မြေမြှုပ်မိုင်းအန္တရာယ် ဘယ်သူတွေက ကုစားပေးမှာလဲ

မြေမြှုပ်မိုင်းအန္တရာယ် ဘယ်သူတွေက ကုစားပေးမှာလဲ
မြေမြှုပ်မိုင်းနင်းမိသူပြည်သူတစ်ဦးအား ကျန်းမာရေးဝန်ထမ်းများက ကုသမှုများပြုလုပ်နေစဉ်
မြေမြှုပ်မိုင်းနင်းမိသူပြည်သူတစ်ဦးအား ကျန်းမာရေးဝန်ထမ်းများက ကုသမှုများပြုလုပ်နေစဉ်
Published 9 December 2018
ဘိုဘိုမြင့်

“အဒေါ်တို့ ခြံထဲမသွားရဲတော့ဘူး။ ပြီးခဲ့တဲ့လက ရော်ဘာခြံထဲမှာ အစေးလှီးသွားတဲ့သူတစ်ယောက် မိုင်းထိတယ်လို့ကြားပြီးကတည်းက မသွားဖြစ်တာပါ။ ခြံထဲမဆင်းဖြစ်တာ တစ်ပတ်လောက်ရှိပြီ။ ကားလမ်းဘေးမှာရှိတဲ့ ခြံတွေကိုတော့ သွားနေကြတာရှိတယ်။ သူတို့လည်း ကြောက်ကြောက်နဲ့သွားနေကြရတာ။ ကြာလာရင်တော့ စားဝတ်နေရေး အခက်အခဲတွေ ရှိလာနိုင်တယ်”

ဒါက ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲမှာနေတဲ့ ဒေသခံပြည်သူတစ်ဦးရဲ့ ပြောကြားချက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာက ဒေသခံပြည်သူတစ်ဦး ခြံထဲသွားရင်း သူ့ရဲ့ခြံထဲက တဲအနီးမှာ မြေမြှုပ်မိုင်းနင်းမိပြီးတော့ ခြေထောက်တွေမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒါဟာ အောက်တိုဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၂၉ ရက်အထိကာလ အတွင်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအစပ်ဒေသမှာ လေးဦးမြောက် မြေမြှုပ်မိုင်းဒဏ် ခံခဲ့ရတာပါ။

“အခုအချိန်က ရော်ဘာအစေးလှီးတဲ့အချိန်လည်း ဖြစ်နေတယ်။ အခုလိုဖြစ်တော့ ရွာသားတွေလည်း ခြံထဲဆင်းဖို့က ကြောက်ရွံ့နေကြတယ်” လို့ အလယ်စခန်း ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စံက ပြောပါတယ်။

Mon CSO Network မှ ညှိနှိုင်းရေးမှူး ဦးမင်းအောင်ထူးကတော့ “ဒေသခံတွေဘက်ကို ကြည့်မယ်ဆိုရင်လည်း ဒီအချိန်က ပွင့်လင်းရာသီဖြစ်တယ်။ ခြံသမား၊ အလုပ်သမားတွေက ဒီဥယျာဉ်ခြံတွေကို မှီခိုပြီးမှ လုပ်ကိုင်စားသောက်နေကြရတော့ ဒီအချိန်က တောထဲကို သွားကြရမှာပဲ။ နောင်လည်းသွားနေကြရဦးမှာပဲ။ ဒါပေမဲ့ အခုလိုပုံစံမျိုးဖြစ်လာတဲ့ အခါကျတော့ ဒေသခံတွေဘက်က အကြောက်တရားတွေနဲ့ ဖြစ်လာမယ်။ မသွားရဲ၊ မလာရဲ ဖြစ်နေကြမယ်ဆိုရင် သူတို့မိသားစုတွေရဲ့ စားဝတ်နေရေး၊ ရပ်တည်မှုတွေကို လာထိခိုက်နိုင်တယ်” လို့ ဒေသခံတွေ တွေ့ကြုံနေရတဲ့ အခက်အခဲကို ပြောပြပါတယ်။

