လျှော့စျေးဖြင့် အရောင်းအဝယ် ဖြစ်နေသော နေပြည်တော် အိမ်ခြံမြေစျေးကွက်

လျှော့စျေးဖြင့် အရောင်းအဝယ် ဖြစ်နေသော နေပြည်တော် အိမ်ခြံမြေစျေးကွက်
နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ နေအိမ်တိုက်ခန်းများကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ နေအိမ်တိုက်ခန်းများကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
Published 25 November 2018
အောင်မင်းသိန်း

နေပြည်တော်တွင် ဆက်လက် အကောင်အထည်ဖော်ရန် ရှိနေသည့် စီမံကိန်းများနှင့် နိုင်ငံခြားသံရုံးများ နေပြည်တော်သို့ ရွှေ့ပြောင်းအခြေစိုက်ရန်အတွက် ၂၀၁၉ ခုနှစ်မတိုင်ခင် ရွှေ့ပြောင်းရမည့် အခြေအနေ၊ မြို့နယ်ဟောင်း သုံးမြို့နယ်မှလွဲ၍ မြို့နယ်အသစ်များသည် နေပြည်တော် အခြေစိုက်ဒေသခံများ မဟုတ်သည့် အခြေအနေနှင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ လုပ်ဆောင်နိုင်သည့် အခွင့်အရေး များပြားလာနိုင်သည့် နေပြည်တော်သည် မြေစျေးကြီးမြင့်သည့် မြို့များရှိ နေထိုင်သူများ၏ ရွှေ့ပြောင်းနေထိုင်စရာ နေရာတစ်ခု ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် မြို့တော်သစ်အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ အစိုးရရုံးများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ နေထိုင်နေသည့် ဝန်ထမ်းမြို့တော်အဖြစ် ရှိနေခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေအား မြို့နယ်ရှစ်ခုဖြင့် ဖွဲ့စည်းထားပြီး ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့များသည် ရှိရင်းစွဲနေရာ ဟောင်းများဖြစ်ပြီး မြို့နယ် ငါးမြို့နယ်အဖြစ် ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များကို မြို့နယ်နေရာအသစ်များအဖြစ် တည်ဆောက်ခဲ့သည်။

နေပြည်တော်အိမ်ခြံမြေ စျေးကွက်အတွင်း လက်ရှိတွင် အရောင်း အဝယ်ဖြစ်နေပြီး နိုင်ငံတော်အစိုးရ ၏ နေပြည်တော်ကောင်စီနယ်မြေ အတွင်း စီမံကိန်းအသစ်များဖော် ဆောင်ရန် လျာထားမှုများရှိနေခြင်း ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများနှင့် နေထိုင်လိုသူများက ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

“ရောင်းနေရတာပဲ။ ၀ါကျွတ်တော့ ပိုပြီးရောင်းရတယ်။ ၀ါတွင်းမှာ အငှားလေးပဲဖြစ်တယ်။ ၀ါကျွတ်တော့ ပိုပြီးရောင်းရတယ်။ အထူးသဖြင့် ပုဗ္ဗသီရိမြို့နယ်ပေါ့။ ရောင်းရတယ်။ နောက်ထန်းတစ်ပင်ကွက်သစ်ဆိုတာ ရွှေကြာပင်ကွက်သစ် အဲဒါတွေရောင်းရတယ်။ ဟိုတယ်ဇုန်၊ သပြေကုန်းနေရာတွေ ရောင်းရတယ်” ဟု ဇေယျာမြေ အိမ်ခြံမြေ ရောင်းဝယ်ရေးမှ ဦးနန္ဒကျော်က ပြောကြားသည်။

