မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ကျင်စမ်းကျော့ဂိတ်အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးညှိနှိုင်းဆွေးနွေးသွားမည်ဟု တရုတ်နိုင်ငံစီးပွားရေးသံမှူး ပြောကြား

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ကျင်စမ်းကျော့ဂိတ်အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးညှိနှိုင်းဆွေးနွေးသွားမည်ဟု တရုတ်နိုင်ငံစီးပွားရေးသံမှူး ပြောကြား
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်စီးပွားရေးသံမှူးတို့ တွေ့ဆုံဆွေးနွေးနေစဉ်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်စီးပွားရေးသံမှူးတို့ တွေ့ဆုံဆွေးနွေးနေစဉ်
Published 8 January 2019
ဇေယျာငြိမ်း

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ကျင်စမ်းကျော့ဂိတ်အား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဇန်နဝါရီ ၇ ရက်က မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကျင်စမ်းကျော့ နယ်စပ်ဂိတ်ပေါက် ဖွင့်လှစ်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများ နှင့် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mrs.Li Xiaoyan က တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ကျိန်စမ်းကျော့ဂိတ် တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ

ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ လတ်တလော ယာဉ်ကြောပိတ်ဆို့မှုအတွက် နယ်စပ်ဝင်ထွက်ဂိတ်များတွင် ဝင်ထွက်နေမှုများ စစ်ဆေးချိန် ပိုမိုရရှိရေး၊ စစ်ဆေးသည့် ဝန်ထမ်းများ ပိုမိုထားရှိပေးနိုင်မည့် အခြေအနေများ၊ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေရေးနှင့် နှစ်နိုင်ငံ ပြည်သူများ အကျိုးဖြစ်ထွန်းစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

ယင်းနောက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူးက နှစ်နိုင်ငံကုန်စည် စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျင်စမ်းကျော့ဂိတ်အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ကျင်စမ်းကျော့ဂိတ်ကို ရက်ရှည်စွာပိတ်ထားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖရဲ၊သခွားစိုက်တောင်သူများသည် ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ဖရဲ၊ သခွားစိုက်တောင်သူတို့၏ ရင်းနှီးမြှုပ်နှံမှုသည် တဧကလျှင် ကျပ်သိန်း ၅၀ အထက်ရင်းနှီးရကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေးများ နယ်စပ်မှတင်ပို့ရာတွင် တစ်ဖက်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ဂိတ်၌ စစ်ဆေးသည့် အစီအစဉ်အရ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခြင်းကို ဖြေရှင်းရန်နှင့် ဂိတ်များမှ ကုန်တင်ယာဉ်များ ဖြန့်ခွဲဝင်ထွက်ခွင့်ရရန်အတွက် နှစ်နိုင်ငံ ဝင်ထွက်ဂိတ်အသစ် ဖွင့်လှစ်နိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ဇန်နဝါရီ ၃ ရက်က ဆွေးနွေးခဲ့ကြောင်း  သိရသည်။

                                        

Most Read

Most Recent