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဒေါက်တာ အောင်နိုင်ဦးကလည်း “အခုလတ်တလော မြေမြှုပ်မိုင်းကိစ္စနဲ့ပတ်သက်ပြီး ပြောရရင် မိုင်းနင်းမှုဖြစ်စဉ်က နှစ်ပတ်ကို တစ်ကြိမ်နှုန်းလောက် ဖြစ်နေတယ်။ အောက်တိုဘာလ အတွင်းမှာ နှစ်ကြိမ်၊ နိုဝင်ဘာလအတွင်းမှာ နှစ်ကြိမ်ပေါ့။ နောက်ဆုံးဖြစ်သွားတဲ့ ဖြစ်စဉ်မှာတော့ မိုင်းနင်းမိတဲ့ ဒေသခံက ခြေထောက်ထိသွားပေမဲ့ မဖြတ်မတောက်လိုက်ရတာ ကံကောင်းတယ်လို့ပဲ ပြောရပါမယ်။ ဒါပေမဲ့ မြေမြှုပ်မိုင်းနင်းမှုဖြစ်စဉ် လေးကြိမ်ဖြစ်သွားပြီး နောက်ပိုင်းမှာ လူထုကြားထဲမှာ စိုးရိမ်ထိတ်လန့်မှုကတော်တော်လေးကို ကြီးနေတယ်” လို့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်နေတာနဲ့ပတ်သက်ပြီး ပြောပါတယ်။

“ဒီဇင်ဘာ ၆ ရက်ကတော့ ရေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပြီးတော့ သူတို့ရဲ့စိုးရိမ်ပူပန်နေမှုတွေ၊ တောင်းဆိုချက်တွေကို နားထောင်ခဲ့ပါတယ်။ သူတို့တင်ပြတောင်းဆိုချက် အနှစ်ချုပ်ကတော့ သူတို့အနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေအပြည့် ရှိနေတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောပါတယ်။

ဒေသခံပြည်သူတွေ မြေမြှုပ်မိုင်းအန္တ ရာယ်ကြုံတွေ့နေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးကော်မတီ JMC- S (Mon) က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အရပ်သားကိုယ်စားလှယ်ဖြစ်တဲ့ နော်ဆာထူးကတော့ “ကျွန်မအနေနဲ့ ဒီမြေမြှုပ်မိုင်းကိစ္စနဲ့ ပတ်သက်လို့ ဂဃနဏ မသိသေးဘူး။ အခုဖြစ်နေတဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မသိရသေးတာကလည်း ကျွန်မတို့အောက်ခြေကို မရောက်သေးတာလည်း အားနည်းချက်ပေါ့နော်။ ဒါပေမဲ့ ထိခိုက်ခံရတဲ့ ပြည်သူတွေအတွက် ကျွန်မတို့ တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်” လို့ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ တောက်လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးကို ငြိှမ်းသတ်နိုင်ဖို့ ကြိုးစားနေကြတဲ့ ကာလအတွင်းမှာ အခုလိုအဖြစ်အပျက်တွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်ရတယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိပါတယ်။

“တစ်ဖက်ကပြောရရင် ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်အဖွဲ့ကြားမှာပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားထဲမှာပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားကို အဓိကမထားဘဲနဲ့ ငြိမ်းချမ်းရေးဘက်ကို ပိုပြီးတော့ ဦးတည်စေချင်ပါတယ်။ အခုဖြစ်စဉ်တွေဟာ ဒီခေတ်ဒီအခါမျိုးမှာ မဖြစ်သင့်တော့တဲ့ ဖြစ်စဉ်တွေဖြစ်တယ်။ ဒီလိုလုပ်ရပ်ဟာ ပြည်သူတွေရဲ့မျက်နှာကို မကြည့်တဲ့၊ သူရဲဘောကြောင်တဲ့ လူတွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်ပါတယ်” လို့ ဦးမင်းအောင်ထူးက သုံးသပ်ပြောကြားပါတယ်။

