ပြည်သူအားကိုးသော စွမ်းဆောင်ရည်မြင့် ရဲတပ်ဖွဲ့ဖြစ်ဖို့ဆိုရင်

ပြည်သူအားကိုးသော စွမ်းဆောင်ရည်မြင့် ရဲတပ်ဖွဲ့ဖြစ်ဖို့ဆိုရင်
မြို့နယ်တစ်ခုအတွင်း လုံခြုံရေးဆောင်ရွက်နေသော  ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မြို့နယ်တစ်ခုအတွင်း လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 2 December 2018
မင်းသူဝင်းထွဋ်

ရဲတပ်ဖွဲ့ဝင်များရဲ့  စွမ်းဆောင်ရည်များ နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပက်သက်ပြီး ပြည်သူတွေကြားမှာ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့တာကြာခဲ့ပါပြီ။ မှုခင်းကြီး အချို့မှာ စုံစမ်းဖော်ထုတ်မှု အားနည်းချက်တွေကိုလည်း ထောက်ပြကြတာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည် မြင့်တက်လာစေဖို့နဲ့ ပြည်သူလေးစားတဲ့ ရဲ တပ်ဖွဲ့တစ်ခု ဖြစ်ပေါ်လာဖို့ကို ကနေ့အချိန်အထိ လက်တွေ့ကျစွာ ဖန်တီးမပေးနိုင်သေးတဲ့ အကြောင်းအရာများစွာကိုတော့ ထောက်ပြပြောဆိုမှုတွေ နည်းပါးခဲ့ပါတယ်။ အောက်ခြေ ရဲတပ်ဖွဲ့ဝင်တွေက လူမှုကွန်ရက်စာမျက်နှာများမှာ ရေးသားဖော်ပြမှုတွေကိုသာ မြင်တွေ့ရမှာဖြစ်ပြီး ရေးသားဖော်ပြတဲ့ ရဲတပ်ဖွဲ့ ဝင်အချို့ အရေးယူခံရတယ်ဆိုတာပဲ ကြားသိရပါလိမ့်မယ်။

 

ရဲတပ်ဖွဲ့သမိုင်း

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာဟာ နယ်ချဲ့အင်္ဂလိပ်များ မြန်မာပြည်ကို စတင်ကျူးကျော် ဝင်ရောက်သိမ်းပိုက်ပြီးချိန်မှ စတင်ပြီးတော့ ပေါ်ပေါက်ခဲ့တာပါ။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ မြန်မာဘုရင် သီပေါမင်းကို ဖမ်း ဆီးခေါ်ဆောင်သွားပြီးနောက် မြန်မာပြည်ဟာ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ်များဟာ ၎င်းတို့ရဲ့ အုပ်ချုပ်မှုစနစ် ပိုမိုခိုင်မာရေးအတွက် ၁၈၈၇ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ ကျေးရွာအက်ဥပဒေကို ပြဋ္ဌာန်းပြီးတော့ ပုဒ်မ ၃ အရ ကျေးရွာပုလိပ်အဖွဲ့ ဖွဲ့စည်းခန့်အပ်ခွင့်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ်တွေဟာ မြန်မာပြည်ပုလိပ်အဖွဲ့နဲ့ပတ်သက်ပြီးတော့ စုံစမ်းရေးကော်မတီ ဖွဲ့စည်းလေ့လာပြီးနောက်မှာ ပုလိပ်အဖွဲ့ဝင် မြန်မာလူမျိုးများကို အမှုစစ်လုပ်ငန်းတွေကို စတင်ပေးအပ်စေခိုင်းခဲ့ပါတယ်။ တော်လှန်မှုများ၊ ရာဇဝတ်မှုကြီးများကို နှိမ်နင်းရာမှာ ကုန်ကျငွေသက်သာအောင် ထိုအချိန်က ပညာမတတ် မိုက်ရူးရဲဆန်သူ ကျန်းမာသန်စွမ်းသူများကိုသာ ရွေးချယ်ပြီးတော့ မြန်မာလူမျိုး ပုလိပ်ရဲသားများကို လစာငွေ ၉ ကျပ်၊ ၁၀ ကျပ် ပေးအပ်ကာ ခန့်ထားခဲ့တာပါ။ ထိုအချိန်က ပုလိပ်အဖွဲ့မှာ အသုံးပြုခဲ့တဲ့ တံဆိပ်ကတော့ ဦးထုပ်တံဆိပ် အလယ်မှာ သရဖူတံဆိပ်ပါပြီး ပတ်လည်မှာ Burma Police ဆိုတဲ့ စာတမ်းနဲ့ ဝန်းရံထားပါတယ်။ တံဆိပ်ရဲ့ထိပ်မှာ ၁၈၈၇ လို့ စစ်ပုလိပ်များ စတင်ဖွဲ့စည်းခဲ့တဲ့ ခုနှစ်၊ ယာဘက်ဘေးမှာ ၁၈၈၅ အင်္ဂလိပ်များ အထက်မြန်မာနိုင်ငံကို သိမ်းယူတဲ့ ခုနှစ်၊ ဝဲဘက်ဘေးမှာ ၁၈၈၉ အထက်နဲ့ အောက်မြန်မာပြည်ရှိ စစ်ပုလိပ်နှစ်ဖွဲ့ကို ပူးပေါင်းသော ခုနှစ်၊ အောက်တည့်တည့်တွင် ၁၈၉၁ စစ်ပုလိပ်နှင့် မြို့ပြ ပုလိပ်သီးခြားစီဖွဲ့စည်းခဲ့တဲ့ခုနှစ်တွေ ထည့်သွင်းကာ တံဆိပ်အဖြစ် အသုံးပြုခဲ့ပါတယ်။

ပုလိပ်အဖွဲ့ စတင်ဖွဲ့စည်းပြီးနောက် ၁၅ နှစ်အကြာ ၁၉၀၆ ခုနှစ် ဧပြီ ၇ ရက်မှာ တောင်ငူမြို့မှာ ပထမဆုံး ဆပ်ကျောင်းခေါ် ပုလိပ်အတတ်သင်ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ ရာဇဝတ်ဝန်ထောက် (ယခုအခေါ် ဒုတိယရဲမှူး) နှင့် ရာဇဝတ်အုပ်လောင်း (ယခုအခါ ဒုတိယရဲအုပ်) သင်တန်းသားများကို ရောနှောတက်ရောက်စေခဲ့ပါတယ်။ အများဆုံး တတ်ရောက်တာက ရာဇဝတ်အုပ်လောင်းများဖြစ်တာကြောင့် ဆပ်ကျောင်းလို့ အမည်တွင်ခဲ့ရတာပါ။

ဒါ့အပြင် ၁၉၂၆ ခုနှစ်မှာတော့ စုံထောက်သင်တန်းကျောင်းကို အင်းစိန်မြို့မှာ ထပ်မံဖွင့်လှစ်ခဲ့ပြီး ခေတ်မီရဲပညာရပ်များကို အရပ်ဘက်မှ ဆရာဝန်ကြီးများ ပါရဂူများ တက္ကသိုလ်ဆရာများနဲ့ နိုင်ငံတကာမှ ပညာရှင်များကို ခေါ်ယူသင်ကြားစေခဲ့ပါတယ်။ ထိုအချိန်က စုံထောက်သင်တန်းဆင်း စုံထောက်များဟာ အလွန်ကို စုံစမ်းထောက်လှမ်းရာမှာ တော်တယ်လို့ ဆိုခဲ့ပါတယ်။

၁၉၄၂ ခုနှစ် ဂျပန်များ မြန်မာပြည်ကို ဝင်ရောက်ခဲ့ချိန်မှာတော့ ပုလိပ်အဖွဲ့ကို မြန်မာပြည်ရဲအဖွဲ့လို့ အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် အင်္ဂလိပ်များ မြန်မာပြည်ကို ဒုတိယအကြိမ် ထပ်မံဝင်ရောက်ခဲ့ပြီး ချိန်မှာတော့ ရဲအဖွဲ့ကို ပုလိပ်အဖွဲ့ဟုသာ ပြန်လည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြန်ပါတယ်။ ဒီအချိန်မှာတော့ နယ်ချဲ့တွေရဲ့ လက်ကိုင်တုတ်လို့ ပုလိပ်အဖွဲ့ကို ပြောဆိုခံရမှုတွေကနေမျိုး ချစ်ပုလိပ်အဖွဲ့ဟာ ဖောက်ထွက်ပြီး “ကရောင်းကို ပျောက်၍ ဒေါင်းရောက်စေရမည်” လို့ ကြွေးကြော်ကာ အင်္ဂလိပ်များ သတ်မှတ်ထားခဲ့တဲ့ သရဖူပုံကို ဦးထုပ်မှဖြုတ်ချကာ ဒေါင်းတံဆိပ်များကို ပြောင်းလဲတပ်ဆင်ပြီး ၁၉၄၆ ခုနှစ် စက်တင်ဘာ ၅ ရက်မှာ ပုလိပ်သပိတ်ကြီး ဆင်နွဲခဲ့ပါတယ်။ ပုလိပ်အဖွဲ့ရဲ့ သပိတ်ကို တားဆီးမရနိုင်တော့တဲ့ အင်္ဂလိပ်အစိုးရဟာ ပုလိပ်အဖွဲ့ကို အင်္ဂလိပ်အရာရှိများဖြင့် ဦးစီးအုပ်ချုပ်ရန် မဖြစ်နိုင်သည်ကို သိရှိလာသောကြောင့် မြန်မာလူမျိုး ရာဇဝတ်မင်းကြီး (ယခု ရဲချုပ်ရာထူး) ဦးဘမောင်ကို ၁၉၄၇ ခုနှစ်မှာ ပထမဆုံးသော မြန်မာပြည်သား ရဲချုပ်အဖြစ် တာဝန်ပေးခဲ့ရပါတော့တယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရရှိပြီးတဲ့နောက် ပုလိပ်ဆိုတဲ့ ဝေါဟာရကိုဖျောက်ကာ ရဲဟူသော အမည်ကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် အဆင့်ဆင့် အသွင်ပြောင်းလဲခဲ့တာ အခုချိန်အထိပါပဲ။

 

စွမ်းဆောင်ရည် ကျဆင်းလာသလား

ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ ရာဇဝတ်မှုခင်းများနဲ့ ပြည်သူ့လုံခြုံရေးစီမံချက်များမှာ စွမ်းဆောင်ရည်များစွာ ကျဆင်းခဲ့တယ်လို့ ဝေဖန်မှုများရှိခဲ့ပါတယ်။ ဥပမာ- ဧရာဝတီတိုင်းဒေသကြီး ပိုးလောင်းကျေးရွာမှာဖြစ်ပွားခဲ့တဲ့ သံသယရှိ ပြည်သူနှစ်ဦးကို မင်းမဲ့စရိုက်ဆန်ဆန် နှိပ်စက်မှုဟာ နိုင်ငံသိမှုခင်းတစ်ခုဖြစ်ခဲ့သလို ရဲတပ်ဖွဲ့က ယနေ့အထိတိုင် ဖော်ထုတ်မရသေးတဲ့ မှုခင်းဖြစ်စဉ်များလည်း များစွာရှိနေခဲ့ပါတယ်။ နေ့စဉ် လှည့်ကင်း၊ ပတ်ကင်းနှင့် ကင်းပုန်းများကို ချထားပေးတယ်ဆိုပေမယ့် ပိုများလာတဲ့ ဖောက်ထွင်းလုယက်မှုတွေဟာလည်း ကျဆင်းသွားခြင်း လုံးဝကို မရှိခဲ့တာပါ။ ဘာကြောင့် အခုလိုဖြစ်ပျက်မှုတွေ ပိုမိုများပြားခဲ့ရသလဲဆိုတာကို ရဲတပ်ဖွဲ့ဝင်အချို့ကို ချဉ်းကပ်မေးမြန်းရာမှာတော့ (၁) မြို့မရဲစခန်း၊ နယ်မြေရဲစခန်းတိုင်းမှာ ဖွဲ့စည်းပုံပြည့်မီတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက်ဟာ မရှိကြောင်းကို သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်အသစ်တွေကို စုဆောင်းဖို့ဆိုတာလည်း အခုခေတ်ကာလအချိန်မှာ အလွန်ကို မလွယ်ကူလှတဲ့ အခြေအနေပါပဲ။ ရဲတပ်ဖွဲ့ဝင်များဟာ နေ့စဉ်အလုပ်ချိန်ရယ်လို့ သီးသန့်မရှိပါဘူး။ နည်းပါးလှတဲ့လစာနဲ့ ၂၄ နာရီကာလပတ်လုံး တာဝန်ထမ်းဆောင်နေရသူများ ဖြစ်ပါတယ်။ ညဘက် လှည့်ကင်းလိုက်သူဟာ မနက်ကို ရုံးထုတ်လည်းသူပါပဲ။ စခန်းလုံခြုံရေးအတွက် ညနေမှာလည်း တာဝန်ယူရပါဦးမယ်။ အရေးပေါ်ဖြစ်စဉ်များရှိရင်တော့ မဖြစ်မနေကို တာဝန်ထပ်မံထမ်းဆောင်ရဦးမှာပါ။ လူတစ်ဦးဟာ အနားယူချိန်မပြည့်မီရင် လုပ်ငန်းအပေါ် စိတ်ပါဝင်စားမှု လျော့ကျလာပြီးတော့ ပင်ကိုစိတ်ရင်းကောင်းသူဖြစ်သည့်တိုင် စိတ်ဒေါသများပါဝင်တတ်ပြီး