နိုင်ငံသားကတ်ရသွားသူတွေက ကမန်တွေဟုတ်ရဲ့လား

နိုင်ငံသားကတ်ရသွားသူတွေက ကမန်တွေဟုတ်ရဲ့လား
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသတွင် နိုင်ငံသားကတ်ထုတ်ပေးရန် အထောက်အထားများ ရယူနေစဉ်
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသတွင် နိုင်ငံသားကတ်ထုတ်ပေးရန် အထောက်အထားများ ရယူနေစဉ်
Published 25 November 2018
ဇော်မင်းနိုင်

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် ပြဿနာတစ်ခုရှိသည်။ ယင်းပြဿနာမှာ ဘင်္ဂါလီများကို ကမန်တိုင်းရင်းသားများအဖြစ် နိုင်ငံသားကတ်များ ထုတ်ပေးမှု ပြဿနာဖြစ်သည်။

ပြဿနာ ဖြစ်ပွားခဲ့သည့် အကြောင်းရင်းမှာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသတွင် အစိုးရက ကမန်တိုင်းရင်းသားများ ဟုဆိုကာ ဘင်္ဂါလီများအား နိုင်ငံသားလက်မှတ် ထုတ်ပေးခဲ့ခြင်းမှ အစပြုခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီများကို ကမန်တိုင်းရင်းသားများအဖြစ် နိုင်ငံသားကတ်များ ထုတ်ပေးမှုတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများ သာမက ကမန်လူမျိုးများကလည်း လက်မခံနိုင်ခြင်း ဖြစ်သည်။

ဘင်္ဂါလီတွေကို ထုတ်ပေးထားသည့် နိုင်ငံသားကတ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသရှိ ဘင်္ဂါလီများကို ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် စတင်ထုတ်ပေး ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကမန်တိုင်းရင်းသား အမည်ခံ ဘင်္ဂါလီ ၃၃၀၆ ဦးအား နိုင်ငံသားကတ်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်။

ထုတ်ပေးခဲ့သည့် နိုင်ငံသားကတ်များတွင် ကမန်+ရခိုင် အစ္စလာမ်ဟု ရေးသားဖော်ပြ ထားသည်ကို တွေ့ရသည်။

ယင်းသို့ ဖော်ပြထားသော်လည်း အမှန်တကယ်တွင် ကမန်လူမျိုးများ မဟုတ်ဘဲ ဘင်္ဂါလီများသာ ဖြစ်သည်ဟု  ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ကမန်အမျိုးသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူများက ပြောကြားသည်။

“အဲဒီကတ်ရထားတဲ့ သူတွေက ဘင်္ဂါလီဖြစ်တယ် ဆိုတာကို သက်သေတွေ အများကြီးရှိတယ်။ စာရွက်စာတမ်း သက်သေတွေရော၊ လူသက်သေတွေရော အများကြီးပဲ” ဟု ရမ်းဗြဲမြို့ ဒေသခံ ကိုတင်လင်းခိုင်က ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများကို ကမန်လူမျိုးဖြစ်သည်ဟု ထောက်ခံချက်ပေးသူများ ကိုယ်တိုင်မှာ ကမန်လူမျိုးမဟုတ်ဘဲ ဘင်္ဂါလီ ဖြစ်နေသည့် စာရွက်စာတမ်းဖြစ်သည်။

ယင်းစာရွက်မှာ ၂၀၁၃ ခုနှစ်က ဘင်္ဂါလီလူဦးရေစာရင်း ကောက်ယူစဉ်က ဘင်္ဂါလီကိုယ်စားလှယ်အဖြစ် ဖော်ပြထားသည်။

၎င်းမှာ ကမန်နိုင်ငံသားကတ် ထုတ်ပေးရာတွင် ကမန်ရပ်မိရပ်ဖ သက်သေအဖြစ် ထောက်ခံချက်ပေးရသူတစ်ဦး ဖြစ်နေခြင်းဖြစ်သည်။

“အဲဒီလူက ကမန်လည်း မဟုတ်ဘူး။ အရင်ကတည်းက ဘင်္ဂါလီ။ အခုကျတော့ ဘယ်လိုဖြစ်ပြီး ကမန် ရပ်မိရပ်ဖ ဖြစ်နေလည်း မသိဘူး” ဟု ကိုတင်လင်းခိုင်က ပြောကြားသည်။

ရမ်းဗြဲမြို့နယ်တွင် ကမန်တိုင်းရင်းသား ၂၅၀ ကျော်သာ ရှိသည်ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီက ထုတ်ပြန်ထားသည်။

ယင်း ၂၅၀ မှာ ကမန်စစ်စစ် လူမျိုးစစ်စစ်သာမကဘဲ ကမန်သွေးနှောများကိုပါ ထည့်သွင်းတွက်ချက် ထားခြင်းဖြစ်သည်။

