တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ အခန်းများကို နှစ်ရှည်အိမ်ရာချေးငွေဖြင့် ဝယ်ယူသူများအတွက် ချေးငွေကာလကို လက်ရှိတွင် ၁၀ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ထုတ်ချေးထားသော်လည်း နှစ် ၂၀ အထိ တိုးမြှင့်ထုတ်ချေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ အခန်းများကို နှစ်ရှည်အိမ်ရာချေးငွေဖြင့် ဝယ်ယူသူများအတွက် ချေးငွေကာလကို လက်ရှိတွင် ၁၀ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ထုတ်ချေးထားသော်လည်း နှစ် ၂၀ အထိ တိုးမြှင့်ထုတ်ချေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ
ဆောက်လုပ် ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် လာရောက်စုံစမ်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ဆောက်လုပ် ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် လာရောက်စုံစမ်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 4 January 2019
နီလာ

တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာအခန်းများကို နှစ်ရှည်အိမ်ရာချေးငွေဖြင့် ဝယ်ယူသူများအတွက် ချေးငွေကာလကို လက်ရှိတွင် ၁ဝနှစ်မှ အများဆုံး ၁၅နှစ်အထိ ထုတ်ချေးပေးထားသော်လည်း အနာဂတ်တွင် နှစ် ၂၀ အထိ တိုးမြှင့်ထုတ်ချေးပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID) မှ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးရှိ မြရည်နန္ဒာ အိမ်ရာဝယ်ယူသူများသို့ အငှားဝယ် (Hire Purchase) စနစ်ဖြင့် အများဆုံးလေးနှစ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေလင်ပန်းအိမ်ရာဝယ်ယူသူများကို (Housing Mortgage Loan System) ဖြင့် အများဆုံးရှစ်နှစ်ထုတ်ချေးခဲ့ပြီး ရန်ကုန်မြို့ရှိ ယုဇနအိမ်ရာစီမံကိန်း၊ ကနောင်အိမ်ရာစီမံကိန်းနှင့် မန္တလေးမြို့ရှိ မြရည်နန္ဒာအိမ်ရာ စီမံကိန်းအိမ်ရာဝယ်ယူသူများအား ချေးငွေကာလကို ၁ဝနှစ်၊ ရတနာနှင်းဆီအိမ်ရာ ဝယ်ယူသူမျးအား ချေးငွေသက်တမ်း ၁၅နှစ်အထိ တိုးမြှုင့်ထုတ်ချေးလျက်ရှိပြီး နောင်အနာဂတ်တွင် ချေးငွေကာလကို နှစ် ၂ဝအထိ တိုးမြှင့်ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ နိုင်ငံသားတိုင်း အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးကို ဆောင်ရွက်နိုင်မည့် ထိရောက်သည့် ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှု စနစ်တစ်ခု ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၃ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ယခင်က ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ဟာ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ရည်မှန်းချက်ထား ဆောင်ရွက်တာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး ချေးငွေ (Construction Loan) နှင့်အိမ်ရာ ချေးငွေ (Housing Mortgage Loan) လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ အိမ်ရာလိုအပ်နေတဲ့ပြည်သူတွေ ကြုံတွေ့နေရတဲ့ ငွေကြေးအခက်အခဲကို ပံ့ပိုးကူညီနိုင်ဖို့အတွက် အိမ်ရာဝယ်ယူလိုသူတွေကို ငွေစုဆောင်းတဲ့ အလေ့အထပြုစုပျိုးထောင်ပေးတဲ့  အိမ်ရာစုဆောင်း ငွေစုစာရင်းကို စတင်မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရကအကောင်အထည်ဖော်နေတဲ့ အငှားဝန်ထမ်းအိမ်ရာနဲ့ အရောင်းဝန်ထမ်းအိမ်ရာတွေ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့က ကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဝန်ထမ်းအိမ်ရာတွေကို အကောင်အထည်ဖော်ဖို့အတွက် PPP စနစ်နဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေမှာလည်း ပါဝင်လျက်ရှိပါတယ်” ဟု  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

အိမ်ရာဝယ်ယူလိုသူများက ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ကာ စုဆောင်းထားရှိမှုမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ ၂၅၀၀၀ ခန့်ရှိပြီး စုဆောင်းငွေပမာဏကျပ်၂၂ ဘီလျံခန့်ရှိကြောင်း  ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ဥက္ကဋ္ဌ ဦးမင်းထိန်က ဆိုသည်။