ပို့ကုန်ရငွေများကို နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ကုမ္ပဏီ ၁၀၀ ကျော် စိစစ်တွေ့ရှိရပြီး နှစ်လအတွင်း ပြန်လည်ထည့်သွင်းခြင်းမရှိပါက မှတ်ပုံတင်လက်မှတ်ဖျက်သိမ်းမည့်အပြင် တရားဥပဒေအရ အရေးယူမည်

ပို့ကုန်ရငွေများကို နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ကုမ္ပဏီ ၁၀၀ ကျော် စိစစ်တွေ့ရှိရပြီး နှစ်လအတွင်း ပြန်လည်ထည့်သွင်းခြင်းမရှိပါက မှတ်ပုံတင်လက်မှတ်ဖျက်သိမ်းမည့်အပြင် တရားဥပဒေအရ အရေးယူမည်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 20 March 2019
ဇေယျာငြိမ်း

ပြီးခဲ့သည့် နှစ်နှစ်ကျော်က ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများကို နိုင်ငံခြားငွေဖြင့် သက်ဆိုင်ရာဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ကုမ္ပဏီ ၁၀၀ ကျော်အထိ စိစစ်တွေ့ရှိရပြီး နှစ်လအတွင်း ပို့ကုန်ရငွေ ပြန်လည်ထည့်သွင်းခြင်း မရှိပါက ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်ဖျက်သိမ်းမည့်အပြင် တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး လက်ရှိအချိန်အထိ ပို့ကုန်ရငွေအားလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏သက်ဆိုင်ရာ ဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ုကုန်တင်ပို့သည့် ကုမ္ပဏီ ၁၁၀ ခုကို စိစစ်တွေ့ရှိရကြောင်း မတ် ၁၉ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီများအနေဖြင့် မတ်လ ၁၉ ရက်မှ ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ပြန်လည်ထည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကာလအတွင်း ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ် ဖျက်သိမ်းခြင်းအပါအဝင် တည်ဆဲဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

၂၀၁၂  ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေအခန်း (၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်ရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင် ခြားငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရဟု ပြဌာန်းထားသည်။

ယင်းဥပဒေပြဋ္ဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်များသင်္ဘောတင် သည့်ရက်မှ ခြောက်လအတွင်း နိုင်ငံတော် အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းအသီးသီးသို့  နိုင်ငံခြားငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့်ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပစ္စည်းများ တင်ပို့နေခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ခုနှစ် မတ်လ ၈ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ခုနစ်      ဘီလျံကျော်ရရှိထားကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက်ဒေါ်လာသန်း ၆၇၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အထိရှိပြီး ပို့ကုန်တင်ပို့မှုကဏ္ဍတွင် အများဆုံးတင် ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

                                                      

Most Read

Most Recent