“ကျွန်တော်တို့ ကြားသိရသလောက်လည်း အခု မြေမြှုပ်မိုင်းဖြစ်စဉ်ဖြစ်တဲ့ နေရာတွေကလည်း နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ ဧရိယာတွေဖြစ်နေတယ်။ ဒီလိုနယ်မြေ အငြင်းပွားမှုဖြစ်နေတဲ့ ဧရိယာမှာက ဥပဒေအရ နိုင်ငံသားအခွင့်အရေးအရ နိုင်ငံသားအားလုံးပိုင်တဲ့မြေတွေ ဖြစ်တယ်။ သူ့နယ်ကိုယ့် နယ်ဆိုပြီး ဘယ်သူကမှ အမွေပေးထားတာ မဟုတ်ဘူး။ အများပြည်သူအားလုံး ဥပဒေနဲ့အညီ လုပ်ကိုင်စားသောက်ခွင့် ရှိစေချင်တယ်။ အေးအေးချမ်းချမ်းနဲ့ အသက်မွေးဝမ်းကျောင်းနေကြတဲ့အဖြစ်မျိုး ဖြစ်စေချင်ပါတယ်။ ဒါကိုဝိုင်းပြီး အကောင်အထည်ဖော်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီး မြေမြှုပ်မိုင်းအန္တရာယ်က ဒေသခံပြည်သူတွေကို တိုက်ရိုက်ထိခိုက်နေတယ်။ အခုလိုဖြစ်စဉ်ကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေက သူလိုလို၊ ကိုယ်လိုလိုဖြစ်လာနိုင်တဲ့ အလားအလာတွေရှိတယ်။ အဲဒီကတစ်ဆင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုကို နှောင့်နှေးစေနိုင်ပြီးတော့ မလိုလားအပ်တဲ့ လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်လာနိုင်တာကို စိုးရိမ်ရပါတယ်” လို့ ရေးမြို့နယ်လူမှု အကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သုံးသပ်ပြောဆိုပါတယ်။

“မြေမြှုပ်မိုင်းတွေကို ဒေသခံခြံလုပ်သားတွေ နင်းမိတဲ့ဖြစ်စဉ်ဟာ ဘယ်လိုမှမဖြစ်သင့်တဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီဒေသမှာရှိနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU ရော၊ မွန်ပြည်သစ်ပါတီပါ  NCA လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့တွေဖြစ်နေတယ်။ ဒါ့အပြင် NCA စာချုပ်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ JMC လည်း ရှိပြီးသားဖြစ်နေပေမယ့် ဒီလိုမြေမြှုပ်မိုင်းပြဿနာ ဖြစ်နေတာမကောင်းဘူး။ နောက်တစ်ချက်က ဒီမြေမြှုပ်မိုင်းဆိုတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ NCA လက်မှတ်မထိုးခင်အချိန်တုန်းကတောင် ဒီလိုမျိုးမိုင်းနင်းတဲ့ ဖြစ်စဉ်တွေမရှိခဲ့ဖူးဘူး။ မြေမြှုပ်မိုင်းအန္တရာယ် မရှိသလောက် ရှားပါတယ်။ အခုလိုအခြေ အနေမျိုးမှ ဒီလိုဖြစ်နေတာကောင်းတဲ့ လက္ခဏာမဟုတ်ဘူး” လို့ ဦးအောင်နိုင်ဝင်းက ဆက်ပြောပါတယ်။

ပြည်သူလူထု ထိခိုက်နစ်နာမှုရှိအောင်၊ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်လာအောင် ဘယ်သူတွေက လုပ်ဆောင်နေတာလဲဆိုတာနဲ့ ပတ်သက်ပြီး “မြေမြှုပ်မိုင်းတွေကို ဘယ်နေရာမှာ ဘယ်သူထောင်ထားလဲဆိုတာ ကာယကံရှင်တွေပဲ သိမှာပါ။ ကျွန်မတို့အနေနဲ့က ကိုယ့်ရဲ့အဖွဲ့မှန်တယ်။ ဒါပေမဲ့ ထိခိုက်နစ်နာတာက ပြည်သူတွေဖြစ်တဲ့အတွက်ကြောင့် ဒီလိုဖြစ်စဉ်တွေ တကယ်ဖြစ်ခဲ့မယ်ဆိုရင်လည်း ပြည်သူတွေကို မနစ်နာစေချင်ဘူး။ ဒါကတော့ ကျွန်မအနေနဲ့ ဒီလိုဖြစ်စဉ်မျိုး ဆက်မလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ နော်ဆာထူးက ပြောပါတယ်။

“အခု မြေမြှုပ်မိုင်းထောင်သွားတဲ့အဖွဲ့က ဘယ်အဖွဲ့လဲတော့ ကျွန်တော်တို့လည်း မသိပေမယ့် လုပ်သွားတဲ့အဖွဲ့အစည်းကို တော်တော်လေးကို သဘောမကျပါဘူး။ ရှုတ်လည်း ရှုတ်ချပါတယ်” လို့ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားပါတယ်။

ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့က ဦးအောင်နိုင်ဝင်းကလည်း “ဒီမြေမြှုပ်မိုင်းကို ဘယ်သူထောင်လဲဆိုတာ မသိပေမယ့် အခုလက်ရှိမြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်ဖြစ်တဲ့နေရာတွေဟာ ဥယျာဉ်ခြံလုပ်ကိုင်နေကြတဲ့ နေရာတွေဖြစ်နေတယ်။ သဘာဝတောကြီးတွေထဲမှာလည်း မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စခန်းတွေရှိတဲ့နေရာတွေလည်း မဟုတ်ဘူး။ အများပြည်သူ စိုက်ပျိုးလုပ်ကိုင်စားသောက်နေကြတဲ့ ဥယျာဉ်ခြံနေရာတွေမှာ မိုင်းထောင်တာဖြစ်တဲ့အတွက် လက်နက်ကိုင်တွေအချင်းချင်း လှုပ်ရှားနေကြတဲ့ နယ်မြေမှာလုပ်ဆောင်ခြင်းမရှိဘဲနဲ့ ဒေသခံပြည်သူတွေဖြစ်တဲ့ ဥယျာဉ်ခြံသမားတွေကို ပစ်မှတ်ထားပြီး လုပ်သလိုဖြစ်နေတယ်။ ဒါကတော့ မဖြစ်သင့်ပါဘူး။ ဒါဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်နောက်ဆက်တွဲအကျိုးဆက်ကို မခံစားရဘဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပြီးတဲ့ နောက်မှာမှ ဆိုးကျိုးတွေခံစားရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာအောင်နိုင်ဦးက “သူတို့အတွက်ကို လုံခြုံရေးအရ ဒီမြေမြှုပ်မိုင်းပြဿနာကို ကူညီဖြေရှင်းပေးဖို့ တင်ပြတောင်းဆိုထားတာတွေ ရှိပါတယ်။ ဒီတင်ပြ တောင်းဆိုချက်တွေက သူတို့ရဲ့ လူမှုရေး ပြဿနာတင်မဟုတ်ဘဲနဲ့ ဒါဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စားဝတ်နေရေးကိုပါ ထိခိုက်လာတဲ့ အနေအထားရှိတဲ့အတွက် လေးလေးနက်နက်ကို တောင်းဆိုတာတွေရှိပါတယ်” လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေ မြေမြှုပ်မိုင်းအန္တရာယ် တွေ့ကြုံခံစားနေကြရပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အရေးတယူ ဆောင်ရွက်ပေးခြင်းမျိုး မရှိတာကိုလည်း ပြည်သူတွေအနေနဲ့ အားမလို အားမရ ဖြစ်နေတာတွေ ရှိပါတယ်။

“JMC မှာလည်း Do and Don’t ပေါ့ဗျာ။ လုပ်ဆောင်ရန်နှင့် မလုပ်ဆောင်ရန်က ရှိပြီးသားဖြစ်ပါတယ်။ အခု မြေမြှုပ်မိုင်းနင်း မိတဲ့ဖြစ်စဉ် သုံးလေးခုလောက်ဖြစ်ပြီးသည် အထိ JMC – S (Mon) ကနေ ကြားဝင်ဖြေရှင်းခြင်း၊ EAO အချင်းချင်းညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ဆောင်တာ မတွေ့ရသေးဘူး။ သူတို့အချင်းချင်း အတွင်းထဲမှာ တွေ့ဆုံပြီးညှိနှိုင်းပြောဆိုတာတွေ လုပ်ဆောင်ကောင်း လုပ်ဆောင်ပါလိမ့်မယ်။ ဒါပေမဲ့ အပြင်ကို တရားဝင် ညှိနှိုင်းပြောဆိုလုပ်ကိုင်ပေးတာမရှိသေးဘူး ဖြစ်နေတယ်။ ဒီမိုင်းအန္တရာယ် ရှင်းလင်းအောင်လုပ်ဆောင်ပေးတာမျိုး မတွေ့ရဘူး။ ဒါဟာ JMC ရဲ့ တာဝန်ကို ကျေပွန်စွာလုပ်ဆောင်တာမျိုး မတွေ့ရသေးဘူးလို့ ပြောချင်ပါတယ်။ JMC ရဲ့ State Level ရော၊ Union Level ကိုဆိုလိုပါတယ်” လို့ ဦးအောင်နိုင်ဝင်းက သုံးသပ်ပါတယ်။

