ဖျားနာနေဆဲ နာဂ

ဖျားနာနေဆဲ နာဂ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ် ကျေးလက်ဒေသတစ်ခုနှင့် ယင်းကျေးရွာတွင် တွေ့ရသော ဒေသခံများ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ် ကျေးလက်ဒေသတစ်ခုနှင့် ယင်းကျေးရွာတွင် တွေ့ရသော ဒေသခံများ
Published 2 December 2018
အောင်သူထွန်း

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသ တောင်တန်းမြင့်မြင့် တွေပေါ်မှာ။ မြေပြန့်က လူတွေကတော့ နိုင်ငံရဲ့ ဟိုးအစွန်အဖျားလို့ ပြောကြတဲ့နေရာ။ အဲဒီတောင်တန်း မြင့်မြင့်တွေပေါ်မှာ ဟိုမှာတစ်ရွာ၊ ဒီမှာ တချို့ ကျေးရွာလေးတွေ အခြေချပြီး နေထိုင်ကြတာ နာဂတိုင်းရင်းသားတွေပေါ့။ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဆိုတာ စာရင်းမပေါက်ပေမယ့် တကယ်ဆင်းရဲလွန်းတဲ့ ဒေသတွေ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လူနေထိုင်မှုပုံစံ နိမ့်ကျခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးပါမကျန် အစစအရာရာ နောက်ကျလွန်းတဲ့ ဒေသတွေပေါ့။

တစ်ခုတော့ရှိတယ်။ နာဂဒေသ လမ်းမကြီးတွေရဲ့ဘေးနဲ့ မြို့ရွာတွေကို မြင်တွေ့သွားမယ် ဆိုရင်တော့ ဟုတ်သလိုလိုနဲ့ သူတို့အဓိက နေထိုင်ရာဒေသ ကျေးလက်ဒေသဟာ ဆိုရင်ဖြင့် လူပီပီသသအဖြစ် နေထိုင်ကြရဖို့ထက် မသေရုံစား၊ အရှက်လုံရုံ ဝတ်စားဆင်ယင်ကြရပြီး ခက်ခဲစွာ အသက်ရှင် နေထိုင်ကြရတဲ့ သူတွေပေါ့။

နာဂဒေသရဲ့ လဟယ်၊ ထန်ပါ ခွေ၊ ဒုံဟီး၊ နန်းယွန်း၊ ပန်ဆောင်၊ လေရှီးမြို့နယ်ထဲက ကျေးလက် ဒေသတွေဟာ အခုအချိန်အထိ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံနဲ့ ဖြတ်သန်းနေကြရဆဲပေ့ါ။

အရင်နှစ်ကလည်း လဟယ် နယ်မှာ မနာမကျန်းဖြစ်မှုကြောင့် နာဂကလေးငယ်တွေ အသက်ဆုံး ရှုံးတာတွေ ရှိသလို ဒီနှစ်မှာလည်း ဒုံဟီးနယ်၊ နန်းယွန်းမြို့နယ်တွေမှာ ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ လည်း နာဂနယ်ထဲက ကလေးငယ် အချို့ မစိုးရိမ်ရပေမယ့် ဖျားနာမှု ဖြစ်နေတဲ့သတင်းကို လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က အခုလို ပြောပြပါတယ်။

