အလောင်းတော်ကဿပဘုရားသို့ နေ့စဉ်ညအိပ်ဘုရားဖူး ၅၀၀ မှ ၂၀၀၀ အတွင်း လာရောက်ဟုဆို

အလောင်းတော်ကဿပဘုရားသို့ နေ့စဉ်ညအိပ်ဘုရားဖူး ၅၀၀ မှ ၂၀၀၀ အတွင်း လာရောက်ဟုဆို
အလောင်းတော်ကဿပဘုရားသို့ လာရောက်သူများကို တွေ့ရစဉ်
အလောင်းတော်ကဿပဘုရားသို့ လာရောက်သူများကို တွေ့ရစဉ်
Published 18 February 2019
သီရိ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပဘုရားသို့ နေ့စဉ်ညအိပ်တည်းခိုသည့် ဘုရားဖူး ၅ဝဝမှ ၂၀၀၀ အတွင်းရှိကြောင်း သိရသည်။

“ဘုရားဖူးကတော့ စည်နေပြီ။ ဒီကရှေ့ဆို ဆက်စည်တော့တာပဲရှိမှာပါ။ ပြီးခဲ့တဲ့စနေကဆို ဒီမှာတည်းတဲ့ညအိပ်ကို ၁၇၀၀ လောက် အထိရောက်တယ်။ နေ့ချင်းပြန်တွေ၊ တခြားမှာတည်းတာတွေ မပါသေးဘူး။ တစ်ညကို ပျမ်းမျှအားဖြင့်တော့ ၅၀၀ လောက်ဒီမာအိပ်တယ်။ တခြားတောင်ခြေနဲ့ ကားကွင်းမှာ အိပ်ကြသူတွေလည်းရှိပါတယ်။ နေ့ဘုရားဖူး၊ ညအိပ်ဘုရားဖူးတွေရောဆိုရင် တစ်နှစ်ကို သန်းချီပြီးရှိပါတယ်” ဟု ဘုရားဖူးများအတွင်း တည်းခိုနေရာချထားရေးအဖွဲ့မှ ဆားလင်းကြီးမြို့နယ် ကိုယ်စားပြု ကိုအောင်ကိုလင်းက ပြောကြားသည်။

အလောင်းတော်ကဿပ ဘုရားဖူးရာသီသည် ဒီဇင်ဘာလမှ ဧပြီလအထိဖြစ်ပြီး ငါးလအတွင်း ဘုရားဖူးဧည့်သည်များ သန်းချီလာရောက်လေ့ရှိပြီး တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် အထူးပိုမိုစည်ကားကြောင်း သိရသည်။

“ဘုရားဖူးရာသီက ဒီဇင်ဘာကစတယ်။ ဒီဇင်ဘာ ဒုတိယပတ်လောက်ကစပြီး ဘုရားဖူးလဲများလာတယ်။ ပြီးတော့ ဇန်နဝါရီလောက်ဆိုရင် ဘုရားဖူးပြန်ပါးတတ်ပြီးတော့ ဖေဖော်ဝါရီဆိရင် ဘုရားဖူးပြန်များလာတယ်။ အခု အဲဒီရာသီရောက်ပြီ။ မနှစ်ကလည်း ဇန်နဝါရီလောက်မှာ ဘုရားဖူးပါးခဲ့တယ်။ ဒီနှစ်လည်း နည်းနည်းပါးတယ်။ ဒီကရှေ့တော့ ဧပြီလလောက်အထိ ဆက်တိုက်စည်တော့မှာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။

ယခုအခါ အလောင်းတော်ကဿပ ဘုရားဝန်းကျင်တွင် ကွန်ကရစ်လမ်းများခင်းထားပြီး သံလက်ရန်းနေရာများတွင် စတီးလက်ရန်းများ အစားထိုး ပြုပြင်ထားကြောင်း သိရသည်။ ထို့ပြင် အဆောက်အဦးသစ်များ ထပ်မံဆောက်လုပ်ရန်ရှိသော်လည်း အခက်အခဲများရှိနေသည်ဟု ကိုအောင်ကိုလင်းက ပြောသည်။

“အဆောက်အဦးတွေအသစ် ထပ်မံဆောက်လုပ်ဖို့ရှိပေမယ့် အခက်အခဲလေးတွေ ရှိနေသေးတယ်။ တောကြီးတောင်ကြီးထဲဆိုတော့ အစစအရာရာတော့ အဆင်မပြေပါဘူး။ ဒါပေမဲ့လဲ အဆင်မပြေတဲ့အလိုက် အလျောက်ကို ဖြေးဖြေးချင်းတော့ ပြောင်းလဲနေပါတယ်။ အမြန်ကြီးမပြောင်း လဲတောင်ဖြည်းဖြည်းချင်း ပြောင်းလဲနေပါတယ်“ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သမိုင်းမှတ်တမ်းများအရ အလောင်းတော်ကဿပမထေရ်သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက်တော် ၁၂၀၊ ၀ါတော်သိက္ခာ ၅၀ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပြီး ဝေဘာရတောင် အလယ်ဗဟိုတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်၌ ကြေးပြာသာဒ်ကြီးဖြင့် မြသလွန် ညောင်စောင်းပေါ်တွင် ရှင်မဟာကဿပသည် မြောက်သို့ ဦးခေါင်းပြုကာ လက်ယာနံတော်စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ကြောင်း သိရသည်။

ထိုစံကျောင်းတော်တွင် အတောင် ၅၀ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန်ဖြင့် ကာရံထားပြီး အချို့သမိုင်းမှတ်တမ်းများတွင် အလောင်းတော်ဘေး၌ ထွန်းညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင်လေးတိုင်မှာ အရိမေတ္တေယျ ဘုရားပွင့်တော်မူမှ အလောင်းတော်ကဿပ တေဇောဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု ကုသိုလ်ရှင်အဇာတသတ်မင်းကြီးက အဓိဋ္ဌာန်ပြုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent