၂၀၂၄ ဘတ်ဂျက်လိုငွေနှင့် အကြောင်းတရားများ၊ အနာဂတ်များ

  ၂၀၂၄ ဘတ်ဂျက်လိုငွေနှင့် အကြောင်းတရားများ၊ အနာဂတ်များ
Published 22 June 2024
ရွှေသင် ( MPP)

  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက  ကွန်ဂရက်ဘတ်ဂျက်ရုံးက ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်အစိုးရ၏ အသုံးစရိတ်သည် ရငွေပမာဏထက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၀၇ ထရီလီယံအထိ ကျော်လွန်မည်ဟု ခန့်မှန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ခန့်မှန်းပြီးလေးလခန့်အကြာ ယခုအချိန်တွင် ကွန်ဂရက်ဘတ်ဂျက်ရုံးသည်  ယခင်လိုငွေခန့်မှန်းချက်ကို ပြင်ဆင်လျက် ဒေါ်လာ ၄၀၈ ဘီလျံတိုးမြှင့်ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ၂၀၂၄ ဘဏ္ဍာနှစ် အမေရိကန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုသည် လွန်ခဲ့သည့်လေးလက ကွန်ဂရက်ဘတ်ဂျက်ရုံး (Congressional Budget Office) က ခန့်မှန်းထားသည့်အခြေအနေထက် ၂၇ ရာခိုင်နှုန်း ပိုမိုကြီး ထွားလာလိမ့်မည်ဟု ယူဆနေကြပြီဖြစ်သည်။ ဤသို့ဆိုလျှင် အမေရိကန်အစိုးရ၏ ၂၀၂၄ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အမေရိကန်အစိုးရ ဘတ်ဂျက်လိုငွေသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁၅ ထရီလီယံတန်ဖိုးရှိလာပေလိမ့်မည်။  

          ကွန်ဂရက်ဘတ်ဂျက်ရုံး၏ သုံးသပ်ချက်တွင် ၂၀၂၄ ဘဏ္ဍာနှစ်  အစိုးရဘတ်ဂျတ်လိုငွေပြပမာဏ ၈၀ ရာခိုင်နှုန်းမြင့်တက်လာမှုနှင့်ပတ်သက်၍ သိသာထင်ရှားသော အခြေအနေလေးရပ်ကိုဖော်ပြထားသည်။ ကွန်ဂရက်ဘတ်ဂျက်ရုံး၏ ဘတ်ဂျတ်လိုငွေခန့်မှန်ချက်သည် အမေရိကန် စီးပွားရေးအဆောက်အအုံအတွင်းကြုံတွေ့နေရသော ကျောင်းသားချေးငွေသက်သာခွင့်များ၊ ဆင်းရဲသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဘဏ်များ၏ ပျက်ကွက်မှုများကြောင့် အပ်နှံငွေ   အာမခံဖြေရှင်းရသည့် မြင့်မားသောကုန်ကျစရိတ်များ၊ ယူကရိန်းနှင့် အစ္စရေးတို့ကို ပေးရသည့် အကူအညီများအပေါ်မူတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုဆိုသည်။  

အခြေအနေ (၁)

          ကျောင်းသားချေးငွေများအတွက် ခန့်မှန်းတွက်ချက်ထားသော စရိတ်စက အမေရိကန် ဒေါ်လာ ၁၄၅ ဘီလျံတိုးလာရခြင်းသည် ယခင်ထုတ်ထားသော ကျောင်းသားချေးငွေများ၏ လက်ကျန်ငွေများစွာကို လျှော့ချရန် အဆိုပြုထားခြင်း။  

အခြေအနေ (၂) 

          ဖက်ဒရယ် အပ်နှံငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation- FDIC) က  ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်များတွင် ပြည်တွင်းရှိ ဘဏ်အပ်နှံငွေပြဿနာများအတွက် ဝင်ရောက်ဖြေရှင်းပေးရမှုများကြောင့် ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၇၀ ဘီလျံခန့် ရှိလာခြင်း။ (နောင်နှစ်များတွင်မူ ထိုကုန်ကျစရိတ်များ ပြန်လည်ရရှိလာခဲ့လျှင် လိုပြငွေပမာဏကို ပြန်လည်ထေမိနိုင်မည်ဟုယူဆသည်)။ 