နိုင်ငံသား၊ နိုင်ငံပြုခွင့်ရသူများကို ဘယ်လို စိစစ်ရမလဲ

ဘင်္ဂါလီများအား နိုင်ငံသားကတ် ထုတ်ပေးရာတွင် အဖွဲ့များဖြင့် စိစစ်ခဲ့ခြင်း မဟုတ်ဘဲ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကမန်လူမျိုးဖြစ်ကြောင်း ထောက်ခံပေးသည့် အရပ်လူကြီး နှစ်ဦး၏ လက်မှတ်ဖြင့် ထုတ်ပေးထားခြင်းဖြစ်သည်။

ယင်းသို့ ထုတ်ပေးခဲ့ခြင်းမှာ ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာ ၃၃/၂၀၁၆ ကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်သည်ဆိုသည့် ပြောဆိုမှုများလည်း ရှိသည်။

အမိန့်ကြော်ငြာစာ အမှတ် ၃၃/၂၀၁၆ ဆိုသည်မှာ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းဆိုသည့် အမိန့်ကြေညာချက်ဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သန်းသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအမိန့်ကြော်ငြာစာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာတွင် မည်သူများ ပါဝင်ရမည် ဆိုသည်ကို ဖော်ပြထားသည်။

ယင်းဖွဲ့စည်းမှုတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မြို့နယ် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းဟူ၍ နှစ်မျိုးခွဲခြားထားသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် နိုင်ငံသားသို့မဟုတ် နိုင်ငံ သားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ် ဆေးရေးအဖွဲ့တွင် နယ်စပ်ရေးရာ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရ ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည် နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ဥပဒေချုပ်က တာဝန်ပေးအပ်သည့် ကိုယ် စားလှယ်တစ်ဦး၊ လျှောက်ထားသူ နှင့် သက်ဆိုင်သည့်ဒေသမှ ဌာန ဆိုင်ရာ အများကြည်ညို လေးစားခံရသူ နှစ်ဦးနှင့် အတွင်းရေးမှူးအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့ ပါဝင်ရမည် ဖြစ်သည်။

အလားတူ  မြို့နယ်အဆင့်တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ဥပဒေအရာရှိ၊ လျှောက်ထားသူနှင့် သက်ဆိုင်သည့်ဒေသမှ ဌာနဆိုင် ရာ အများကြည်ညိုလေးစားခံရသူ နှစ်ဦးနှင့် အတွင်းရေးမှူးအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးတို့ ပါဝင်ရမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းဆောင်တာများမှာ မြန်မာ နိုင်ငံသားဥပဒေ ပုဒ်မ ၆၅ အရ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့ မဟုတ် အဆုံးအဖြတ်ခံယူရန် အ ထောက်အထားများနှင့်တကွ တင် ပြလျှောက်ထားသူများအား ပြဋ္ဌာန်း ထားသော ဥပဒေပုဒ်မများနှင့် အကျုံးဝင်ညီညွတ်သည့် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးခြင်း၊ ပြဋ္ဌာန်း သတ်မှတ်ထားသောဥပဒေ နှင့် ညီညွတ်သူများအား ဥပဒေအရ သတ်မှတ်ထားသော အရည်အချင်း များနှင့် ပြည့်စုံမှုရှိမရှိ စစ်ဆေးခြင်း၊ လျှောက်လွှာ၌ ဖော်ပြထားသော သားသမီးများအား မှန်ကန်မှုရှိမရှိ၊ နိုင်ငံသားပြုခွင့်လက်မှတ်တွင်သား သမီး၏ အမည်ကို ထည့်သွင်းပေး သင့်မသင့် စုံစမ်းစစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေး တွေ့ရှိချက်များ အ ပေါ် မူတည်၍ ဗဟိုအဖွဲ့မှ လျှောက် ထားသူအား နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ် ချမှတ်နိုင်ရေးအတွက် သုံးသပ်ချက်၊ အကြံပြုချက်များအား ဗဟိုအဖွဲ့သို့ တိကျစွာတင် ပြခြင်း စသည်တို့ ပါဝင်သည်ကို တွေ့ရသည်။

ယင်းသို့ ညွှန်ကြားထားသော်လည်း နိုင်ငံသားကတ်ထုတ်ပေးရာတွင် သတ်မှတ်ချက်များနှင့် ပြည့်စုံအောင် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောကြားသည်။

“အဲဒီထဲမှာ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့အညီ လုပ် တာ မတွေ့ရဘူး။ မှတ်ပုံတင် လာထုတ်တဲ့ အချိန်မှာလည်း သူတို့ဆီက တစ်ယောက်ပဲ လာထုတ်တာ။ သူကတစ်ဆင့် ကတ်ရတဲ့သူတွေကို ပြန်ဝေပေးတာ” ဟု  ရမ်းဗြဲမြို့ဒေသခံ ကိုတင်လင်းခိုင်က ပြောကြားသည်။

