သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်ဆီးသွားသည့်အတွက် ရန်ကုန် - မော်လမြိုင်ကားလမ်းအဆက်အသွယ်ပြတ်တောက်

သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်ဆီးသွားသည့်အတွက် ရန်ကုန် - မော်လမြိုင်ကားလမ်းအဆက်အသွယ်ပြတ်တောက်
Published 11 May 2024

သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် - မော်လမြိုင်ကားလမ်ပေါ်ရှိ ကျုံအိတ်တံတားမှာ ယနေ့ မေလ (၁၁) ရက် နံနက်အစောပိုင်းအချိန်က ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်ဆီးသွားသည့်အတွက် ရန်ကုန် - မော်လမြိုင်ကားလမ်း အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရသည်။

ယနေ့မေလ (၁၁) ရက်နေ့ နံနက် (၂) နာရီအချိန်ခန့်က အဆိုပါ ကျုံအိတ်တံတားဘက်မှ ပစ်ခတ်သံများကြားရကြောင်း နှင့် နံနက် (၃) နာရီ (၁၄) မိနစ်အချိန်ခန့်တွင် ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မနက်မှ တံတားဘက်သွားကြည့်ကြတော့မှ ကျုံအိတ်တံတား မိုင်းခွဲခံထားရတာတွေ့ရတယ်။ အရင်တစ်ခါ မိုင်းခွဲခံရလို့ ကျန်ခဲ့တဲ့ တံတားတခြမ်းရော၊ ဘေလီတံတားထိုးထားတဲ့အခြမ်းရော ပျက်ဆီးသွားတယ်။ လောလောဆယ် ရန်ကုန် - မော်လမြိုင်ကားလမ်း အဆက်အသွယ်ပြတ်သွားပြီး” ဟု ပြောကြားသည်။

မော်လမြိုင်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ သွားနေကြသည့် အိမ်စီးကားများနှင့် ခရီးသည်တင်ယာဉ်များ မော်လမြိုင်မြို့ဘက်သို့ ပြန်လှည့်လာကြကြောင်း နှင့် ကုန်တင်ယာဉ်များ အများအပြား ပိတ်ဆို့နေကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အခြေအနေကတော့ ကားလမ်းသွားမရတော့ဘူး။ အရေးကြီးရင်တော့ လေကြောင်းလမ်းကနေဘဲ သွားလာလို့ရတော့မယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် - မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတား အား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့်အတွက် တံတားတစ်ခြမ်းပြိုကျပျက်ဆီးခဲ့ကြောင်း၊ တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်ဆီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၂၉) ရက် နံနက် (၆) နာရီဝန်းကျင်အချိန်ခန့်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူး တစ်ဦးသေဆုံးကာ (၂၈) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် တံတားတည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေစဉ် (၈) ကြိမ်ထက်မနည်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရသော်လည်း (၂၀၂၃) ခုနှစ် ဇူလိုင်လ (၂၆) ရက်တွင် ယာယီဘေလီတံတားထိုးနိုင်ခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်နီးပါး ပြန်လည်သွားလာနိုင်ခဲ့ကြောင်း သိရသည်။

Photo Credit - CJ

Most Read

Most Recent