အလုပ်တွင်း ဖိအားများ ဖြစ်ပေါ်စေပါတယ်။ ပြည့်မီလုံလောက်တဲ့ အင်အားသာရှိမယ်ဆိုရင်တော့ အခုထက် ပိုမိုတဲ့ လုပ်ငန်းခွင်ကြီးကြပ်နိုင်မှု ပိုမိုလာနိုင်ပါတယ်။ ဒီနေရာမှာ ရဲတပ်ဖွဲ့ဝင် အချို့ကို ချဉ်းကပ်မေးမြန်းမှုအရ ရဲတပ်သား အသစ်များ ထပ်မံဝင်ရောက်လာလိုမှု ပိုမိုနည်းပါးနေတယ်လို့ သိရပါတယ်။ ပိုမိုနည်း ပါးလာရတဲ့အကြောင်းဟာ ရဲတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ လစာနည်းနည်းနဲ့ အလုပ်ခွင်ဖိအား ပိုမိုများပြားကာ လူမုန်းကို ပိုမိုခံစားရတာ ရာထူးအဆင့်ဆင့် မျှော်လင့် ချက်နည်းတာကို တွေ့ရပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေရဲ့ အိမ်ရာအခန်းတွေကို သွားကြည့်ပါ။ အများစုဟာ ပြိုလဲတော့မယ့် အဆောက်အအုံတွေပါပဲ။ ကိုယ့်အိမ်ကိုယ် ပြင်ပြီးနေရတာ။ အချို့ဆို နေစရာတောင် နေရာမရဘူး။ မိသားစုဝင်တွေက ခက်ခဲတော့ သူတို့လည်း ခက်ခဲကုန်တယ်။ ရဲဖြစ်လာရင် နားချိန်လည်းမရှိ မိသားစုအတွက်လည်း ဘာမှမကူနိုင်ဘဲ ၂၄ နာရီလုံး လုံးတာဝန်တွေနဲ့ ဖြစ်နေတော့ အချို့ကကြမ်းတမ်းလာကြတာပေါ့။ နောက်တစ်ခုက ဝန်ထမ်းတစ်ယောက်မှာ ဝန်ထမ်းရယ်လို့ လုပ်ဆောင်တာဟာ လစာအတွက်တစ်ခုတည်း မဟုတ်ဘူး။ သူသူကိုယ်ကိုယ် လူလေးစားမှု ခံယူချင်တယ်။ ရာထူးရာခံလေးတော့ ဖြစ်ချင်တယ်။ ရာထူးအတွက် မျှော်လင့်စရာမရှိရင် ဥစ္စာဘက်ကို လူတိုင်းဟာ လှည့်လာမှာပဲ။  ရာထူးတိုးမြင့်ပေးရေး ခံစားခွင့်ရှိရေးဟာလည်း အရေးကြီးတယ်။ လူမုန်းခံရတယ်၊ ရပိုင်ခွင့်နည်းတယ်။ ဒါ့ကြောင့် ရဲဝန်ထမ်းထဲ မှာကိုက ရဲထဲဝင်ဖို့ တားလာကြတော့တယ်။ အခုချိန်မှာ သတင်းကျော်စောတာနဲ့တင်  ဝန်ထမ်းဘဝပျက်နိုင်တာမို့ မလုပ်ချင်ကြတော့ဘူး” ဟု အငြိမ်းစားဒုရဲမှူးကြီးတစ်ဦးဖြစ်သူ ဦးကျော်ငြိမ်းက ပြောပါတယ်။