ဒေသခံများအနေဖြင့် နိုင်ငံသားကတ် ထုတ်ပေးမှုကို ကန့်ကွက်နေခြင်း မဟုတ်ဘဲ ထုတ်ပြန်ထားသည့် အမိန့်များကို တိတိကျကျ လိုက်နာစေရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် လုပ်ဆောင် စေလိုကြောင်း ပြောကြားသည်။

နိုင်ငံသားကတ်ရသွားသူတွေက ကမန်တွေ ဟုတ်ရဲ့လား

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသတွင် ထုတ်ပေးလျက်ရှိသည့် နိုင်ငံသားကတ်ကိုင် ဆောင်ခွင့်ရသူများမှာ ဘင်္ဂါလီများသာဖြစ်ပြီး ကမန်လူမျိုးအစစ်အမှန် မဟုတ်ကြောင်း ဒေသခံများနှင့် ကမန်အမျိုးသား တိုးတက်ရေးပါတီက ပြောကြားသည်။

ယင်းသို့ ကမန်လူမျိုးမဟုတ် ဘဲ ဘင်္ဂါလီများကို နိုင်ငံသားကတ် ထုတ်ပေးခြင်းမှာ မူလရှိရင်းစွဲကမန် လူမျိုးများအတွက် ထိခိုက်နစ်နာမှု များရှိကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ (ဗဟို) အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောကြားသည်။         

“နှစ်အတော်ကြာနေလာတဲ့ လူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ကမန် မဟုတ်သူတွေကို ကျွန်တော်တို့ ကြားထဲကို ထိုးထည့်တာဟာသိပ်ပြီး အန္တရာယ်ရှိပါတယ်။ အဲဒါကြောင့် ငြင်းချင်တယ်။ အဓိကပြောချင်တာ ကတော့ ကမန်မဟုတ်ဘဲ ကမန်ဆို ပြီး နိုင်ငံသားကတ်ယူထားသူတွေ ရှိတဲ့အတွက် အဲဒီဆိုးကျိုးကို ကျွန်တော်တို့ ခံစားနေကြရတယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောကြားသည်။       

ဘင်္ဂါလီများကို နိုင်ငံသား ကတ်ထုတ်ပေးနေမှုနှင့် ပတ်သက် ပြီး ပြန်လည်စိစစ်ပေးရန် ကမန်အမျိုးသား တိုးတက်ရေးပါတီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တင်ပြခဲ့သည်။

ကမန်တိုင်းရင်းသား မျိုးနွယ်စုသည် ရှေးရခိုင်ဘုရင်မင်းများ အဆက်ဆက်ကပင် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှသည် မျက်မှောက်ကာလ အထိ ခေတ်အဆက်ဆက်တွင် အခြား တိုင်းရင်းသားများနည်းတူ တိုင်း ပြည်နှင့် လူမျိုးအပေါ် သစ္စာရှိစွာ ရပ်တည်ခဲ့ကြသည့် ရခိုင်အမျိုးနွယ် စုဝင်ဖြစ်ကြောင်း၊ ယခင်အစိုးရ လက်ထက်များတွင် လဝကဝန်ထမ်းများသည် အကျင့်ပျက်ခြစား မှုများအပါအဝင် တာဝန်များကိုပေါ့ လျော့စွာ ဆောင်ရွက်မှုများကြောင့် ကမန်လူမျိုးမဟုတ်ဘဲ ဘာသာတူ သူများကို ကမန်လူမျိုးအဖြစ် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ထုတ် ပေးခဲ့ကြောင်း၊ ကမန်လူမျိုးအစစ် အမှန်များမှာ တိုင်းရင်းသားများဖြစ်ပါလျက် ခွဲခြားဆက်ဆံခံရပြီး သံသယစာရင်းသို့ သွတ်သွင်းခြင်း ခံခဲ့ရကြောင်း၊ ခရီးသွားလာမှု အပါအဝင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အစစအရာရာ ချွတ်ခြုံကျကာ ဥပဒေပါ အခွင့်အရေးများ ဆုံးရှုံးပြီး နိုင်ငံခြားသားများ ခရီးသွားလာရာတွင် အသုံးပြုရသည့် ပုံစံ (၄) ရ ယူဆောင်ရွက်ခဲ့ရသည့် အခြေအနေ ရောက်ရှိခဲ့ရကြောင်း သမ္မတထံ ပေးပို့ထားသည့်စာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

“ကျွန်တော်တို့က နိုင်ငံသား ဖြစ်မဖြစ်ကိုမပြောလိုဘူး။ ကမန်လူ မျိုးအမည်နဲ့ တခြားဘာသာတွေကို နိုင်ငံသားကတ်ထုတ်ပေးတာကို ကန့်ကွက်လိုတာဖြစ်ပါတယ်။ ကျွန် တော်တို့ လက်မခံဘူး” ဟု ကမန် အမျိုးသား တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောကြားသည်။