“အခုလတ်တလော ဖြစ်တာ ကတော့ ပါးရောင်တာပါ။ တကား ရွာမှာဆိုရင် ပါးရောင်တဲ့ ကလေး တွေ တော်တော်များများ ဖြစ်နေ တယ်။ အယောက် ၅၀ လောက် တော့ ဖြစ်တယ်။ သိပ်စိုးရိမ်စရာ တော့မရှိပါဘူး။ ဆေးကတော့ မြို့ နယ်ဆရာဝန်နဲ့ ညှိနှိုင်းပြီးတော့ လို အပ်တဲ့ ဆေးဝါးကိုစီစဉ်ပေးဖို့ တာ ဝန်ပေးထားပါတယ်။ ဆရာမတွေက အဲဒီရွာမှာရှိတယ်။ ပြန်လာ တော့ လမ်းမှာ ချန်ဖိုင်းရွာမှာ တွေ့ တယ်။ အဲဒီမှာတွေ့တဲ့ ကျောင်းဆ ရာက ကလေးတွေ ကို အမြဲဂရုစိုက် ကြည့်နေတော့ ကလေး ၂၂ ယောက် ထဲမှာ လေးယောက်က ပါးရောင် တာ။ ကျန်တဲ့ကလေးတွေကတော့ ချောင်းဆိုးတာ။ ကလေးတစ် ယောက်ကတော့ မျက်လုံးမှာ သွေး နီဥဖြစ်တဲ့ပုံစံတွေ့တယ်။ ဒုံဟီးက ဆရာဝန်ကို ညှိနှိုင်းပြီး လုပ်တော့ ကျန်းမာရေးဆရာမတစ်ဦးက ဆေး ၀ါးအပြည့်အစုံနဲ့ သွားရောက်ကုသ နေတာတွေ့တယ်။ ကလေးတွေက ဆေးဝါးကုသမှု ခံယူလိုက်တော့ သက်  သာတဲ့ အနေအထားရှိတယ်။ သက်သာလို့ထင်တယ် နောက်ထပ်မဆက်တော့ဘူး။ ကလေးတွေ တော်တော်များများက ကျောင်းသွားနိုင်သေးတယ်။ အိပ်ရာမှာလဲတဲ့ အဆင့်တော့ မဟုတ်ဘူး။ ကျွန်တော်တို့က လည်း မစိုးရိမ်ရဘူးဆိုပြီး နေလို့ တော့ မရဘူး။ အရမ်းဆိုးဆိုးရွားရွား မဖြစ်ခင် ဂရုစိုက်ဖို့လိုတယ်။ ကြာ လာရင် ရောဂါတစ်မျိုးကနေ တစ်မျိုး ပြောင်းသွားနိုင်တယ်” လို့ တကားကျေးရွာကနေ နန်းယွန်းမြို့နယ် အပြန်ရောက်မှာ ဆိုပါတယ်။ 

နာဂဒေသလို့ ပြောလိုက်တယ်ဆိုရင် အစစအရာရာ ခက်ခဲပြီးသားပါ။ စိုက်ပျိုးဖို့ကအစ၊ စားဝတ်နေရေး အလယ်၊ လမ်းပန်းဆက်သွယ်ရေးအဆုံး အကုန်ခက်ခဲပါတယ်။ ဒီနှစ်မှာ ဖျားနာမှုကြောင့် သေဆုံးမှုတွေရှိခဲ့တဲ့ ဒုံဟီးနယ်မှာနေပြီး သူကိုယ်တိုင်လည်း ကူညီမှုတွေ လိုက်လံဆောင်ရွက်ပေးနေတဲ့ ကိုလော်တိုးက ဒီလိုပြောပြပါတယ်။