နေပြည်တော် အိမ်ခြံမြေစျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် နေရာများသည် ပုဗ္ဗသီရိမြို့နယ်ရှိ ပေ ၆၀x၈၀ မြေကွက်များအား ကာလပေါက်စျေး ကျပ်သိန်း ၂၀၀ နှင့် ကျပ်သိန်း ၄၀၀ အကြား၊ ထန်းတစ်ပင် ကွက်သစ်တွင် ပေ ၄၀x၆၀ မြေကွက်များ ကျပ်သိန်း ၂၀၀ နှင့် ကျပ်သိန်း ၁၀၀၀ အကြား၊ သပြေကုန်းရပ်ကွက် တစ်ဝိုက်တွင် ပေ ၁၀၀ ပတ်လည် မြေကွက်များ ကျပ် သိန်း ၃၀၀၀ အထက်နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း နေပြည်တော် အိမ်ခြံမြေစျေးကွက်မှ သိရသည်။

ထိုသို့ အရောင်းအဝယ်ဖြစ်နေ သည့်နေရာများတွင် ဝယ်ယူသူများ သည် နေပြည်တော်ဒေသခံများ မဟုတ်ဘဲ မြေယာစျေးနှုန်းကြီးမြင့် သည့် ရန်ကုန်မြို့၊ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် နိုင်ငံသားများ နှင့် နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ အများဆုံးဝယ်ယူကြကြောင်း အိမ်ခြံမြေ ရောင်းဝယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။

ဦးနန္ဒကျော်က “စျေးတစ်ခု မြင့်ပြီးတော့ ပြုတ်ကျသွားတယ်။ ပြုတ်ကျပြီးတော့ နည်းနည်းချင်း ပြန်တက်နေတယ်။ ရောင်းစရာတော့ ရှားသွားတယ်။ သံတမန်ဇုန်တွေရော၊ နိုင်ငံတကာ တက္ကသိုလ်တွေ ဒါတွေ Project တွေရော လာနေတယ်။ လာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားမှုမြင့်ပြီးတော့ အဝယ်ကျတယ်။ ဒါအဓိက ရန်ကုန်ဘက်က အများဆုံးလာဝယ်တယ်။ ရန်ကုန်တို့၊ စင်ကာပူရောက် နိုင်ငံခြားရောက် မြန်မာတွေ အများဆုံးဝယ်တယ်။ နေပြည်တော်ကလည်း နောက်ရောက်တဲ့ ဝန်ထမ်းတွေ ဝယ်ကြတယ်။ ဒီမှာအခြေချဖို့ပေါ့” ဟု ပြောကြားသည်။

ဆက်လက်၍ အိမ်ခြံမြေ အရောင်းအဝယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် အစိုးရက ဖော်ဆောင်နေသည့် စီမံကိန်းများနှင့် တိုက်ရိုက်အချိုးကျနေကြောင်း အိမ်ခြံမြေ အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဦးနန္ဒကျော်က “အရောင်းအဝယ်ကတော့ စီမံကိန်းကိုလည်း မျှော်တယ်။ အဓိက,က နေလို့လည်း တန်တယ်။ ရန်ကုန်၊ မန္တလေးထက်စာရင် စျေးချိုတယ်။ ကားလမ်း ဘာညာလည်း စုံတယ်။ ၀ိုင်းကျယ်တယ်။ စျေးချိုတယ်။ နောက်အနာဂတ် အလားအလာလည်း ဖွံ့ဖြိုးလာနိုင်ခြေ တွေ အများကြီးရှိတယ်။ နိုင်ငံတော်ကလည်း ပညာရေးမြို့တော်တွေ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိနေတော့ အဲဒီမှာ တဖြည်းဖြည်း နေပြည်တော်ကို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့၊ အခြေချဖို့ မိသားစုတွေ ဝယ်လာတယ်။ တချို့ကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတယ်ပေါ့။ နေရာစုံတော့ အရောင်းအဝယ်ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့်သူကတော့ စျေးချို၊ လူနေကျဲရင် ကြဲပါစေ။ စျေးချိုတဲ့နေရာတွေ ဝယ်တယ်။ ဒါပေမဲ့ နေမယ့်သူက ဝယ်တာများပါတယ်” ဟု ပြောကြားသည်။