ထို့ပြင် သမိုင်းတစ်လျှောက် အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည့် ရခိုင်လူမျိုး တချို့၏ စွပ်စွဲပြစ်တင်ခြင်းကို ခံခဲ့ရခြင်းများ ရှိခဲ့ကြောင်း၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ အနေဖြင့် လဝကဝန်ကြီး ဦးခင်ရီနှင့် တွေ့ဆုံပြီး ကမန်လူမျိုး မဟုတ်သူများကို ကမန်လူမျိုးအဖြစ် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးထားမှုအပေါ် တင်ပြခဲ့သည်များလည်း ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ် မြေပုံမြို့နယ် လဝကက ကမန်လူမျိုးအဖြစ် ထုတ်ပေးထားသည့် နိုင်ငံသား စိစစ်ရေးကတ် ၅၇ စောင်ကို စစ်ဆေးခဲ့ရာ ကမန်လူမျိုးအဖြစ် ၁၈ ဦးသာ မှန်ကန်မှုရှိခဲ့ကြောင်း၊ မမှန်မကန် ထုတ်ပေးထားမှုအပေါ် အရေးယူဆောင်ရွက်ခဲ့ခြင်း လုံးဝမရှိခဲ့ကြောင်း သမ္မတထံပေးပို့သည့် စာတွင်ရေးသား ဖော်ပြထားသည်။

အဆိုပါစာနှင့်ပတ်သက်ပြီး မိတ္တူ ကိုလည်း လွှတ်တော်အသီးသီး အပြင် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန် ကြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်၊ ပြည်နယ်လွှတ်တော်နှင့် အခြား သက်ဆိုင်ရာဌာနများသို့ ပေးပို့ခဲ့သည်။

ထို့ပြင် ကျောက်နီမော်ဒေသခံ များကလည်း စုပေါင်းပြီး သမ္မတထံ တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့သည်။

ယင်းနောက် ဒေသခံများနှင့် ကမန်အမျိုးသား တိုးတက်ရေးပါတီ က ရန်ကုန်မြို့တွင်လည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“နေပြည်တော် လူဝင်မှုကြီးကြပ်ရေးရုံးချုပ်က တိုက်ရိုက်လာ လုပ်ပေးနေတာ ကျွန်တော်တို့ နားမလည်ဘူး ဖြစ်နေတယ်။ သူတို့ အားလုံးဟာ ကမန်တိုင်းရင်းသား လည်း မဟုတ်ဘူး။ ၁၉၈၉ ခုနှစ်ထဲက နိုင်ငံသားစိစစ်ရေး စီမံချက်အရ တိုင်းရင်းသားမဟုတ်လို့ နိုင်ငံသား ကတ်မရတဲ့လူတွေက အခုကျမှ ကမန်တိုင်းရင်းသားအမည်နဲ့ နိုင်ငံသားကတ် ထုတ်ပေးနေတာက မရိုးသားဘူး။ ဒါကြောင့် ကန့်ကွက်နေ ရတာ ဖြစ်တယ်။ နိုင်ငံတော် အစိုးရ က အောက်ခြေမှာ ဖြစ်နေတာတွေကို သေချာစိစစ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးဖြူလုံးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ယင်းအပြင် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ယင်းသို့ ကမန်လူမျိုး မဟုတ်သူများကို ကမန်တိုင်း ရင်းသားအမည်ဖြင့် နိုင်ငံသား စိ စစ်ရေးကတ်ပြား ထုတ်ပေးနေခြင်းက ဒေသခံရခိုင်နှင့် ကမန်တိုင်းရင်းသားများက လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတထံ တိုင်ကြားမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပြဿနာအရပ်ရပ်များသည် လ.၀.က ဌာန၏ နိုင်ငံသားဖြစ်မှု အပေါ် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်မှု၏ အားနည်းချက်များကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေသခံများ၏ ပြောကြားချက်များအရ ကမန်မဟုတ်သူများကို ကမန်အမည်ခံကာ နိုင်ငံသားကတ် ပေးခဲ့သည့် ကိစ္စရပ်ကို ပြန်လည် ဆန်းစစ်သင့်ကြောင်း ရမ်းဗြဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ဆိုသည်။

“ဒေသခံတွေနဲ့ တွေ့တဲ့အချိန် မှာ အကုန်လုံးက ၀ိုင်းပြောကြတယ်။ ဒါက ကမန်မဟုတ်ဘူးဆိုတာကို။ နောက်တစ်ခုက ကမန်ပါတီက လည်း ကန့်ကွက်တာတွေ၊ စာပို့တာ တွေရှိတယ်။ ဒါက ထူးဆန်းတဲ့ အချက်ပေါ့နော်။ အဲဒါကြောင့် ပြန်စစ်သင့်တယ်။ ပြန်စစ်ဖို့ကိုလည်း တိုက်တွန်းတယ်” ဟု ဒေါ်ထုမေက ပြောကြားသည်။