“ဒီနှစ်ဖျားတဲ့ ရွာတွေက ဒုံဟီးမြို့နယ်ထဲမှာ ဖြစ်တာပါ။ ဖြစ်တဲ့ ရွာတွေ တော်တော်များများက လမ်း မပေါက်ဘူး။ တချို့ကျတော့ လမ်း ပေါက်ပေမယ့် ဆေးရုံဆေးခန်း မရှိ ဘူး။ တချို့ကျတော့ သောက်သုံးရေ ခက်ခဲတဲ့နေရာတွေ အဲဒီလိုဟာ တွေ။ ဒီလို ခဏခဏဖြစ်နေတာ အဓိကတော့ ဒီမှာက တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတယ်။ သောက် သုံးရေကလည်း ရေကို ရေလိုမသုံး နိုင်ဘူး။ ရေကို ဟိုတောင်အောက် ဘက် မိုင်နဲ့ချီဝေးတဲ့ဆီ သွားခပ်ရ တာဆိုတော့ ရေကို အရမ်းချွေတာ တာပေါ့။ လိုတာထက် ပိုမသုံးဘူး။ ရေကို သောက်သုံးဖို့ကလွဲလို့ လျှော် ဖွပ်ဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းဖို့ အတွက် ရေကိုသိပ်မသုံးဘူး။ အဲဒါ တွေ တွေ့ရတယ်။ ကလေးတွေမှာ အများဆုံးတွေ့ရတယ်။ မိဘတွေ က တောင်ယာ၊ လယ်ယာတွေကို သွားတဲ့အခါ ကလေးတွေကို ဒီအတိုင်း ပစ်ထားတယ်။ ပစ်ထား တော့ တစ်နေကုန် ဆော့ထားတဲ့ ဟာက နေ့လယ်စာ စား၊ ညစာစား တော့ တစ်ကိုယ်ရေသန့်ရှင်းမှု ခြေ လက်မဆေးဘဲ ဗိုက်ဆာဆာနဲ့ ကောက်စားမိတယ်။ သူတို့စားတဲ့ အစားအစာက အသက်မသေရုံဘဲ စားတာဆိုတော့ အသားငါးတောင် မှ ရေလုံပြုတ်ပြီး စားလိုက်တာဆို တော့ သူတို့စားတဲ့ အစားအစာမှာ အာဟာရမရှိဘူး။ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းတာရယ်ပေါ့။ တချို့ ရွာတွေမှာ ကာကွယ်ဆေး မထိုးနိုင် ကြသေးဘူး။ တစ်နှစ်တစ်ကြိမ်တောင် လာမထိုးနိုင်ဘူး။ မြို့ပေါ် မှာက ကာကွယ်ဆေး ထိုးထားတော့ ဖျားတာချင်း တူတာတောင် ကာ ကွယ်ဆေးထိုးထားတဲ့သူက ခံနိုင် ရည်ရှိပေမယ့် မထိုးထားတဲ့သူတွေ က နည်းနည်းဖြစ်လာရင် တအား ဖျားတယ်။ အဓိကဖြစ်တာကအသက် ရှုလမ်းကြောင်းပေါ့။ အသက်ရှု လမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ တွေ့ရတယ်။ ဒီလို ဖြစ်ရတာကလည်း ဒီမှာဆောက် ထားတဲ့ အိမ်တွေက တအားနိမ့် တယ်။ လုံအောင်ဆောက်ထား လိုက်တော့ ချောင်းဆိုးရောဂါ တစ် ဦးစီမှာဖြစ်တော့ နောက်တစ် ယောက်ကို ကူးစက်ဖို့ဖြစ်လာတယ်။ အိမ်နီးနားချင်းက ဖျားလို့နာလို့လာ ကြည့်ရင် လာကြည့်တဲ့သူကို ကူး ရော။ တချို့ရွာတွေမှာဆို တစ်ရွာနဲ့ တစ်ရွာ လူနာမေးကြရင်း ကူးစက် ရာကတစ်ဆင့် ဖြစ်လာကြ တယ်လို့ ပြောကြတယ်။ ကာကွယ်ဆေးနဲ့ ဆေးရုံဆေးခန်း ရှိမယ်ဆိုရင်တော့ ဒီလောက်ကြီး ဆုံးရှုံးနစ်နာမှုတော့ မရှိဘူး။ ကာကွယ်နိုင်မယ်လို့ မြင်တယ်” လို့ ပြောဆိုရင်း သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

နာဂဒေသမှာ ဖြစ်ပျက်နေတဲ့ ဖျားနာမှုတွေကို စောင့်ကြည့်လေ့ လာနေသူ ဒေသခံတစ်ဦးကတော့ နာဂဒေသမှာ နေထိုင်ကြတဲ့ ဒေသ ခံပြည်သူတွေက ဆေးဝါးနဲ့ အထိ အတွေ့နည်းပါးကြောင်းကိုလည်း ဒီလိုသုံးသပ် ပြပါတယ်။

“တစ်နှစ်လုံး သုံးသပ်လာတာ ကတော့ ဆေးဝါးကုသမှု အလျင် မမီတာပါ။ ကလေးတွေဆိုတာက ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက် တာမှ မဟုတ်တာ။ ကျွန်တော်တို့ နာဂမှာက မိဘတွေကလည်း ဒီ လောက် ဂရုစိုက်တာမှ မရှိတာ။ နည်းနည်းပါးပါး ဖြစ်တာကတော့ သက်သာသွားမှာပါဆိုပြီး နေကြ တာပေါ့။ အခု ဖြစ်နေတဲ့နေရာက ဆေးဝါးထိတွေ့မှု အတော်နည်းပါးပါတယ်။ ကလေးတွေက တစ်ရက်ကနေ နှစ်ရက် ဖြစ်လာတော့ ကလေးတွေမှာ ခံနိုင်ရည်စွမ်းအားမရှိဘူး။ မရှိတဲ့အခါမှာ ဒီရောဂါက ကလေးကို ပိုဖိစီးသွားတာပေါ့။ ဆေးနည်း နည်းပါးပါးနဲ့ ပျောက်ရမယ့်ဟာကို မကုသလိုက်တော့ ပိုဆိုးသွားတာ ပေါ့။ ဖြစ်ရင်လည်း ဆေးဝါးအလျင် မီအောင် ကုသနိုင်စွမ်းမရှိဘူး။ တစ်ရွာနဲ့တစ်ရွာဆိုတာက လူသွားလမ်းပဲရှိတာ။ တစ်ရွာနဲ့ တစ်ရွာ ဝေးတာကလည်း ခုနစ်မိုင်၊ ရှစ်မိုင်၊ ၁၀ မိုင် လောက်ဝေးတာ။ ကလေးတစ်ယောက် သာမန်ချောင်းဆိုးတာကို တစ်ရက်ခရီးဝေးတဲ့နေရာ သွားမပြနိုင်ဘူး။ ကလေးတစ်ယောက် ဖျားတာနဲ့ မိဘက ဆေးရုံပို့ဖို့ဆိုတာနည်း တဲ့ ဝန်ထုပ်ဝန်ပိုးမဟုတ်ဘူး။ သူတို့ က ဆေးရုံဆေးခန်းဆိုတာ မမြင်ဖူး ဘူး။ အဲဒါဆိုတော့ ဒီရောဂါသက် သာမလားဆိုပြီး ပစ်ထားလိုက်တာ ကစပြီး ရောဂါက ပိုမိုကြီးလာပြီး သေဆုံးသည်အထိ ဖြစ်သွားတာ” လို့ နာဂဒေသက ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

နာဂဒေသမှာ နေထိုင်ကြတဲ့ ကလေးငယ်တွေရဲ့ စားသောက်နေထိုင်ရမှုကလည်း သူတို့ရဲ့ ကျန်းမာရေးကို အနည်းနဲ့ အများတော့ ထိခိုက်စေတယ်လို့ သိရပါတယ်။ နာဂကလေးငယ်တွေရဲ့ စားသောက်ရမှုက တကယ်ရော အာဟာရ ပြည့်ဝမှု ရှိရဲ့လား။ သူတို့နေထိုင်ကြရတဲ့ ပတ်ဝန်းကျင်ကရော သန့်ရှင်းမှုရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါရဲ့လား။ သူ တို့နေထိုင်ရတဲ့ ကျေးရွာတွေက ရော သောက်သုံးရေ ပြည့်ပြည့်ဝ၀ သုံးစွဲနိုင်ပြီလား။ ဒီကိစ္စတွေနဲ့ပတ် သက်ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီလိုသုံးသပ်ပါတယ်။

“ဒေသရဲ့ နေထိုင်မှုစနစ်နဲ့ အာဟာရချို့တဲ့မှုဆိုတာ အရင် ကတည်းက ရှိပြီးသား။ ကျွန်တော် တို့ ရွာတွေသွားတဲ့အခါ ကလေး တွေစားတဲ့ အစားအသောက်တွေ ကြည့်တယ်။ သူတို့စားတဲ့ အစားအ သောက်ကို ကျွန်တော်တို့တောင် မစားနိုင်ဘူး။ ဒါပေမဲ့လည်း ဒီဟာပဲ စားစရာရှိတာ။ စားချင်လည်း စား မစားချင်လည်းနေ။ ကလေးတစ် ယောက်က နေမကောင်းလို့ မစား ဘူးဆိုရင် ဘာလို့မစားတာလဲဆို တာ မမေးအားဘူး။ မိဘက မင်း မစားချင်လည်းနေကွာ ဆိုတဲ့ အနေ အထား။ ဒါက ကလေးတစ်ယောက် အာဟာရကို ဖြည့်တင်းဖို့ရာအတွက် အားနည်းချက်တစ်ခုပဲ။ ပတ်ဝန်းကျင်ကလည်း သပ်သပ်ရပ်ရပ် မရှိဘူး။ တိုက်အိမ်တွေ၊ ပျဉ်ထောင် အိမ်တွေဆောက်ပါလို့ ပြောတာ မဟုတ်ဘူး။ ရှိတဲ့ဝါးအိမ်လေးကို သပ်သပ်ရပ်ရပ်နေမယ်ဆိုရင် ကျန်း မာရေးကို အထောက်အကူပြုပြီးသား ဖြစ်တယ်။ ကျွန်တော်တို့ဒေသမှာရှိတဲ့ ကျေးရွာတွေမှာဆိုရင် အိမ်ပေါ်မှာလည်း ညစ်ပတ်သလို အိမ်အောက်မှာလည်း ညစ်ပတ်တယ်။ ဆိုတော့ အဲဒါတွေက တစ်နေကုန် ညစ်ပတ်ထားတာက ညကျတော့လည်း တစ်ကိုယ်ရေ သန့်ရှင်းရေး မလုပ်ကြဘူး။ ဒါက အလေ့အထ လည်း မရှိဘူး။ ရေကလည်း အလွယ်တကူ မရနိုင်ဘူး။ ဒါတွေက ဖျားနာ မှုအတွက် အခွင့်အလမ်းတစ်ခုပဲ။ ကျွန်တော်တို့က နေထိုင်မှုပုံစံ ပြောင်းလဲဖို့ လိုအပ်တယ်။ အမြဲ တမ်း ရွာတွေကိုသွားရင် အဝတ် အစားအသစ်ဝတ်ပါ မပြောပါဘူး။ ရှိတာကို သန့်သန့်ရှင်းရှင်း သပ်သပ် ရပ်ရပ် ဝတ်မယ်ဆိုရင် ကျန်းမာရေး အတွက် အထောက်အကူပြုတယ် ပြောနေရတာပဲ။ ရေက လုံလောက် တယ်လို့ ပြောမရဘူး။ ကျွန်တော်တို့ နာဂရွာတွေက များသောအားဖြင့်  တောင်ထိပ်တွေမှာ တည်ကြတာ။ ရေဆိုတာက မြင့်ရာက နိမ့်ရာကို သွားတော့ ကုန်းပေါ်ကို ရေမတင်ပေးနိုင်ဘူး။ တချို့ရွာတွေဆိုရင် ရေရောက်နိုင်သလောက်ကို ရေတင်ပေးပေမယ့် သွားခပ်ဖို့ကို အချိန်ပေးနေရတယ်။ အရင်ကထက်စာရင် နည်းနည်းသက်သာတယ် ပြောရမယ်။ ဒါပေမဲ့ သောက်သုံးရေ ဖူလုံမှု ရှိတယ်လို့တော့ မသတ်မှတ်နိုင်ပါဘူး” လို့ ဆိုပါတယ်။

သိပ်ဝမ်းနည်းစရာ ကောင်းတဲ့ အခြေအနေ တစ်ရပ်လို့ ကျွန်တော်တို့ ဆိုကြရမှာပါ။ နာဂနယ်မှာ ကျန်းမာရေးအသိ နောက်ကျနေတာတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာတွေ၊ အစစအရာရာ ခက်ခဲနေတာ ဟိုယခင်ကတည်းက ခက်ခဲနေတာ အခုအချိန်အထိပဲ ဆိုပါတော့လေ။ နာဂဒေသရဲ့ ခက်ခဲမှုတွေကို ခေတ်အဆက်ဆက်က သိရှိနေကြအောင် ပြောဆိုခဲ့ကြတာ ခေတ်အဆက်ဆက်က စာပေတွေ ဖတ်ရှုလေ့လာရင် တွေ့ကြရမှာပါ။ အစစအရာရာ နိမ့်ကျနေတဲ့ နာဂဒေသကို ပြောင်းလဲနိုင်ဖို့ ဆိုတာကလည်း ခက်ခဲတဲ့အလုပ် တစ်ခုပါ။ အခက်အခဲတွေကို  ကျော်လွှားနိုင်ဖို့ ဆိုတာကလည်း အဘက်ဘက်က ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှ ဖြစ်နိုင်မှာပါ။ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်ကတော့ ဒီလို အကြံပေး ထားပါတယ်။

“ကျွန်တော့်သုံးသပ်ချက်က ဘယ်သူအားနည်းတယ်ဆိုတာ အပြစ်မြင်မယ့်အစား ဖြစ်နိုင်ခြေရှိ တာကို လုပ်စေချင်တယ်။ နယ် လှည့်ဆေးကုတဲ့ အဖွဲ့ကိုဖွဲ့ပြီး နယ် ကို သွားပြီးတော့ အုပ်စုခွဲသွားပြီး ကုသမယ်ဆိုရင် ကျန်းမာရေးကိစ္စ ထိထိရောက်ရောက်နဲ့ လုပ်နိုင်မယ် ထင်တယ်။ ဒါက လောလောဆယ် မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းပဲ။ မေ လလောက်ကစပြီး ဂရုစိုက်ရမယ်။ ဘယ်အချိန်က စလှည့်မလဲဆို မတ်၊ ဧပြီလောက်က စလှည့်လိုက်၊ ရွာ တွေမှာ ဘာဖြစ်နေတယ်ဆိုတာ သုံး သပ်ချက်တွေရလာမယ်။ တစ်ခုခု ဖြစ်ပြီဆိုရင် ဘယ်ရွာမှာ ဘာဖြစ် တယ်ဆိုတာ တန်းခနဲ သိနိုင်တယ်။ ဒါကလွယ်လည်း လွယ်တယ်။ ကုန် ကျစရိတ်လည်း သက်သာတဲ့ နည်း လမ်းတစ်ခုပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသ၊ မြန်မာနိုင်ငံ ရဲ့ စည်း ရိုးဘေးမှာ နေထိုင်ကြတဲ့ ကျွန် တော်တို့ညီအစ်ကို နာဂတွေရဲ့ အခက်အခဲကပေါင်းစုံပါ။ နိုင်ငံ တစ်နိုင်ငံရဲ့ စည်းရိုးဘေးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး တွေကို ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးနေခြင်းဆိုတာ တိုင်း ပြည်ရဲ့ စည်းရိုးကို လုံခြုံအောင် ခတ်ထားသလိုပဲလို့ မြင်မိပါတယ်။ သို့ပေမဲ့ အခုအချိန်အထိ ဆက် သွယ်မှုတွေက ခက်ခဲနေဆဲ၊ နေ ထိုင်မှုတွေက ဆင်းရဲနေဆဲ၊ ကျန်း မာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ပါမကျန် နောက်ကျနေဆဲ။

ဝန်ထမ်းတွေ အနေနဲ့ ဒီဒေသတွေကို နယ်စွန်နယ်ဖျားအဖြစ် သတ်မှတ်ပြီး အပြစ်ရှိရင် ပို့တဲ့နေရာလို့ စိတ်ထဲမှာ စွဲမြဲနေဆဲပါ။ ဒါတွေကလည်း ဟိုယခင်ကတည်းက ဖြစ်လာခဲ့တဲ့ ရောဂါတစ်ခုလို အခုအချိန်အထိလည်း ကုသလို့ မပျောက်နိုင်သေးပါဘူး။ ဖျားနာနေဆဲ နာဂဒေသရဲ့ ရောဂါကို အမြစ်ပြတ်ကုသဖို့ ဆိုတာကလည်း လွယ်ကူလှတယ်ရယ်လို့တော့ မဟုတ်ပေမယ့် အတတ်နိုင်ဆုံး ရောဂါ လျော့ပါး သွားအောင်တော့ နိုင်ငံတော်ရော၊ ပြည်သူရော၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဝန်ထမ်းတွေ အပါအဝင် လူတန်းစားပေါင်းစုံက ပါဝင်ကူညီကြမှ ဖြစ်ပါ့မယ်။ နှင်းတွေ တဖွဲဖွဲကျနေတဲ့ နာဂတောင်တန်းကြီးပေါ်မှာ နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေ သူတို့ရဲ့ ဖျားနာမှုတွေကို အမြန်ဆုံး ပျောက်ကင်းပါစေလို့ ....။