နေပြည်တော် မြို့တော်သစ်အဖြစ် စတင်တည်ဆောက်သည့် သက္ကရာဇ် ၂၀၀၇ ခုနှစ်ဝန်းကျင်က နေပြည်တော် အတွင်းရှိ မြေယာများ၏ တန်ဖိုးများသည် နဂိုရှိရင်းစွဲ တန်ဖိုးထက် မြင့်တက်ခဲ့ပြီး တချို့နေရာများတွင် လယ်ယာမြေ တစ်ဧကကို ကျပ်သိန်းထောင်ချီပေး၍ ဝယ်ယူခဲ့ကြသည့် စီးပွားရေး လုပ်ငန်းရှင်များကြောင့် နေပြည်တော် မြေစျေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက နေပြည်တော်ကို မြို့တော်တစ်ခုအဖြစ် ပုံဖော်နိုင်ရေး အတွက် တည်ဆောက်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းကြောင့် နေပြည်တော် အိမ်ခြံမြေ စျေးနှုန်းများ အတက်စျေးသာရှိခဲ့ပြီး အရောင်းအဝယ် နည်းပါးသော်လည်း စျေးနှုန်းကျဆင်းခဲ့ခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဦးကျော်စွာမြင့်က “အခုလက်ရှိ အအေးဆုံး ပြန်ဖြစ်လာတာကတော့ ၂၀၁၅၊ ၂၀၁၆ မှာ ပုံမှန်ပဲ အရောင်းအဝယ် ဖြစ်တော့တယ်။ နဂိုစျေးတွေကို ပြန်မရတော့ဘူး။ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ရဲ့ စျေးနှုန်းတွေကို မမီတော့ဘူး။ စျေးနှုန်းတွေကို မမီတော့ဘဲနဲ့ ပြန်ပြီးတော့ အေးနေတယ်။ တခြား မြန်မာတစ်နိုင်ငံလုံးက မြို့တွေနဲ့စာရင်တော့ ဒီမှာကတော့ အရောင်းအဝယ်ကတော့ နေ့စဉ်ရှိနေတယ် နေပြည်တော်မှာက။ တစ်ယောက်မဟုတ် တစ်ယောက်ပေါ့” ဟု ပြောကြားသည်။

သို့သော် လက်ရှိအစိုးရ တာဝန်ယူပြီးနောက်ပိုင်းတွင် နေပြည်တော်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ ရပ်တန့်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း ဆောက်လက်စ တည်ဆောက်ရေး လုပ်ငန်းခွင်များကို ရပ်တန့်ကာ ရင်းနှီးမြှုပ်နှံမှု တချို့မှာလည်း ရပ်ဆိုင်းခြင်းနှင့် နောက်ဆုတ်သွားခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ထို့အတွက် နေပြည်တော် အိမ်ခြံမြေ အရောင်းအဝယ်စျေးကွက်တွင် အရောင်းအဝယ် နေ့စဉ်ရှိသော်လည်း ပြီးခဲ့သည့် မြို့တော်တည်ဆောက်စဉ် ကာလများက အရောင်းအဝယ်ဖြစ်ခဲ့သည့် စျေးနှုန်းအနေအထား ပြန်လည် မရောက်ရှိတော့ဘဲ လျှော့စျေးဖြင့် ရောင်းချရမှုများသာ ရှိနေကြောင်း ဦးကျော်စွာမြင့်က ပြောကြားသည်။

“ဒီမှာရှိတဲ့ အိမ်ခြံမြေလုပ်ငန်း တွေကတော့ အရောင်းအဝယ်က တော့ နေ့စဉ်ရှိနေတယ်။ လက်ရှိ အ နေအထားအရတော့ စျေးပြန်ပြီး ယှဉ်ပြရရင် ယခင်စျေးနဲ့တော့ ရောင်း လို့တော့ မရဘူးပေါ့။ အရင်အမြင့် ဆုံးတက်ခဲ့တဲ့ စျေးပေါ့။ သိန်း ၃၅၀ တန်ကို ယခင်စျေးလို့တော့ အရောင်း အဝယ် မဖြစ်တော့ဘူး။ ၂၇၀၊ ၂၈၀ လောက်နဲ့ ရောင်းသင့်ရင် ရောင်းပေးရတာပေါ့” ဟု ဦးကျော်စွာမြင့်က ပြောကြားသည်။

