ရခိုင်ပြည်နယ်ဟာ ဘယ်ကလာမှန်းမသိတဲ့ ဘင်္ဂါလီတွေ စုပုံထားရာ ကုန်တိုက်ကြီးဖြစ်နေပြီလား

ရခိုင်ပြည်နယ်ဟာ ဘယ်ကလာမှန်းမသိတဲ့ ဘင်္ဂါလီတွေ စုပုံထားရာ ကုန်တိုက်ကြီးဖြစ်နေပြီလား
မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ်အတွင်း ဘင်္ဂါလီများ နေရာမချထားရေးအတွက် ဒေသခံများ နိုဝင်ဘာ ၄ ရက်တွင် ဆန္ဒထုတ်ဖော် တောင်းဆိုစဉ်
မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ်အတွင်း ဘင်္ဂါလီများ နေရာမချထားရေးအတွက် ဒေသခံများ နိုဝင်ဘာ ၄ ရက်တွင် ဆန္ဒထုတ်ဖော် တောင်းဆိုစဉ်
Published 2 December 2018
သားရွှေဦး (ကစ္ဆပ)

အစိုးရက ဘင်္ဂါလီပြန်လည် လက်ခံရေး ဆောင်ရွက်နေစဉ်မှာပဲ  ရခိုင်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့ ပါတယ်။ တစ်ကြိမ်က နိုဝင်ဘာ ၄ ရက်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်သုံးခုက ပြည် သူတွေ မောင်တောမြို့ပေါ်မှာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ ကြတာဖြစ်ပါတယ်။ နောက်တစ်ကြိမ်က နိုဝင်ဘာ ၂၅ ရက်က စစ်တွေမြို့ပေါ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ ဖြစ်ပါတယ်။

 

ဘင်္ဂါလီ ကုန်တိုက်

နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီး ပင်လယ်ထဲ မျောပါနေတဲ့  စက်လှေကြီး တစ်စင်းပေါ်မှာ ဘင်္ဂါလီ ၁၀၆ ဦးကိုတွေ့ရှိခဲ့ပြီးတော့ သူတို့ဟာ ရခိုင်ပြည်နယ်က ဖြစ်တယ်ဆိုပြီး စစ်တွေမြို့ကို ပို့ဆောင်ခဲ့ပါတယ်။

သူတို့ဟာ စစ်တွေ ဘင်္ဂါလီ ဒုက္ခသည်စခန်းက အောက်တိုဘာ ၂၃ ရက်က စက်လှေဖြင့် ထွက်ခွာ လာခဲ့ပြီး ၂၅ ရက်အကြာ နိုဝင်ဘာ ၁၆ ရက်မှာ ကျောက်တန်းမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။  ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် က စစ်တွေမြို့သို့ ရေတပ်သင်္ဘော နဲ့ နိုဝင်ဘာ ၁၈ ရက်က ပြန်လည် ပို့ဆောင်ခဲ့တာဖြစ်ပြီး  နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းမှာ စစ်တွေ သဲချောင်းသို့ ရောက်ရှိကာ နေရပ်အသီးသီးကို ပို့ဆောင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်တစ်ခါ နိုဝင်ဘာ၂၅ ရက်က ထားဝယ်ခရိုင် လောင်းလုံဘုတ်ကျွန်း အနီးမှာ ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂါလီ ၉၀ ကျော် စစ်တွေ သဲချောင်းကို နိုဝင်ဘာ ၃၀ ရက်မှာ ရောက်ရှိလာပါတယ်။ ဘင်္ဂါလီ စုစုပေါင်း ၉၃ ဦးကို တပ်မတော် စစ်ရေယာဉ် တစ်စင်းက ထားဝယ်ခရိုင် လောင်းလုံဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ တွေ့ရှိပြီးနောက် စစ်ဆေးတဲ့အခါသူတို့ဟာ ရခိုင်က ဖြစ်တယ်ဆိုတာ ပေါ်ပေါက်လို့ ရခိုင်ကို ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ဘယ်ကလာမှန်းမသိတဲ့ ဘင်္ဂါလီတွေကို စုပုံထားရာ ကုန်တိုက်ကြီး တစ်ခုနဲ့ တူနေတယ်လို့ စစ်တွေဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ကျော့စိန်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂါလီတွေက ကျွန်မတို့ ရခိုင်ပြည်ထဲ ခိုးဝင်တယ်။ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေက ရခိုင်ပြည်နယ်ကတစ်ဆင့် ရန်ကုန်တို့ကို တက်တဲ့အခါကျတော့ အာဏာပိုင်တွေက ဖမ်းတယ်။ ဖမ်းပြီးရင် ဘယ်ကိုပြန်ပို့သလဲဆိုရင် ရခိုင်ပြည်နယ်ထဲကို ပြန်ပို့တယ်။ ပြောရရင် ရခိုင်ပြည်နယ်ဟာ ဘင်္ဂါလီတွေ စုပုံထားတဲ့ ကုန်တိုက်ကြီး တစ်ခုလိုဖြစ်နေပြီ” လို့ ပြောခဲ့တာပါ။

