လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် ကျောက်စိမ်းအရောင်းပြပွဲပြုလုပ်မှု နည်းပါးခဲ့သဖြင့် ပြည်ပသို့ကျောက်စိမ်းတင်ပို့မှု ဒေါ်လာတစ်သန်းအောက်သာ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၄၀ ကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် ကျောက်စိမ်းအရောင်းပြပွဲပြုလုပ်မှု နည်းပါးခဲ့သဖြင့် ပြည်ပသို့ကျောက်စိမ်းတင်ပို့မှု ဒေါ်လာတစ်သန်းအောက်သာ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၄၀ ကျော် လျော့ကျ
မဟာအောင်မြေကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-လဲ့လဲ့အောင်)
မဟာအောင်မြေကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-လဲ့လဲ့အောင်)
Published 12 March 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် ကျောက်စိမ်းအရောင်းပြပွဲပြုလုပ်မှုနည်းခဲ့သဖြင့် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာတစ်သန်းအောက်သာ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၄၀ ကျော်အထိ လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ မတ်လ ၁ ရက်အထိ ငါးလကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၀၄၉ သန်း သာရရှိထားပြီး ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၅၄၇ ဒသမ ၁၅၃ သန်းအထိတင်ပို့ထားသဖြင့် လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် ဒေါ်လာ ၅၄၇ သန်းခန့်အထိ လျော့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“အဓိက ကျောက်စိမ်းကတော့ ပြပွဲတွေနဲ့ ဆိုင်တာပေါ့။ ပြပွဲလုပ်ပြီးရောင်းတာဆိုတော့ ပြပွဲများများလုပ်လေ တင်ပို့မှုပိုလာ တာ၊ ပြပွဲလုပ်တာနည်းရင်လျော့တာပေါ့” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

မတ်လ ၁၁ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။

အဆိုပါပြပွဲတွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁,၂၀၀ အထိကို မတ်လ ၁၅ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် ၁,၂၀၁ မှ ၂,၄ဝဝအထိကို မတ်လ ၁၆ ရက်တွင် လည်းကောင်း၊ အတွဲအမှတ် ၂,၄၀၁ မှ ၃,၆၀၀ အထိကို မတ်လ ၁၇ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် ၃,၆၀၁ မှ ၄,၈၀၀ အထိကို မတ်လ ၁၈ ရက်တွင်လည်းကောင်း၊ အတွဲ အမှတ် ၄,၈၀၁ မှ ၆,၀၀၀ အထိကို မတ်လ ၁၉ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် ၆,၀၀၁ မှ ၆,၉၇၄ အထိကို မတ်လ ၂၀ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။

ထို့အပြင် ကျောက်မျက်အတွဲ ၅ဝဝကို မတ်လ ၁၄ ရက်တွင်လည်းကောင်း၊ ပုလဲအတွဲအမှတ် ၁ မှ ၁၈၂ အထိကို မတ်လ ၁၂ ရက်တွင်လည်ကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းအရိုင်းအတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံစျေးသည် ယူရို ငွေ ၅,၀၀၀ နှင့်အထက်၊ ကျောက်စိမ်းအချောထည်များနှင့် ပုလဲအတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံစျေးသည် ယူရိုငွေ ၁,၀၀၀ နှင့်အထက်၊ ကျောက်မျက်များအတွက် သတ်မှတ်ထားသည့် အခြေခံစျေးသည် ယူရို ၅၀၀ နှင့်အထက်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ရောင်းရငွေတန်ဖိုးအပေါ် သတ်မှတ်ကောက်ခံမည့် အခွန်နှုန်းထားများမှာ အထူးကုန်စည်ခွန်အနေဖြင့် ကျောက်စိမ်းအရိုင်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများအတွက် ၁၀ ရာခိုင်နှုန်း ကျောက်မျက်လက်ဝတ်ရတနာ အချောထည်များအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များအတွက် တစ်ရာခိုင်နှုန်းကောက်ခံသွားမည် ဖြစ်သည်။                  

Most Read

Most Recent