အခြေအနေ (၃)

          အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေများကြောင့် အစိုးရအသုံးစရိတ်ပမာဏခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံအထိ တိုးမြှင့်လာခြင်း။

အခြေအနေ (၄)

          အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု Medicaid ကုန်ကျစရိတ်အတွက် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၅၀ ဘီလျံခန ့်ထပ်မံတိုးလာခြင်း။   

          ထို့ကြောင့် ၂၀၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေပမာဏတွင် ကျောင်းသားချေးငွေအကြွေးကို ဖြေလျှှော့နိိုင်ရေးကုန်ကျစရိတ်သည် ဘတ်ဂျက်လိုငွေပမာဏ ၏ ၃၅ ရာခိုင်နှုန်း၊ အခက်အခဲဖြစ်နေသော ပြည်တွင်းဘဏ်များ၏ အပ်ငွေပြဿနာများကို ဖြေရှင်းပေးရသည့် ဖက်ဒရယ်အပ်နှံငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation- FDIC)  ၏အသုံးစရိတ်သည် ၁၇ ရာခိုင်နှုန်း၊ ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်အရေးကိစ္စများကို ဦးတည်နေသည့် စစ်ရေးအသုံးစရိတ်တိုးမြင့်မှုများသည် ၂၃ ရာခိုင်နှုန်းနှင့် အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု Medicaid အတွက် မြင့်တက်လာသော အသုံးစရိတ်က ၁၂ ရာခိုင်နှုန်းအသီးသီး ရှိနေသည်။   

          သမ္မတ ဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေးအသုံးစရိတ်များ တိုးမြင့်လာမှုသည် ၂၀၂၅ ခုနှစ်အထိ ဖြစ်လာနိုင်ခြေရှိသည်။ ကွန်ဂရက်ဘတ်ဂျက်ရုံးက ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လိုငွေပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃၈ ထရီလီယံအထိ ရောက်ရှိလာကာ ဘတ်ဂျက်လိုငွေ ထပ်မံမြင့်တက်လာနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။ ယခုကြုံရသည့် အခြေအနေသည် ၂၀၂၂ ခုနှစ်က ကိုဗစ်ကပ်ရောဂါအတွက် ထောက်ပံ့ကူညီမှုများ၊ ဘဏ္ဍာငွေဖြည့်ဆည်းမှုကြောင့်ဖြစ်ပေါ်လာသည့်   သိသာသော ဘတ်ဂျက်လိုငွေအခြေအနေအပြီးတွင် ထပ်မံဖြစ်ပေါ်လာသည့် သမ္မတဂျိုးဘိုင်ဒင်လက်ထက် ဒုတိယမြောက်လိုငွေပြအခြေအနေဖြစ်သည်။

          အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်း ကြွေးမြီစိန်ခေါ်မှုသည် ပို၍ဆိုးရွားလျက်ရှိနေသည်။  မြင့်မားနေသောအတိုးနှုန်းများသည် ကြွေးမြီ ဝန်ထုပ်ဝန်ပိုးနှင့်ကြွေးမြီကုန်ကျစရိတ်တို့ကို ဆက်လက်ဖိအားပေးလျက်ရှိသည်။ အခြေအနေသည် နောက်ထပ်ကြွေးမြီပမာဏတိုးမြင့်လာမည့်အခြေအနေဆီသို့လည်း ဆက်လက်သွားနေတော့သည်။ ပိုမိုတိုးမြင့်သုံးစွဲလာနေသော အစိုးရအသုံးစရိတ်များကြောင့် အမေရိကန်အစိုးရ၏ ဆိုးရွားသောဘဏ္ဍာရေးအခြေအနေကိ မျက်ဝါး ထင်ထင်မြင် တွေ့နေကြရပြီ။ လာမည့်ဆယ်စုနှစ်များအတွင်း ဆက်လက်သက်ရောက်မှုများရှိလာနိုင်သည်ဟု သုံးသပ်နေကြ၏။      

Ref: America’s Surging Deficit Spending

 

 

Most Read

Most Recent