အစိုးရအနေနဲ့ ယခုလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ခိုးဝင်ဘင်္ဂါလီတွေကို သေချာစိစစ် အရေးယူဖို့ လိုပါတယ်။ ပြည်မကို အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ခိုးဝင်လာသူမှန်သမျှ ရခိုင်သို့ပို့နေခြင်းမှာ တရားမျှတမှု ရှိသလား ဆိုတာကို အစိုးရအနေဖြင့် စဉ်းစားသုံးသပ်ဖို့ လိုတယ်လို့လည်း ဆိုကြပါတယ်။

 

ကမန်ဟာ ဘင်္ဂါလီဝင်ပေါက်လား

ဘင်္ဂါလီတွေဟာ နိုင်ငံသားရရေးအတွက် ခေတ်အဆက်ဆက် ကြိုးစားလာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဥပဒေနဲ့အညီ မဖြစ်လေတော့ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးအမည်သစ်တွေနဲ့ တိုင်းရင်းသား အခွင့်အရေးကို တောင်းဆိုလာတာပါ။ ဒါကလည်း မြန်မာ နိုင်ငံက တိုင်းရင်းသားတွေ လက် မခံတော့ သူတို့ရဲ့တိုင်းရင်းသား ဖြစ်ရေးအတွက်  သူတို့နဲ့ ရုပ်သွင် ပြင်နဲ့ ကိုးကွယ်ရာဘာသာချင်းတူ တဲ့ ကမန်လူမျိုးဖြစ်ရေးဘက်ကို ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။ ကမန်ဖြစ်ရင် တိုင်းရင်းသားဖြစ်ပြီ ဆိုတဲ့အချက်ကို ကိုင်စွဲပြီး ကမန် ဟာ ဘင်္ဂါလီတွေရဲ့ ဝင်ပေါက် တစ်ခုလို ဖြစ်လာပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်က လုပ်ကမန်လို့ ပြောဆိုနေကြတဲ့  ဘင်္ဂါလီ ၃၃၀၆ ဦးကို  နိုင်ငံသားကတ် ထုတ်ပေးခြင်း ကိစ္စနှင့်ပတ်သက်ပြီး ဥပဒေနဲ့ ညီ၊ မညီ စိစစ်ဖို့ ဒေသခံ ၄၀၀၀ နီးပါးခန့်က တိုင်ကြားစာကို နိုင်ငံတော် သမ္မတဆီ ပေးပို့ထားပါတယ်။ ဒေသခံတွေကတော့ အခု နိုင်ငံသားကတ် ထုတ်ပေးလိုက်တဲ့ သူတွေဟာ ကမန်လူမျိုးအစစ် မဟုတ်ဘဲ ဘင်္ဂါလီတွေသာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုတာတွေ ရှိနေတာပါ။

ဘင်္ဂါလီတွေကို ကမန်အဖြစ် အမည်ပြောင်းကာ နိုင်ငံသားကတ် ထုတ်ပေးခြင်းကို ရခိုင်လူမျိုးတိုင်း ကန့်ကွက်နေတာလည်း ဖြစ်ပါတယ်။

ကျောက်နီမော်က လုပ်ကမန် ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ မတတ်ရင် အားလုံးအတွက် အခက်အခဲတွေ အကြီးကြီးဖြစ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက သတိပေး ပြောကြားပါတယ်။