ဒုရဲမှူးကြီး(ငြိမ်း) ဦးကျော်ငြိမ်းဟာ ၁၉၇၇ ခုနှစ်မှာ ရဲတပ်သားဘဝနဲ့ ရဲတပ်ဖွဲ့ အတွင်းကို စတင်ဝင်ရောက်ခဲ့ပြီးတော့ ၁၉၉၀ ပြည့်နှစ်မှာ ပူတာအိုနယ်မြေရဲစခန်းမှာ ဒုရဲအုပ်ရာထူးနဲ့ စခန်းမှူးတာဝန်ထမ်းဆောင်နေတုန်းက လာရောက်လာဘ်ပေးသည့်အမှုကို ဖမ်းဆီးခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မကွေးခရိုင်ဒုရဲမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ အငြိမ်းစားပင်စင်ယူခဲ့ပြီး အခုအချိန်မှာ အထက်တန်းရှေ့နေတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦး ဖြစ်ပါတယ်။ ၎င်းကလည်း ရဲတပ်ဖွဲ့ဝင်အတွေ့ အကြုံကို အခုလို သုံးသပ်ပြပါတယ်။

“အခု ရဲတပ်ဖွဲ့ရဲ့ စွမ်းရည်နဲ့ပတ်သက်ပြီး လေ့လာကြည့်တာမှာ စွမ်းဆောင်ရည်တွေ ကျဆင်းလာတာအမှန်ပဲ။ ရဲတပ်ဖွဲ့မှာက ဥပဒေတွေရှိပေမယ့် ဥပဒေထက် ညွှန်ကြားချက် တွေကိုပဲ လိုက်နာရပြီး နီးရာကို ကြောက်ရတယ်။ အမိန့်နာခံမှုက အဓိကပဲ။ ဥပဒေက ဒုတိယ၊ ဥပဒေနဲ့အညီလုပ်ရတာရှိသလို တချို့ဟာတွေက ညွှန်ကြားချက်အတိုင်းပဲ လုပ်ရတယ်။ နောက်တစ်ခုက ရဲတပ်ဖွဲ့ဝင်တစ်ယောက် ပြစ်မှုတစ်ခုကို ကျူးလွန်မိတယ်ဆိုရင် ရဲတရားရုံးရော၊ အရပ်ဘက်တရားရုံးမှာပါ စစ်ဆေးခံရတယ်။ ပြစ်မှုနှစ်ဆခံရတယ်ပေါ့။ လူအင်အားနည်းနည်းနဲ့ လုပ်ရတော့ သူတို့မှာ လေ့လာရမယ့်အချိန်၊ နားရမယ့် အချိန်ရယ်ကို မရှိတော့ဘူး။ စုံစမ်းထောက်လှမ်းတော့ သူတို့၊  ဖမ်းဆီးသိမ်းဆည်းတော့လည်း သူတို့၊ တရားစွဲတင်တော့လည်း သူတို့၊ တရားရုံးရောက်လို့ သက်သေဆိုလည်း အမှုမပြီးမချင်းက သူတို့ပဲ။ အရာရှိတစ်ယောက်ဟာ ၁၀ မှုလောက်ဖမ်းပြီးသွားလို့ တရားရုံး တင်လိုက်ရင် သူတို့မှာ အခြားအမှုကို ဆက်ကိုင်ဖို့ အချိန်ရယ်မရှိတော့ဘူး။ ရုံးထုတ်ရင်း သက်သေတွေ ခေါ်စစ်နေရတဲ့အဖြစ်ကိုပါ မြင်တွေ့နေရတယ်။ နောက်တစ်ခု ရဲတပ်ဖွဲ့ ဝင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့အရာတွေ ထုတ်ပေးထားနိုင်လားဆိုတော့ မထုတ်ပေးနိုင်ဘူး။ လက်ထိပ်ကအစ ဝယ်ကိုင်ရတယ်။ ဝတ်စုံကအစ မလောက်ဘူး။ စုံစမ်းထောက်လှမ်းဖို့ Police Box  ဆိုရင် မစုံလင်ဘူး။ အိမ်ရာတွေ၊ လိုင်းခန်းတွေဆို နေစရာတောင် မရှိဘူး။ အစ်ကိုဆို ရဲတပ်ဖွဲ့မှာ လုပ်ကိုင်တုန်းက ဖိအားတွေကို ကြောက်နေရပြီး ဖုန်းသံမြည်လာမှာကိုပါ စိုးရိမ်နေရတယ်။ ဥပဒေအရ မလုပ်ရဘူး။ အခုဥပဒေအရ နေရတော့ လုပ်တော့ ကျေနပ်တယ်” လို့ ဦးကျော်ငြိမ်းက ပြောပါတယ်။

 

ဘာကြောင့် စွမ်းဆောင်ရည်ကျဆင်းလာသလဲ

လက်ရှိအစိုးရရဲ့ သတ်မှတ်ထားတဲ့ အလုပ်လုပ်အချိန်ဟာ တစ်နေ့ကို ရှစ်နာရီပါ။ လစာအနည်းငယ်နဲ့ ၂၄ နာရီလုံးလုံး တာဝန်ထမ်းဆောင်နေရမှုရဲ့ရလဒ်ဟာ အနားယူ ချိန်နည်းပါးပြီး မိမိအသက်မွေးဝမ်းကျောင်း ပညာရပ်ကို ထပ်မံလေ့လာဆည်းပူးဖို့ အချိန်မရှိဘဲ စွမ်းဆောင်ရည် ကျဆင်းစေပါတယ်။ လုပ်ခလစာနဲ့ မိသားစုစားဝတ်နေရေး မပြေလည်မှုကလည်း အလုပ်အပေါ်မှာ အဂတိလိုက်စားမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ လူဆိုတာ မျှော်လင့်ချက်ရှိမှု တိုးတက်ကြောင်းကို စဉ်းစားမိသူတွေပါ။ တိုးတက်ကြောင်းမရှိပါက ဖောက်ထွက်လိုစိတ်၊ နာခံလိုစိတ် ပျောက်ရှတတ်ကြပါတယ်။ လစာနည်းပါး၊ နေထိုင်မှု အဆင်မပြေ၊ တိုးတက်ရာအတွက် မျှော်လင့်ချက်နည်း၊ ပြည်သူနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ အဖွဲ့အစည်းမို့ ပြည်သူများရဲ့ ဝေဖန်မှုကို နေ့စဉ်ခံစားနေရပြီး ချီးကျူးဂုဏ်ပြုသံကင်းမဲ့နေရင်တော့ ပြည်သူ့ရဲအဖြစ်ကို မိမိတို့ဘာသာ အသွင်ပြောင်းလာလို စိတ်နည်းပါးပါလိမ့်မယ်။

 