ယခင်က ဘင်္ဂါလီများသည် တိုင်းရင်းသားများ မဟုတ်သော်လည်း ယခုအခါတွင် ကမန်လူမျိုး အဖြစ် နိုင်ငံသားပေးလိုက်ခြင်းမှာ ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ် သွတ်သွင်းခံရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

“ကျွန်မက လွှတ်တော်ထဲမှာ လည်း မေးခွန်းမေးခဲ့တယ်။ ကမန် ဘယ်လောက်ရှိသလဲ ဆိုတာမျိုးက အစပေါ့။ ကမန်နဲ့ ဘင်္ဂါလီက ဘာ သာချင်းလည်း တူတယ်။ ကမန် သောင်းဂဏန်းသာရှိခဲ့တယ်။  အခု ကျောက်နီမော်က ဘင်္ဂါလီတွေကို ကမန်အဖြစ်လုပ်ပြီး တိုင်းရင်းသားစာရင်းထဲထည့်တာကတော့ လုံးဝ မဖြစ်သင့်တဲ့ကိစ္စ။ ကမန်ကတော့ အရင်ကတည်းကရှိပြီးသား ဖြစ်ပေ မယ့် ပြဿနာမရှိ။ နှစ်တစ်ထောင် နေလို့တောင် တိုင်းရင်းသား ဖြစ်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စမှာ ဘင်္ဂါလီတွေကို ကမန်အဖြစ်ပြောင်းတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြား သည်။

ကျောက်နီမော်ကိစ္စနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက နိုဝင်ဘာလအတွင်းက လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သော်လည်း တင်သွင်းခွင့် မရရှိခဲ့ပေ။

ကမန်လူမျိုးနိုင်ငံသားကတ် ထုတ်ပေးမှုအပေါ် အစိုးရက ဘာပြောလဲ

ရခိုင်ပြည်နယ်ရှိ ဒေသခံများ နှင့် နိုင်ငံရေးပါတီများ လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြ ပြောဆိုမှုများကြောင့် ရခိုင်ပြည် နယ်အတွင်း ကမန်လူမျိုးအဖြစ် အသိအမှတ်ပြုကတ်များ ထုတ်ပေး ရာတွင် မျိုးရိုးစဉ်ဆက်အထောက် အထားများကို သေချာစိစစ်နေပြီး ဥပဒေနှင့်အညီ ဆုံးဖြတ်သွားမည် ဟု  အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာ န ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြန်လည်တုံ့ပြန်ခဲ့သည်။