နိုဝင်ဘာ ၃၀ ရက်က ပြုလုပ် တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အထူး အစည်းအဝေး တတိယနေ့ အစည်း အဝေးအပိတ်မိန့်ခွန်းမှာ ရခိုင်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ကျောက်နီမော်ကိစ္စဟာ တကယ့်ကို ကိုင်တွယ်မှုမမှန်ဘူးဆို ရင်၊ တစ်ခုခုလွဲချော်သွားမယ်ဆို ရင် အားလုံးအတွက် အခက်အခဲ တွေ အများကြီးအများကြီး ဖြစ်လာနိုင်ခြေရှိပါတယ်။ ဒါကြောင့် ဒီကိစ္စ ကို ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြဖို့၊ ကျွန်တော်တို့ ရခိုင်တွေဘက်ကလည်း ဘက် မလိုက်ဘဲ၊ ဝိုင်းဝိုင်းကူညီကြဖို့ တိုက်တွန်းလိုပါတယ်” လို့ သတိပေး ပြောပါတယ်။

အစိုးရအနေနဲ့ ကျောက်နီမော်က ကိစ္စကို ပြန်လည်စိစစ်တဲ့အခါ ရခိုင်လူမျိုးထဲက ဥပဒေကျွမ်း ကျင်သူတွေ၊ ရခိုင်အမျိုးသားတွေကို ပါဝင်ခွင့်ပေးရင် အကျိုးရှိမယ်လို့လည်း ပြောခဲ့ပါတယ်။

“ဖြစ်နိုင်ရင် စိစစ်တဲ့အခါမှာ ကျွန်တော်တို့ဘက်က (ရခိုင်တွေဘက်က) ဥပဒေကို နားလည်တတ်ကျွမ်းတဲ့ လူတွေပါ ပူးပေါင်းပါဝင်ခွင့်ပေးရင် မကောင်းဘူးလား။ ရခိုင်အမျိုးသားတွေကို ပူးပေါင်းပါဝင်ခွင့်ပေးရင် အကျိုးရှိမယ်လို့ ထင်ပါတယ်” လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ရမ်းဗြဲ- ကျောက်နီမော်က ကမန်အမည်ဖြင့် မှတ်ပုံတင် ထုတ်ပေးထားတဲ့ ဘင်္ဂါလီတွေကိစ္စ အမြန်ဆုံး စိစစ်ပေးရေး၊ မောင်တောတောင်ပိုင်းတွင် ခိုးဝင်ဘင်္ဂါလီများ မထားရှိရေး၊ မောင်တောဒေသတွင် ဘင်္ဂါလီလူမျိုး ကျောင်းဆရာများ မခန့်အပ်ရေး၊ နယ်စပ်ဖြတ်ကျော် ဘင်္ဂါလီများအား အစိုးရက စိစစ်အရေးယူပေးရေး စတာတွေကို စစ်တွေဆန္ဒပြပွဲက တောင်းဆိုခဲ့ပါတယ်။

“ရမ်းဗြဲ၊ ကျောက်နီမော်မှာ ကမန်လူမျိုး ၂၀၀ ဝန်းကျင်ပဲရှိတယ်။ ဒါကို နိုင်ငံတော်အစိုးရက ကမန်အမည်နဲ့ ၃၃၀၆ ဦးအထိ မှတ်ပုံတင်ထုတ်ပေးတယ်။ ဒီကိစ္စကို ကန့်ကွက်တယ်။ မောင်တော ဒေသမှာ ဘင်္ဂါလီလူမျိုး ကျောင်းဆရာ ခန့်အပ်ထားတာကို ကန့်ကွက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နိုင်ငံသားစင်စစ် မဟုတ်ဘဲနဲ့ ဒီနိုင်ငံမှာ ဝန်ထမ်းရာထူး ခန့်အပ်ထားတာ သဘာဝမကျပါဘူး” လို့ စစ်တွေမြို့ စည်းထိန်းရဟန်းတော်များ အသင်းဥက္ကဋ္ဌ ဆရာတော်ဝဏ္ဏသာရက ပြောပါတယ်။

 

နောက်ထပ်အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းမှာ တစ်ဖက်နိုင်ငံက ပြန်ဝင်လာမယ့် ဘင်္ဂါလီတွေကို နေရာချထားမပေးဖို့ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှ ဒေသခံ ၁၀၀၀ ကျော်က နိုဝင်ဘာ ၄ ရက်က မောင်တောမြို့တွင် ဆန္ဒ္ဒဖော်ထုတ်ကာ တောင်းဆိုခဲ့ကြပါတယ်။