ထို့ပြင် အရောင်းအဝယ် နည်းပါးခဲ့သည့် အိမ်ခြံမြေ အရောင်းအဝယ်များလည်း ရပ်ဆိုင်းကာ ရောင်းချသူနှင့် ဝယ်ယူသူအချိုးတွင် ရောင်းလိုအားက အဆများစွာ မြင့်တက်လာခဲ့ပြီး စျေးနှုန်းကလည်း ပြီးခဲ့သည့်  ဦးသိန်းစိန် အစိုးရလက်ထက်ကအထိ မြင့်တက်လာခြင်း မရှိသေးကြောင်း နေပြည်တော် အိမ်ခြံမြေစျေးကွက်မှ သိရသည်။

“လူနေထူထပ်တဲ့ နေရာတွေ၊ လူနေစိပ်တဲ့နေရာ၊ လုံခြုံရေး ရှုထောင့်က ကြည့်ပြီးတော့ လူနေစိပ်တဲ့ နေရာလေးတွေကတော့ အဝယ်စိပ်တာပေါ့။ လူနေစိပ်ရင် အဝယ်စိပ်တယ်။ လူနေကျဲရင် အဝယ်ကျဲတယ်။ မြို့တိုင်းမှာ လူနေစိပ်တဲ့နေရာတွေပေါ့။ ဒက္ခိဏဆိုရင် စျေးနား၊ ပုဗ္ဗဆိုရင်လည်း ကညနအနား၊ စျေးနား အဲဒါလေးတွေက လူပိုကြိုက်တယ်။ လူနေကျဲတဲ့ဘက်ဆိုရင် သိပ်မကြိုက်ဘူး” ဟု ဦးနန္ဒကျော်က ပြောကြားသည်။

လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေတွင် ပါဝင်သည့် ပျဉ်းမနားမြို့တွင်း နေရာများ၌ မြေတစ်ဧကလျှင် ကျပ်သိန်း ၅၀၀ ကျော်မှ အချက်အချာကျသည့် နေရာများတွင် ကျပ်သိန်း ၃၀၀၀ အထိ ပေါက်စျေးရှိကြောင်း နေပြည်တော် အိမ်ခြံမြေစျေးကွက်မှ သိရသည်။

ဦးကျော်စွာမြင့်က “ဥတ္တရသီရိမြို့နယ်မှာ မြေကွက်အလွတ်ဆိုရင် သိန်း ၅၀၀၊ ၆၀၀ ဝန်းကျင် ပေ ၈၀ ပတ်လည်ကို။ ပေ ၁၀၀ ပတ်လည်ဆိုရင် သိန်း ရဝဝနဲ့ ၈၀၀ အကြား။ အဆောက်အအုံ ပါတာဆိုရင် ပေ ၈၀ ပတ်လည်က သိန်း ၁၀၀၀ ဝန်းကျင် ၇၀၀ နဲ့ ၁၀၀၀ အကြား အရောင်းအဝယ်ဖြစ်တယ်။ နောက်ပေ ၁၀၀ ပတ်လည်ဆိုရင် သိန်း ၁၀၀၀ နဲ့ ၁၃၀၀ အကြား အရောင်းအဝယ် ဖြစ်တယ်” ဟု ပြောကြားသည်။

နေပြည်တော်တွင် အသစ်ဖော်ဆောင်ထားသည့် မြို့နယ်များဖြစ်သည့် ပုဗ္ဗသီရိမြို့နယ်တွင် ပေ ၈၀ ပတ်လည် မြေကွက်များတွင် အိမ်ပါဝင်ပါက ကျပ်သိန်း ၅၀၀ အောက် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ပေ ၆၀x၈၀ ရှိ အိမ်ပါဝင်သည့် မြေကွက်များသည် ကျပ်သိန်း ၂၀၀ မှ ၃၅၀ အကြားဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ဦးကျော်စွာမြင့်က ဆိုသည်။

ဥတ္တရသီရိမြို့နယ်သည် ၂၀၀၇ ခုနှစ်ဝန်းကျင်ခန့်က ဖော်ထုတ်ခဲ့သည့် မြို့နယ်ဖြစ်ပြီး နေပြည်တော် တည်ဆောက်ပြီးနောက် ပုဂ္ဂလိကပိုင်အဖြစ် ပထမဆုံး ဖော်ထုတ်ပေးသော မြို့သစ်ဖြစ်သည်။ ဝန်ကြီးရုံးများနှင့် အနီးဆုံး ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် တည်ရှိသည်။ ရာဇသင်္ဂဟလမ်း၏ အနောက်ဘက်ခြမ်းတွင် ရာဇသင်္ဂဟအိမ်ရာ အမှတ် (၂) တည်ရှိပြီး ဥတ္တရသီရိမြို့နယ်တွင် ပါဝင်သည်။

ရာဇသင်္ဂဟလမ်း တစ်လျှောက်တွင် ပေ ၁၀၀x၂၀၀ မြေကွက်များနှင့် အဆင့်မြင့်စျေးရှိပြီး တရားဝင် ရောင်းချပေါင်နှံမှု ပြုလုပ်နိုင်ကြောင်း၊ ပေါက်စျေးမှာ သိန်း ၂၀၀၀ ဝန်းကျင်မှစ၍ နေရာလိုက်ပြီး မြင့်နိုင်ကြောင်း၊ Terminal ဆီပန့်အနီးတွင် စီးပွားရေးလုပ်ငန်းသုံး ဧကကွက်များရှိပြီး သွင်းစျေးသိန်း ၁၀၀၀ ရှိကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းများထံမှ သိရသည်။

ရွှေပုစွန်၏မြောက်ဘက်နားတွင် ကုမ္ပဏီကြီးများအား ချထားပေးသည့် ၁၂၀ ပတ်လည် အကွက် ၁၀၀ ကျော်ရှိပြီး အရောင်းအဝယ် ပြုလုပ်ခွင့်ရှိကြောင်း၊ တရားဝင်သွင်းစျေးမှာ သိန်း ၇၀၀ ကျော်ရှိပြီး ပေါက်စျေးမှာ သိန်း ၁၀၀၀ ကျော်ရှိကာ အရောင်း အဝယ်ဖြစ်မှု ရှားပါးကြောင်း၊ ရွှေပု စွန်ဝန်းကျင်နှင့် ဥတ္တရသီရိဆေးရုံ အထိ ပေ ၁၀၀ ပတ်လည် သိန်း ၁၀၀၀ ကျော်ရှိပြီး တရားဝင်အ ရောင်းအဝယ်ပြုလုပ်နိုင်ကာ နောက် ဆုံးသွင်းစျေးမှာ သိန်း ၅၀၀ ဖြစ်ပြီး အစောဆုံးသွင်းစျေးမှာ သိန်း ၃၀ သာရှိကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းများထံမှ သိရသည်။

ထို့အတွက် အစိုးရအဆက်ဆက်၏ အခြေစိုက်ရာ မြို့တော်ဖြစ်လာမည့် နေပြည်တော်သည် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ၊ ဒေသဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစီမံကိန်းများ လုပ်ဆောင်နိုင်မှုနှင့်အတူ လူနေထိုင်မှုနှင့် အိမ်ခြံမြေ အရောင်းအဝယ်များသည် ယခုထက် ပိုမိုမြင့်တက်နိုင်ကြောင်း ဒေသခံတို့က သုံးသပ်နေကြသည်။