“စိစစ်နေပါတယ်။ တော်တော် များများ ပြီးနေပါပြီ။ အဲဒီမြို့နယ်မှာ ရှိတဲ့ အထောက်အထား စာရွက်စာ တမ်းတွေ၊ ခရိုင်မှာရှိတဲ့ အထောက် အထားစာရွက်စာတမ်းတွေ၊ ပြည် နယ်မှာရှိတဲ့ အထောက်အထား စာ ရွက်ဖိုင်တွေရှိတယ်လေ။ အဲဒါတွေ ကို ရုံးချုပ်ကို တောင်းယူပြီးတော့မှ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာရှိတဲ့ ဒီဥပဒေကို ကျွမ်းကျင်တဲ့သူတွေကို ခေါ်ပြီးတော့မှ အသေးစိတ် စိစစ် နေတယ်။ သေချာတာတစ်ခုပြော ချင်တာကတော့ ထုတ်ပေးတဲ့သူအား လုံးဟာ နိုင်ငံသား အရည်အချင်း ပြည့်တဲ့သူတွေဖြစ်တယ်။ အဲဒါကို တော့ တွေ့ပြီးပြီ။ ဒီအထဲကမှ ကမန် အစစ်လား။ ကမန်နဲ့ဘင်္ဂါလီ ရောနေ သလား။ ဒါတွေကတော့ သူ့ရဲ့ မျိုးရိုး စဉ်ဆက် အထောက်အထားတွေကို လိုက်ပြီးတော့ စိစစ်နေပါတယ်။ပြောချင်တာကတော့ အခု ထုတ်ပေး ထားတဲ့ဟာတွေက နိုင်ငံသားအရည် အချင်းပြည့်သူအားလုံးကို ထုတ်ပေး ထားတာဖြစ်ပါတယ်။ လူမျိုးကိစ္စ လေး တစ်ခုသာ အသေးစိတ်စိစစ်ဖို့ လိုတဲ့အတွက် တစ်ဦးချင်းစီရဲ့ အထောက်အထား၊ စာရွက်စာတမ်း တွေကို အသေးစိတ်ပြန်လေ့လာနေ တယ်။ ဥပဒေနဲ့ချိန်ထိုးနေပါတယ်။ သိရှိလာတဲဲ့ အခါမှာလည်းပဲ အားလုံးကို ရှင်းလင်းတင်ပြ သွားမှာဖြစ်ပါတယ်။ လွှတ်တော်ကိုရော၊အထက် အကြီးအကဲတွေကရော မေးမြန်း တာတွေ ရှိနေပါတယ်။ ဒါကို ဝန်ကြီး ဌာနအနေနဲ့ တိတိကျကျ ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ လိုအပ် ရင်လည်း သက်ဆိုင်ရာဒေသအထိ သွားပြီးတော့ သက်ဆိုင်တဲ့လူတွေနဲ့ တွေ့ဆုံပြီးတော့မှ သက်ဆိုင်သူတွေ လည်း မနစ်နာအောင်၊ အမှန်အကန် ရသင့်ရထိုက်တဲ့ အခွင့်အရေးရ အောင် လုပ်သွားမှာဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါက ဌာနရဲ့ရပ်တည် ချက်ပါပဲ။ ဥပဒေနဲ့အညီ ရသင့်ရ ထိုက်တဲ့ နိုင်ငံသားအဆင့်အတန်း တစ်ခုကို ရရမယ်။ မရသင့်တဲ့သူတွေ ကတော့ မရစေရပါဘူး။ ဒါက ဌာန ရော၊ နိုင်ငံတော်ရဲ့ရပ်တည်ချက်ပါပဲ။ အဲဒီအတိုင်းပဲဖြစ်အောင် ဆောင် ရွက်မှာ ဖြစ်ပါတယ်။ ဒါကိုလည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ထုတ်ပေးထားပြီးသား ဖြစ်တဲ့သူတွေမှာ အမှားအယွင်းရှိခဲ့ ရင်တောင်မှ သူတို့ဘက်က ပြန်တင်ပြဖို့ အခွင့်အရေးပေးရပါမယ်” ဟု နေပြည်တော်ရှိ M Gallery Hotel ၌ အောက်တိုဘာ ၃၀ ရက်က ပြုလုပ် သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ထို့ပြင် မှားယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကလည်း တာဝန်ယူမည်ဖြစ်ကြောင်း ဦးသိန်းဆွေက ဆက်လက်ပြောကြားခဲ့သည်။

“သမိုင်းတွင်မယ့် ကိစ္စဖြစ်တယ်။ အမှားခံလို့မရဘူး။ ဝန်ကြီးအနေနဲ့ တာဝန်ယူပါတယ်။ ဒီကိစ္စကို ရှင်းလင်းပြီးတော့ တစ်ဦးချင်းစီအလိုက် ကမန်လို့ ပေးရတယ်။ ဘင်္ဂါလီလို့ပေးရတယ် စသည်ဖြင့် ခိုင်မာဖို့ လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

နိုင်ငံသားကတ် ထုတ်ပေးမှုနှင့် ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုများကိုလည်း ကြိုဆိုကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

“ဥပဒေနဲ့အညီ သတိနဲ့လုပ်ရလေပါပဲ။ ဒါက ကောင်းတာ ဖြစ်ပါ တယ်။ ဒီမိုကရေစီစနစ်မှာလည်း Check and Balance ဆိုတာ ဒါကို ပြောတာ ဖြစ်ပါတယ်။ ကြိုဆိုပါတယ်” ဟု ဖြေကြားသည်။

မြေပြင်အခြေအနေမှာ ဘယ်လိုတွေရှိသလဲ

ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားမှုများ ရှိခဲ့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး မြေပြင်တွင် လာရောက်စစ်ဆေးမှုများ၊ လာရောက်ရှင်းပြမှုများ မရှိသေးကြောင်း ဒေသခံများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“ အခုအထိ လာရှင်းတာ မရှိသေးဘူး။ လာစုံစမ်းတာ မရှိသေးဘူး။ စစ်ဆေးခံဖို့ စောင့်နေတာ ဘယ်သူမှ မလာဘူး။ သက်သေတွေက လက်ထဲမှာ အများကြီးပဲ” ဟု ရမ်းဗြဲမြို့ ဒေသခံ ကိုတင်လင်းခိုင်က ပြောကြားသည်။

ကျောက်နီမော် ဒေသခံ ၃၉၉၆ ဦးက နိုင်ငံတော်သမ္မတထံ စက်တင်ဘာ ၂၅ ရက်တွင် တိုင်ကြားစာပေးပို့ ခဲ့ရာ နှစ်ရက်အကြာတွင် စက်တင် ဘာ ၂၇ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အကြောင်းပြန်ကြားခဲ့သည်။

ယင်းအကြောင်းပြန်ကြားစာတွင် လိုအပ်သလို စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး သုတေသန၊ သတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများ ဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွန်ကြားရေးမှူး ဦးစိုးမင်းထွေးက လက်မှတ်ရေးထိုး ထားသည်ကို တွေ့ရသည်။