အစိုးရကနေ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေနဲ့ စိစစ်လက်ခံပါ။ လက်ခံပြီးရင် သူတို့ကို မောင်တောမြို့နယ် တောင်ပိုင်းမှာ နေရာမချထားပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ သူတို့ကို နေရာချထားရင် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာပြီး ဒေသငြိမ်းချမ်းမှာ မဟုတ်တဲ့အတွက် ခုလို သူတို့ကို မောင်တောတောင်ပိုင်းမှာ နေရာမချထားပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်လို့ မောင်တောဒေသခံ ဦးထွန်းအေးသိန်းက ပြောပါတယ်။

“သူတို့တွေကို ထားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ ရပ်တည်ဖို့အတွက် အန္တရာယ်များပါတယ်။ ဘာလို့ဆို သူတို့တွေ ကြောင့် ကျွန်တော်တို့ဒေသမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေလို့ပါပဲ” လို့ မောင်တောမြို့နယ် တောင်ပိုင်းတွင် ပါဝင်သည့် ရသေ့တောင်ဒေသခံ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်းမှာ ပြန်ဝင်လာတဲ့ ဘင်္ဂါလီတွေကို  ပြန်လည်နေရာချထားမပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက စီစဉ်ထားတဲ့ နေရာချထားမယ့် အစီအစဉ်မှာ မောင်တော တောင်ပိုင်းလည်း ပါဝင်နေပါတယ်။

ပြည်သူ့အသံ လွှတ်တော်အသံ။ လွှတ်တော်အသံကို အစိုးရက လေးလေးနက်နက် လိုက်နာရမယ်။ အကောင်အထည် ဖော်ပေးရမယ်။ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရမယ်လို့ အစိုးရကို ပြောချင်ပါတယ်လို့ မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

 

ဘင်္ဂါလီတွေ တရားဝင် မလာသေးပေမယ့် မောင်တောမြို့ပေါ်မှာ လူတွေပြည့်နေတယ်

နေရပ်စွန်ခွာသွားတဲ့ ဘင်္ဂါလီတွေကို အစိုးရက ပြန်လည်လက်ခံရေး စခန်းတွေဖွင့်ပြီး အဆင်သင့် ကြိုနေပေမယ့် တစ်ဦးတစ်ယောက်မှ ပြန်ဝင်လာတာ မရှိသေးပါဘူး။ ဒါပေမဲ့ မောင်တောမြို့ပေါ်မှာ တစ်နေ့တခြား ဘင်္ဂါလီတွေ များပြားလာနေတာကို ဒေသခံတွေ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

မျက်နှာစိမ်း ဘင်္ဂါလီတွေ အများအပြား မောင်တောမြို့ပေါ်ကို ရောက်ရှိနေကြပြီးတော့ သုံးဘီး မောင်းသူတွေတောင် မျက်နှာစိမ်းတွေ ဖြစ်နေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

“အခုက တောင်ပိုင်းမှာ လုံခြုံမှုမရှိ၊ ပင်လယ်ပြင် စိုးမိုးမှု မရှိသလို ဖြစ်နေတယ်။ တစ်ဖာလုံမှာ ကင်းစခန်းတစ်ခုစီ လုပ်ရမယ့် အနေအထား ဖြစ်နေတယ်။ နောက် ပင်လယ်ပြင်စိုးမိုးဖို့ ရေတပ်ရှိရမယ်။ အခုက ဟိုဘက်က ငါးဖမ်းစက်လှေတွေ ဝင်လာပြီး ဒီဘက်က ငါးဖမ်းပိုက်တွေကို ဖျက်ဆီးတယ်။ ခိုးတယ်။ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် ဖြစ်နေတယ်။ အခုဆိုရင် လူတစ်သိန်းလောက် ဒီဘက်ကိုဝင်နေတဲ့သဘော ရှိနေတယ်။ နောက်မောင်တောမြို့ပေါ်မှာ သေနတ်ပစ်သံတွေ ပြန်ထွက်လာတယ်။ နောက် မောင်တောမြို့ကို သိမ်းမယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ မြို့ပေါ်မှာ သုံးဘီးဆိုင်ကယ် မောင်းသူတွေဟာ ဘင်္ဂါလီတွေ ဖြစ်သွားပြီ။ နောက် မောင်တောမြောက်ပိုင်းမှာဆိုရင် နယ်စပ်နဲ့နီးတဲ့ ဝေလာတောင်မှာဆိုရင် အရင်က အိမ်ခြေ ၃၀ လောက် ရှိခဲ့ပေမယ့် အခု ၁၁ ဆောင်လောက်ပဲ ရှိနေတယ်။ အဲဒီဘက်က နယ်စပ်ကနေ ရုတ်တရက် ဝင်လာနိုင်တဲ့ အနေအထားဖြစ်တော့ ဒေသခံတွေက သိပ်မနေလိုကြတော့လို့ နေရပ်စွန့်ခွာ သွားကြတယ်။ နောက် အောင်သပြေ အထက်ဘက်က တပ်ချောင်းဆိုတဲ့ရွာ အဲဒီရွာလည်း ပြိုပျက်ဖို့ အနေအထား ဖြစ်နေပြီ။ တစ်ဖက်နိုင်ငံကလည်း ဘင်္ဂလားဒေ့ရှ် တပ်စခန်းတွေက သေနတ်တွေကိုလုပြီး ဒီဘက်ကို ဝင်သွားတယ်လို့ သတင်းလွှင့်ထားတာရှိတယ်။ ဒေသအနေအထားက တိုင်းရင်းသားတွေအတွက် ရင်လေးစရာ ဖြစ်တယ်” ဟု  မောင်တောခရိုင် တိုင်းရင်းသားကျေးရွာများ ရေရှည်တည်တံ့ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးခင်ဝင်းက ပြောပါတယ်။

နေရပ်စွန့်ခွာ သွားသူတွေထဲက ပထအအသုတ် အနေဖြင့် ၂၀၀၀ ကျော်ကို နိုဝင်ဘာ ၁၅ ရက်က စတင်ကာ ပြန်လည်လက်ခံဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာဘက်က အသင့်လုပ်ထားပေမယ့် ပြန်လည် ဝင်ရောက်လာသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ ပြန်လက်ခံရေး အစီအစဉ်ကို ရွှေ့ဆိုင်းထားပါတယ်။ ဒါပေမဲ့ ဘာကြောင့် ရွှေ့ဆိုင်းတယ် ဆိုတာတော့ အကြောင်းကြားတာ မရှိဘူးလို့လည်း သိရပါတယ်။

နယ်စပ်မျဉ်းမှာ နေထိုင်နေတဲ့ ဘင်္ဂါလီတွေက နိုင်ငံသားကတ်ရမှ ပြန်လာမယ်လို့ သတင်းမီဒီယာတွေ ကိုပြောပါတယ်။ မြန်မာအစိုးရရဲ့ ပြန်လည်လက်ခံရေး ဆောင်ရွက်နေတာကို ငြင်းဆိုထားဆဲလည်း ဖြစ်ပါတယ်။

နေရပ်စွန့်ခွာသူ ဘင်္ဂါလီတွေဟာ နိုင်ငံသား အခွင့်အရေးနဲ့ နိုင်ငံတကာ လုံခြုံရေးဖြင့် ပြန်လာခွင့်ပြုရေးတို့ကို တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်တဲ့အတွက် ဥပဒေအတိုင်းသာ ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သတင်းမီဒီယာတွေကို ပြောပါတယ်။

သူတို့တောင်းဆိုတဲ့ အချက်တွေက မဖြစ်နိုင်တဲ့ အချက်တွေပဲ တောင်းဆိုတာ။ သူတို့က နိုင်ငံသားကတ် ထုတ်ပေးရေး ဆိုတဲ့အခါ နိုင်ငံသားကတ်ရဖို့က နိုင်ငံသား ဥပဒေသတ်သတ်ရှိတယ်။ ဥပဒေမှာ ဘောင်ဝင်တယ်ဆိုရင် ဥပဒေအတိုင်း နိုင်ငံသားကတ်ရမယ်။

“ဝင်ရောက်လာသူတွေအားလုံးကို နိုင်ငံသားကတ်ရဖို့က ဥပဒေနဲ့မညီရင် ဘယ်လိုမှ ပေးလို့မရဘူး။  နောက်တစ်ခါ နိုင်ငံတကာ လုံခြုံရေးနဲ့မှ လာရောက်နေပါမယ်ဆိုတာ ကျွန်တော်တို့နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ သူတို့ရဲ့ လုံခြုံရေးကိုလည်း အားလုံးတာဝန်ယူလို့ရတယ်။ တာဝန်ယူတယ်လို့ ပြောထားပြီးသား။ အဲဒီအတွက် နိုင်ငံတကာက လုံခြုံရေးနဲ့မှ လာဖို့ဆိုတာက ကျွန်တော်တို့ နိုင်ငံသည် ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်တယ်။ သူတို့က အဲဒီအချက်ကြောင့် မဝင်တာပေါ့။ ကျွန်တော်တို့ကလည်း လိုက်လျောဖို့မရှိဘူး” လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

မြန်မာဘက်က ဘင်္ဂါလီ ပြန်လည်လက်ခံရေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက ပုံမှန်အတိုင်း ဆောင်ရွက်နေပြီး ပြန်လာသူတွေကို လက်ခံရေးစခန်းတွေမှာ NVC ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။  နောက်လုံခြုံရေး၊ စားဝတ်နေရေးနဲ့ ကျန်းမာရေး ပညာရေးတို့ကိုပါ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း မောင်တောခရိုင်အတွင်း ဘင်္ဂါလီငါးသိန်းကျော်ဟာ တစ်ဖက်နိုင်ငံကို နေရပ်စွန့်ခွာ သွားခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဒေသခံတွေရဲ့စိုးရိမ်မှုကို အလေးထားပေးဖို့လိုတယ်

ပြန်လည်လက်ခံရေး ဆောင်ရွက်တဲ့အခါ ဒေသခံရခိုင်ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို အထူးအလေးထား စဉ်းစားဖို့နဲ့ ပြန်လည်နေရာချထားရေးကို ပွင့်လင်းမြင်သာမှုရှိပြီး ရခိုင်လူထုဆန္ဒနဲ့အညီ လုပ်ဆောင်သွားဖို့ လိုတယ်လို့ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က နိုဝင်ဘာ ၁၂ ရက် နေ့စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက် လုပ်ရပ်ကြောင့် မောင်တောဒေသခံတွေရဲ့ အသက်အိုးအိမ် လုံခြုံမှုမရှိတော့တဲ့ အခြေအနေများကို ရင်ဆိုင်လာရပြီး ဒေသခံ ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စုဝင်တွေနဲ့ ဒေသခံနိုင်ငံသားတွေ မကြာခဏ အကြမ်းဖက် ခံနေရဆဲ ဖြစ်လည်း ဖြစ်ပါတယ်။

ALP ၏ စည်းရုံးရေးနှင့် ပြန်ကြားရေးရုံးအဖွဲ့မှူး ဗဟိုကော်မတီဝင် ဦးခိုင်မြင့်ခိုင်က “ဘင်္ဂါလီ ပြန်လည်လက်ခံရေး ကိစ္စမှာ ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒမပါဘူး။ နိုင်ငံရေး အဖွဲ့အစည်းတွေရှိမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရှိမယ်။ လူမှုအဖွဲ့အစည်းတွေရှိမယ်။ နောက်ပြီးတော့ ရခိုင်ပြည်က အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ သဘောထားမပါဘူး။ ချပြတာလည်း မရှိဘဲနဲ့ သူတို့ (အစိုးရ) ဘက်က တစ်ဖက်သတ်ကြီး လုပ်နေတယ်။ ကျွန်တော်တို့ ပြည်သူတွေ အကြမ်းဖက် ခံနေရတာရှိတယ်။ အဲဒီပြဿနာကို ပြည်သူတွေရဲ့ဘဝကို လုံခြုံမှု ပြည့်ပြည့်ဝ၀ မပေးဘဲနဲ့ ထပ်မံပြီးတော့ ခေါ်ယူတာတွေ လုပ်မယ်ဆိုရင် အကျိုးဆက်တွေ ထပ်ဖြစ်လာနိုင်ပါတယ်” လို့ သတိပေး ပြောကြားပါတယ်။

၁၉၇၉ မှ ၁၉၈၀ ပြည့်နှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ ဟင်္သာစီမံချက်အပြီး ပြန်လည်ဝင်ရောက်လာတဲ့ အခြေအနေနဲ့ လူဦးရေ တိုးပွားနှုန်းတို့ကို ပြန်လည်သုံးသပ်ပြီး ကျဉ်းမြောင်းလှတဲ့ ရခိုင်ပြည်နယ် တစ်ခုတည်းမှာ ဘင်္ဂါလီတွေကို စုပုံနေရာချထားခြင်းမျိုး မဟုတ်ဘဲ အခြားသင့်တော်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာလည်း နေရာချထား ပေးသင့်တယ်လို့ အကြံပြုတိုက်တွန်းထားတာ ရှိပါတယ်။

