲဒီလိုပါမစ်သက်သက်စီ ယူရတာ။ အခု ဆန်ကွဲပါမစ်နဲ့  ဆန်လုံးရှည်တွေ ပါမစ်မပေးတော့ဘူးလိုလို အသံတွေ ကြားရနေတယ်”ဟု မန္တလေးမှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံဘက်တွင် ယင်းကဲ့သို့ ဆန်  တင်သွင်းမှုနဲ့ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာမှုနှင့်အတူ မူဆယ်နယ်စပ်၌  လည်း ဆန်ဝယ်ယူမှုရပ်တန့်နေကာ ဆန် တန်ချိန် ၅၀၀၀၀ ခန့် ပိတ်မိနေခြင်းဖြစ် ကြောင်း ကုန်သည်များက ပြောကြားသည်။

မူဆယ်နယ်စပ်တွင်ရောက်ရှိနေသော ဆန်တန်ချိန် လေး၊ ငါးသောင်းခန့်အတွက် ယူနန်ပြည်နယ်အစိုးရနှင့်သော်လည်းကောင်း၊ ယူနန်ပြည်နယ်မှ Buyer များနှင့်သော်လည်းကောင်း အထူးဦးစားပေးညှိနှိုင်းပေးရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၂၅ ကြိမ်မြောက်) တွင်  တင်ပြခဲ့သည်။

ထို့ပြင် တောင်သူလယ်သမားများ စပါးပေါ်ချိန်တွင် စျေးကောင်းရရန်အတွက်လည်းကောင်း၊ အသေးစားနှင့် အလတ်စား ဆန်စပါး လုပ်ငန်းလုပ်ကိုင်သူများအတွက်လည်းကောင်း၊ အဓိကလိုအပ်နေသည့် နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရေး အဆင်ပြေလွယ်ကူချောမွေ့စေရန် အထူးဦးစားပေး၍ အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးရန်၊ တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲတင်ပို့ရောင်းချမှုအတွက်  Quota ရရှိရေး၊ နှစ်နိုင်ငံ  MoU စာချုပ်ချုပ်ဆိုရေးကိစ္စများကို အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်ပေးရန်လည်း တင်ပြခဲ့သည်။

ထို့ပြင် AQSIQ မှတ်ပုံတင်ထားသည့် ကုန်စည်ငါးမျိုးမှအပ ကျန်ကုန်စည်များကို တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့နေရသဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ စျေးကွက်အနိုင်ကျင့်ခံရမှုများ ပေါ်ပေါက်နေပြီး ဆုံးရှုံးမှုများ မကြာခဏပေါ်ပေါက်နေရကြောင်း ကုန်သည်စက်မှုအသင်းချုပ် နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြောကြားသည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဦးကိုကိုကြီးက မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်မှုထုတ်ကုန်များကို  တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် AQSIQ (General Administration of Quality Inspection , Supervision and Quarantine) မှတ်ပုံတင်ထားသည့် ကုန်စည်မှာ ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဆီးသီး ငါးမျိုး သာရှိပြီး ကျန်ကုန်စည်အများစုမှာ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရသည့် အခြေအနေရှိနေသဖြင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ တစ်ဖက်နိုင်ငံ၏ စျေးကွက်အနိုင်ကျင့်ခံရမှုများ မကြာခဏပေါ်ပေါက်လျက်ရှိပြီး ဆုံးရှုံးမှု မကြာခဏဖြစ်ပေါ်နေကြောင်း ဦးကိုကိုကြီးက တင်ပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် AQSIQ  မှတ်ပုံတင်ထားသည့် ကုန်စည်ငါးမျိုးသာရှိနေသဖြင့် လက်ရှိတင်ပို့နေသည့် အခြားကုန်စည်များကိုလည်း မှတ်ပုံတင်ရန် လိုအပ်နေပြီး လယ်ယာထွက်ကုန်ကဏ္ဍ၊ မွေးမြူရေးထွက်ကုန်ကဏ္ဍ၊ ရေထွက်ကုန်ကဏ္ဍနှင့် စက်မှုထုတ်ကုန်ကဏ္ဍရှိ ကုန်စည်အချို့ကို AQSIQ မှတ်ပုံတင်ထားသည့် မှတ်ပုံတင်ခွင့်အမြန်ဆုံးရရှိရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။           

Most Read

Most Recent