ယင်းသို့ အကြောင်းပြန်ကြားမှု ရှိခဲ့သော်လည်း မည်သည့်လုပ်ဆောင်ချက်မှ မရှိသေးကြောင်း သမ္မတထံ ဦးဆောင်တိုင်ကြားစာ ပေးပို့ခဲ့သည့် ၈၁ နှစ်အရွယ်ရှိ အငြိမ်းစား ကျောင်းဆရာကြီး ဦးကျော်သန်းက ပြောကြားသည်။

“အခုချိန်အထိ ဘာမှကို မလာ သေးဘူး။ ဒီမှာက နှစ်ငါးဆယ်ကျော် လောက် ကျောင်းဆရာလုပ်လာတာ။ ဘယ်သူက ကမန်၊ ဘယ်သူက ဘင်္ဂါလီဆိုတာ အကုန်သိတယ်။ အခုဟာ ကတော့ မခံနိုင်လွန်းလို့ တိုင်တာ။ တပည့်တွေထဲမှာလည်း မော်လဝီ ဆရာတွေ အများကြီးရှိတယ်” ဟု အငြိမ်းစားကျောင်းဆရာကြီး ဦးကျော်သန်းက ပြောကြားသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ နိုဝင်ဘာ ၂၆ ရက် တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်ကာ ဒေသခံများအား ရှင်းပြမည်ဟု ကြားသိထားကြောင်း၊ မိမိတို့ဘက်တွင်လည်း လူသက်သေ၊ စာရွက်စာတမ်း သက်သေများလည်းရှိကာ အပြန်အလှန် ဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း ဦးကျော်သန်းက ပြောကြားသည်။

“ဒီကိစ္စက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။ ဘင်္ဂါလီကနေ ကမန်ဖြစ်သွားတယ်ဆိုတာက ဟုတ်ကိုမဟုတ်ဘူး။ အဘတို့ဆီမှာက အထောက်အထားတွေ အကုန်ရှိတယ်။ ပေးသင့်တဲ့သူကို ပေးလိုက်တာ လက်ခံလို့ရတယ်။ မရသင့်တဲ့သူတွေ ရသွားမှာကိုပဲ စိုးရိမ်တယ်” ဟု ဦးကျော်သန်းက ပြောကြားသည်။

ယခုကဲ့သို့ ထုတ်ပေးမှုများကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်မည် ဆိုပါက ဒေသခံများ အနေဖြင့် လက်မခံနိုင်စရာ မရှိကြောင်း၊ သို့ သော် မြေပြင်အခြေအနေများတွင် ယင်းသို့ မဟုတ်ကြောင်း၊ ပွင့်လင်း မြင်သာမှုဆိုသည့် ကိစ္စမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

“ကျွန်တော်တို့က လာအစစ် ခံချင်တာ။ ပြီးတော့ ဘယ်လိုတွေ လုပ်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်း သိချင်တာ။ အခုကတော့ အဲ ဒီလို မဟုတ်ဘူး။ ဒီလူတွေက ဘင်္ဂါလီပါ ဆိုတာကို ပြောလို့မရဘူး” ဟု ရမ်းဗြဲမြို့ ဒေသခံ ကိုတင်လင်းခိုင်က ပြောကြားသည်။

ထို့ပြင် ကမန်အမျိုးသား တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းကလည်း သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဝန်ကြီးဌာန အစရှိသူများထံသို့ အကြောင်းကြားစာများ ပေးပို့ထားသော်လည်း မည်သို့လုပ်ဆောင် မည်ဆိုသည်ကို မသိရှိရကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ လူမျိုးစုထဲကို ဒီအထုပ်ကြီး ထိုးထည့်ခဲ့လို့ ပြီးသွား မယ့်အရာ မဟုတ်ဘူး။ အဲဒီမြို့နယ် မှာဆိုရင် ကျွန်တော်တို့ ကမန်တွေက ၂၀၀ ကျော်ကျော်ပဲရှိတယ်။ သောင်းဂဏန်းတောင် မရှိဘူး။ အဲ ဒါ ဘယ်လိုလုပ်ပြီး ထောင်ဂဏန်း လောက်ဖြစ်သွားတာလဲ။ ပြန်စိစစ်ဖို့ ပြောထားတွေလည်းအများကြီးပဲ။ အခုထိကို အကြောင်း မပြန်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မနက်ဖြန် (နိုဝင်ဘာ ၂၅ ရက်) မှာ အစည်းအဝေးရှိတယ်။ ဒါကို ဘယ်လိုပုံစံမျိုးနဲ့ ကိုင်တွယ်ကြမလဲ ဆိုတာကို အဖြေရှာမယ်” ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ် တော်တော်များများတွင် အစိုးရအဆက်ဆက် ဗဟို၏စီမံခန့်ခွဲမှု အမှားများကြောင့်သာ ဖြစ်ကြောင်း ဦးတင်လှိုင်ဝင်းက ပြောကြားသည်။