“အဲဒီနယ်မြေတွေက နှစ်ဖက်တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေထိစပ်တဲ့ နေရာဖြစ်နေတော့ ကျွန်မတို့သတင်းတွေလည်း ကြားပါတယ်။ JMC မှာက မွန်ပြည်နယ်မှာက KNU ပါဝင်နေတဲ့အတွက် ကျွန်မအနေနဲ ့KNU ဘက်ကိုမေးကြည့်တော့ သူတို့ မဟုတ်ပါဘူးလို့ ပြောတာကြားရပါတယ်။ လက်ရှိမွန်ပြည်နယ်ရဲ့ JMC – S ထဲမှာ မွန်ပြည်သစ်ပါတီက မပါဝင်လာသေးတဲ့အတွက် တိုက်ရိုက်ပြောဆို မေးမြန်းလို့ မရသေးဘူး။ တစ်ဖက်ကလည်း ပြည်သူတွေအနေနဲ့က ကျွန်မတို့ JMC ကို အကြောင်းကြားမယ်။ ပြည်သူတွေနစ်နာမှုတွေကို တိုင်ကြားပေးမယ်ဆိုရင်တော့ ကျွန်မတို့အနေနဲ့ ထိပ်တိုက်ညှိနှိုင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်နိုင်မယ်လို့ ထင်ပါတယ်။ JMC ကို တိုက်ရိုက်အကြောင်းကြားမှု ဘာမှမရှိတဲ့အခါကျတော့ မရှိသေးဘူး” လို့ နော်ဆာထူးက ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကတော့ “နောက်ဆုံးဖြစ်စဉ်ဖြစ်ပြီးတော့ ကျွန်တော့်အနေနဲ့ မွန်ပြည်သစ်ပါတီက တာဝန်ရှိတဲ့သူတွေကိုရော၊ တပ်မတော်ဘက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူးနဲ့ပါ ဆွေးနွေးဖြစ်ပါတယ်။ ဒီကိစ္စကို ဘယ်လိုကူညီဖြေရှင်းကြမလဲ။ ဘယ်လိုကူညီမြေရှင်းမှုက ရေရှည်အတွက်ကို ယုံကြည်စိတ်ချစွာရှိနိုင်မလဲဆိုတာ ဆွေးနွေးဖြစ်ပါတယ်။ မွန်ပြည်သစ်ကတော့ နောက်ဆုံးအကြိမ် မိုင်းပေါက်ကွဲမှုဖြစ်ပြီးတဲ့အချိန်မှာ သူတို့အနေနဲ့ CEC အစည်းအဝေး သေချာထိုင်မယ်။ သေချာတိုင်ပင်ပြီးတော့ တစ်ခုခုတော့ ဆောင်ရွက်ပေးနိုင်မယ်လို့ ပြောလာတယ်။ ကျွန်တော်ကတော့ သဘောထားကြေညာချက်တစ်ခုတော့ ထုတ်ပြန်သင့်တယ်လို့ တိုက်တွန်းတယ်။ တိုက်တွန်းတဲ့အလျောက်လည်း ဒီဇင်ဘာ ၄ ရက်နေ့ မွန်ပြည်သစ်ပါတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ကြေညာချက်တစ်စောင် ထွက်လာတာတွေ့ရပါတယ်။ ကြေညာချက်ထဲမှာ ပြည်သူလူထုရဲ့ ဖြစ်နေတဲ့ ပြဿနာကို အတတ်နိုင်ဆုံးသူတို့ ကူညီဖြေရှင်းသွားမယ်ဆိုတာ တွေ့ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်စရာ သတင်းတစ်ခုပေါ့ဗျာ” လို့ ပြောပါတယ်။