ပြည်သူ့ရဲတပ်ဖွဲ့ စွမ်းဆောင်ရည်မြင့်ဖို့ဆိုရင်

မြန်မာနိုင်ငံမှာ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ ရှိပါတယ်။ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်စသည့် တက္ကသိုလ်များစွာ ရှိပါတယ်။ နည်းပညာတက္ကသိုလ်ဆင်း တစ်ယောက်ဟာ အင်ဂျင်နီယာတစ်ဦးဖြစ်လာပြီး ကွန်ပျူတာတက္ကသိုလ်ဆင်းတစ်ယောက်ဟာ ကွန်ပျူတာပညာရှင်တစ်ဦး ဖြစ်လာပါတယ်။  ဆေးတက္ကသိုလ်ဆင်း တစ်ယောက်ဟာလည်း ဆရာဝန်တစ်ယောက် ဖြစ်လာပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြီးတဲ့ စစ်တက္ကသိုလ်အသီးသီးလည်း ရှိပါတယ်။ ပြည်သူများနဲ့ နေ့စဉ်ထိတွေ့ပြီးတော့ ပြည်သူ့ဝန်ဆောင်မှု၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် တကယ်လုပ်ဆောင်နေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက်တော့ ရဲတက္ကသိုလ်ဆိုတာ မြန်မာပြည်မှာ မရှိသေးပါဘူး။ စနစ်တကျသင်ကြားပြီးတော့ လုပ်ငန်းခွင်ထဲမှာ အတွေ့အကြုံယူကာ ပြည်သူ့ဝန်ဆောင်မှုပေးမယ့် ရဲတပ်ဖွဲ့ဝင်အရာရှိတွေကို မွေးထုတ်ပေးမယ့် ရဲတက္ကသိုလ်ဆိုတာ လိုအပ်ချက်တစ်ခု ဖြစ်နေပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဥပဒေရေးရာ ဆိုင်ရာတွေ၊ စုံစမ်းထောက်လှမ်းမှုတွေကို စနစ်တကျ သင်ကြားပေးမယ့် ရဲတက္ကသိုလ်တစ်ခုဆိုတာကိုလည်း တည်ဆောက်သင့်ပါတယ်။ ဒါမှ အရည်အသွေးပြည့်ဝပြီး စမတ်ကျတဲ့ ရဲအရာရှိတွေနဲ့ ပြည်သူများအကြား နွေးထွေးမှုတွေ ရှိလာနိုင်ပါလိမ့်မယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအတွက် လုံလောက်သော ရိက္ခာ၊ လစာ၊ မျှော်လင့်ချက်၊ မိသားစုနေထိုင်ရေး ခံစားခွင့်တွေလည်း အပြည့်အဝကို ဖော်ထုတ်ပေးဖို့ လိုအပ်နေပါပြီ။ လှည့်ကင်းလှည့်ဖို့ ဆိုင်ကယ်မရှိ ကားမရှိ၊ တရားခံဖမ်းဆီးဖို့ လက်ထိပ်မရှိ၊ အနားယူချိန် လေ့လာချိန်မရှိတဲ့ တာဝန်ဝတ္တရားများကို နေ့စဉ်ကြုံတွေ့နေသမျှတော့ စွမ်းဆောင်ရည်တွေ ကျဆင်းနေဦးမှာပါပဲ။ လက်ရှိအစိုးရသစ်လက်ထက်မှာ ၁၈၈၇ ခုနှစ်ကတည်းက ဖြစ်တည်လိုအပ်ချက်များစွာရှိခဲ့တဲ့  ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်တာလိုအပ်ချက် ဆောင်ရွက်ချက်များကိုသာ ဖြည့်ဆည်းနိုင်မယ်ဆိုရင် တရားဥပဒေစိုးမိုးမှုဟာလည်း ပိုမိုအား ကောင်းလာမယ်လို့ ယူဆမိပါတယ်။ စွမ်းဆောင်ရည်ကျနေသည်ကို ဝေဖန်စိစစ်ခဲ့သလို စွမ်းဆောင်ရည်မြှင့်တင်ဖို့လည်း ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါလိမ့်မယ်လို့ ယူဆမိပါတယ်။