၁၉၄၁-၁၉၄၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့တဲ့  အဖြစ်အပျက်၊ ၂၀၁၂ ခုနှစ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ၊ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားဖို့ စီမံကိန်းများဖြင့် ဆောင်ရွက်သင့်ပြီး ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေး၊ ဒေသခံပြည်သူတွေ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးနှင့် ရခိုင်ပြည် တည်တံ့ခိုင်မြဲရေး တို့အတွက် အထူးအလေးထား ဆောင်ရွက်သင့်တယ်လို့ အစိုးရကို တိုက်တွန်းကြောင်း ALP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ပြန်ဝင်လာသူတွေကို ၎င်းတို့နေထိုင်ခဲ့တဲ့နေရာနဲ့ အနီးဆုံးမှာ နေရာချထားပေးမယ်

ပြန်ဝင်လာသူတွေကို မူလနေရာနှင့် အနီးဆုံးနေရာမှာ နေရာချထားပေးမှာဖြစ်ပြီး ဒေသခံများ တောင်းဆိုထားတဲ့အတိုင်း ဖြစ်မဖြစ်မှာ ပြန်လည်ဝင်ရောက်သူ မရှိသေးတဲ့အတွက် သေသေချာချာ ပြောလို့မရသေးဘူးလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ သူတို့ နေခဲ့တဲ့နေရာနဲ့ အနီးစပ်ဆုံးဆိုတဲ့ နေရာမှာ နေရာချထားမယ်။ ဒါပေမဲ့ အခုအချိန်အထိ ပြန်ဝင်လာတဲ့သူ မရှိသေးတဲ့အတွက် ဘာမှပြောလို့ မရသေးဘူး။ လူထုကတော့ တောင်းဆိုတာရှိတယ်။ မြောက်ပိုင်းက လူတွေပဲဝင်လာ၊ တောင်ပိုင်းကလူတွေ ဝင်မလာနဲ့လို့ ပြောလို့မရဘူး။

သူတို့ဆန္ဒနဲ့အညီ ဝင်လာကြမှာကိုး။ အနီးစပ်ဆုံးနေရာမှာ ချပေးထားမှာ ဖြစ်တယ်။ သတ်မှတ်ထားတဲ့ နေရာတွေလည်းရှိတယ်။ ဒီမှာမနေချင်ဘူးဆိုရင် သူတို့နေချင်တဲ့နေရာမှာစုပြီး ရွာတည်နေမယ် ဆိုရင်လည်း ၄၀ x ၆၀ မြေကွက်တွေ သတ်မှတ်ပြီး သူတို့အိမ်ဆောက်နေ။ အိမ်ဆောက်တဲ့ အခါမှာလည်း အစိုးရကနေ ပ့ံပိုးပေးမယ်” လို့  မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

မောင်တောဒေသဟာ လက်ရှိအခြေအနေမှာ တည်ငြိမ်နေတယ်လို့ ဆိုပေမယ့် ဘယ်အချိန်မှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ အစိုးရက ပြန်လည်လက်ခံရေးတွေ ဆောင်ရွက်နေတာဟာလည်း လောလောဆယ်မှာ မအောင်မြင်သေးသလို ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို ဘယ်လောက် အကောင်အထည် ဖော်ပေးမလဲ ဆိုတာကလည်း ဘယ်သူမှ အာမခံထားတာ မရှိသေးပါဘူး။

ဘင်္ဂါလီ ပြန်လည်လက်ခံရေး ကိစ္စတွေဟာ ယခုအစိုးရလက်ထက်မှ ဖြစ်လာတာ မဟုတ်ဘဲ အရင်အစိုးရအဆက်ဆက် လက်ထက်ကလည်း လုပ်ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်အစိုးရ လက်ထက်မှာ ဖြစ်ပါစေ ဘင်္ဂါလီလက်ခံရေး၊ ပြန်လည် နေရာချထားရေး ကိစ္စတွေမှာ ရခိုင်လူမျိုးတွေ ပါဝင်ခွင့် မရှိခဲ့ပါဘူး။

ဒေသခံတွေရဲ့ တောင်းဆိုချက်ကိုလည်း လက်ခံဆောင်ရွက်ခဲ့တာ မဟုတ်ခဲ့လေတော့ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုတွေဟာ ဒီကနေ့အထိ အတောမသတ်နိုင် ဖြစ်နေပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ပြည်သူ့အစိုးရက လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်လို့ တိုက်တွန်းလိုပါတယ်။