မြေမြှုပ်မိုင်းအန္တရာယ်ပေါ် ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုတွေကို ဘယ်လိုပြန်လည် ကုစားပေးကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဒေါက်တာအောင်နိုင်ဦးက “ကျွန်တော့် အနေနဲ့  JMC – S (Mon) အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ သူတို့နဲ့တွေ့ဆုံပြီးရင် ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ အဖြေတစ်ခုတော့ ရပါလိမ့်မယ်။ နောက်တစ်ခုက တနင်္သာတိုင်းဒေသကြီးက တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနဲ့လည်း စကားပြော ဆွေးနွေးဖြစ်ပါတယ်။ သူလည်း သူ့မဲဆန္ဒနယ်ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီတော့ တနင်္သာရီတိုင်းဒေသကြီးအစိုးရနဲ့လည်း တွေ့ဆုံပြီးတော့ ဘယ်လိုဆောင်ရွက်လို့ ရနိုင်မလဲဆိုတာဆွေးနွေးဖို့ စီစဉ်ထားတာလည်း ရှိပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ ရေတို၊ ရေရှည်နှစ်ခုစလုံးအတွက် စဉ်းစားပြီးတော့ လုပ်ပေးပါ့မယ်လို့ ဆွေးနွေးချပြထားတာ ရှိပါတယ်။ လတ်တလောမှာလည်း ကျွန်တော့်အနေနဲ့ လူမှုအဖွဲ့အစည်းတစ်ခုနဲ့ ချိတ်ဆက်ပြီးတော့ ဒီမိုင်းအန္တရာယ် ပညာပေးဟောပြောပွဲတွေ၊ သင်တန်းတွေပြုလုပ်သွားဖို့ ရှိပါတယ်။ နောက်တစ်ခုက မိုင်းရှင်းလင်းရေးမှာ တကယ်လို့ ပစ္စည်းစက်ကိရိယာတွေနဲ့ တိုင်းတာလုပ်ဆောင်ရမယ်ဆိုရင်လည်း ပညာရှင်တွေနဲ့ရော၊ တပ်မတော်နဲ့ပါ တိုင်ပင်ပြီးတော့ ဒေသခံတွေအတွက်ကို တစ်ခုခုကူညီပေးဖို့ ဆွေးနွေးထားတာလည်းရှိပါတယ်” လို့ ပြောပါတယ်။

“ရေရှည်အတွက်ကျတော့ JMC နဲ့ ဆွေးနွေးတာ၊ KNU က အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာ၊ မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာတွေကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုတစ်ခုရအောင်လို့ ကျွန်တော်ကြိုးစား ဆောင်ရွက်သွားပါ့မယ်။ အဲဒီအပြင်ကို NCA လက်မှတ်ရေးထိုးထားပြီးသားဖြစ်တဲ့ KNU ဘက်ကရော၊ မွန်ပြည်သစ်ပါတီ ဘက်ကပါ အကျေအလည် ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ယူဆပါတယ်။ ဆွေးနွေးညှိနှိုင်းပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ဆွေးနွေးညှိနှိုင်းပြီးတဲ့အခါကျရင်လည်း နှစ်ဦးနှစ်ဖက် အောက်ခြေမှာ ပဋိပက္ခမဖြစ်စေရေးအတွက်ကိုလည်း စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုလည်း လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ ယူဆပါတယ်။ တပ်မတော်ဘက်ကလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောပါတယ်။

မွန်နဲ့ တနင်္သာရီတိုင်းဒေသကြီး အစပ်မှာ နေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်မှုကို အနည်းငယ်ပြေလျော့စေတဲ့ သတင်းတစ်ခုထွက်လာပါတယ်။ အဲဒီသတင်းက ဒီဇင်ဘာ ၅ ရက်က မွန်ပြည်သစ်ပါတီရဲ့ ထားဝယ်ခရိုင် ဝယ်ဇင်စခန်းမှာ KNU နဲ့ မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းနဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာရှိတဲ့ ဆက်စပ်နယ်မြေများအတွင်းမှာ နှစ်ဖက်အထင်အမြင်လွဲနေကြတဲ့ မိုင်းထောင်ခြင်းကိစ္စကို အတူပူးပေါင်းအဖြေရှာကြဖို့ သဘောတူညီချက်ရခဲ့တယ်ဆိုတဲ့ သတင်းပါ။

ဒါပေမဲ့လည်း ဒေသခံပြည်သူတွေအနေနဲ့ ရှေးယခင်ကလို စိုးရိမ်ပူပင်ကြောက်လန့်မှုမရှိဘဲ မိမိရဲ့နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို စိတ်အေးချမ်းသာယာစွာ လုပ်ဆောင်နိုင်စေဖို့အတွက်ကိုတော့ သက်ဆိုင်သူတွေ အားလုံးဝိုင်းဝန်းဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။