ချစ်သုဝေ၏ ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ် ‘Promise’ အား ဖေဖော်ဝါရီ ၁၄ ရက်တွင် ထွက်ရှိမည်ဖြစ်ကာ ပရိသတ်များနှင့်တွေ့ဆုံရန်စီစဉ်

ချစ်သုဝေ၏ ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ် ‘Promise’ အား ဖေဖော်ဝါရီ ၁၄ ရက်တွင် ထွက်ရှိမည်ဖြစ်ကာ ပရိသတ်များနှင့်တွေ့ဆုံရန်စီစဉ်
Published 9 February 2019

သရုပ်ဆောင်တေးသံရှင် ချစ်သုဝေ၏ ‘Promise’ ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်အယ်လ်ဘမ်သစ်အား ဖေဖော်ဝါ ရီ ၁၄ ရက်တွင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။  ‘တိမ်တွေနေတဲ့အရပ်’ တေးအယ်လ်ဘမ်ထွက်ရှိပြီး ရှစ်နှစ်ကြာမြင့်ပြီးမှသာ အသစ်ထွက်ရှိလာမည့် အယ်လ်ဘမ်သစ်ဖြစ်သည်။ ‘Promise’ ဟု အမည်ပေးထားသည့် ယင်းအယ်လ်ဘမ်တွင် အကြောင်းအရာစုံ ရေးသားထားသည့် တေးသီချင်းများအား ထည့်သွင်းထားကာ တေးသီချင်းအမြူးများ၊ ခံစားမှုကိုပုံဖော်ထားသည့် တေးသီချင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအယ်လ်ဘမ်စတင်ထွက်ရှိမည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပရိသတ်များနှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

“ဒီဇင်ဘာလလောက်ကတည်းက ရုပ်လုံးပေါ်နေတဲ့ ထရီဇာရဲ့ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်လေး ဖေဖော်ဝါရီ ၁၄ ရက်မှာ ထွက်ဖို့စီစဉ်ထားပါတယ်။ ဖေဖော်ဝါရီ ၁၄ မှာ ထွက်ဖို့ဆုံးဖြတ်ဖြစ်တာက အခုလို ကလေးအမေ အလုပ်တွေများနေတဲ့ အချိန်ဖြစ်တာတောင် ချစ်နေကြဆဲ၊ အချစ်တွေပေးနေကြဆဲဖြစ်တဲ့အပြင် ထရီဇာကိုယ်တိုင်လည်း ကိုယ်ချစ်ရတဲ့ ဂီတအလုပ်လေးကို ချစ်ခြင်းမေတ္တာတွေနဲ့ ဖန်တီးထားတဲ့ အခွေလေးဖြစ်လို့ပါ။ ဒါကြောင့် ဒီအခွေလေးကို အချစ်တွေဆုံစည်းကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထွက်ဖို့ဆုံးဖြတ်ထားတယ်။ Title ကိုလည်း ရှင်းသန့်တဲ့ကတိစကားတစ်ခုအဖြစ် ‘Promise’ လို့ နာမည်ပေးထားပါတယ်။ တိမ်တွေနေတဲ့အရပ်ထွက်ပြီး ရှစ်နှစ်ကြာပြီးမှ ထွက်နိုင်တဲ့အခွေလည်းဖြစ်ပါတယ်။ သီချင်းပုံစံတွေကတော့ တိမ်တွေနေတဲ့အရပ်မှာတုန်းက ပုံစံမျိုးလေးတွေပါမယ်။ နည်းနည်းလေး ပြောင်းထားတာတွေလည်း ပါပါမယ်။ သီချင်းအကြောင်းအရာတော့ စုံမယ်။ အမြူးလေးတွေပါသလို ခံစားမှုပုံဖော်တာတွေလည်း ပါတယ်” ဟု ချစ်သုဝေကဆိုသည်။

Most Read

Most Recent