“ဘယ်ခေတ်မှာပဲ ကြည့်ကြည့် ဗဟိုအစိုးရရဲ့ စီမံခန့်ခွဲမှုအမှားတွေ ကြောင့် ဖြစ်တာချည်းပဲ။ အခု အဲဒီ လိုမဖြစ်စေချင်ဘူး။ အဲဒီမှာရှိတဲ့ ဒေ သခံတွေရဲ့ စကားကို နားထောင်ပါ။ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရ ခေတ်မှာ ပြည်သူ့စကား နားမထောင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်သူ့ကို သွားပြောရတော့မလဲ” ဟု ဦးတင်လှိုင်ဝင်းက ဆက်လက် ပြောကြားသည်။

ရခိုင်မျိုးနွယ်စုတွင် မြို၊ သက်၊ ခမီ၊ ကမန် အစရှိသည့် တိုင်းရင်း သားခြောက်မျိုးရှိပြီး ခေတ်အဆက် ဆက်တွင် ကမန်တိုင်းရင်းသားများ မှာ နိုင်ငံသားကတ် မရရှိခဲ့သည့် ဖြစ် စဉ်များရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ ပင်လျှင် ပုံစံ (၄) ဖြင့်နေထိုင်ခဲ့ရသူများရှိကြောင်း ၎င်းကဆိုသည်။

“ကမန်အစစ်အမှန်တွေက ခံစားရတယ်။ အခုလိုဖြစ်စဉ်မှာ ဒီလိုထိုးထည့်မယ်ဆိုတော့ ကျွန်တော်တို့ အပေါ်မှာ တခြားမျိုးနွယ်စုတွေက အမြင်မကြည်တာတွေ ဖြစ်သွားလိမ့်မယ်။ ဘင်္ဂါလီနဲ့ တူတာဆိုလို့ ဘာသာတူတာ တစ်ခုပဲရှိတယ်။ လူနေထိုင်မှု၊ ဓလေ့စရိုက်တွေ အကုန်လုံးက ရခိုင်လူမျိုးပုံစံပဲ။ ပြောတဲ့စကားတောင် ရခိုင်စကားပဲ ပြောတတ်ကြတာ။ အခုပေးလိုက်တဲ့ သူတွေရဲ့ စာပေ၊ ယဉ်ကျေးမှု စံနှုန်းတွေနဲ့ အများကြီး ကွာတယ်။ သိပ်ပြောစရာမလိုပါဘူး။ ကြည့်လိုက်တာနဲ့ သိတယ်” ဟု ဦးတင်လှိုင်ဝင်းက ပြောကြားသည်။

အကျိုးဆက်က ဘာတွေဖြစ်လာမလဲ

ယင်းသို့ ကမန်မဟုတ်သူများကို ဘင်္ဂါလီအဖြစ် မှတ်ပုံတင်တွင် ရေးသားဖော်ပြထားခြင်းမှာ ရခိုင်လူမျိုး အတွက်သာမက တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများ အတွက်လည်း စိုးရိမ်ရမည့် အနေအထား ဖြစ်သည်ဟု  လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများက ပြောကြားသည်။

ဥပဒေအရ နိုင်ငံသားဖြစ်ပိုင် ခွင့် ရရှိသူများကို နိုင်ငံသားအဖြစ် ပေးပိုင်ခွင့်ရှိကြောင်း၊ သို့သော် တိုင်းရင်းသား မဟုတ်သူများကို တိုင်းရင်းသား အခွင့်အရေး ပေးပိုင်ခွင့်မရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

“လူဦးရေ ငါးသောင်းပြည့်ရင် တိုင်းရင်းသားဝန်ကြီး တစ်နေရာ တောင်းဆိုလို့ရပြီ။ အဲဒီအခွင့်အ ရေးက နိုင်ငံသားတစ်ယောက် ရပိုင်ခွင့်နဲ့ မတူဘူး။ ကမန်တွေရဲ့ အကျင့် စရိုက်၊ လူဦးရေပေါက်ဖွားနှုန်းက ရခိုင်တွေ နဲ့တူတယ်။ ဒါပေမဲ့ ဘင်္ဂါလီတွေကိုသာ  ကမန်လုပ်ခိုင်းလိုက် ရင် နောက်နှစ်ငါးဆယ်ကျရင် ဘာ ဖြစ်လာမလဲ။ အဲဒါကြောင့် တိတိကျကျလုပ်ပါလို့ တိုက်တွန်းနေကြတာ” ဟု ဒေါ်ခင်စောဝေက ပြောကြား သည်။

“အဲဒီ ဘင်္ဂါလီတွေဟာ လူဦးရေ ပေါက်ပွားနှုန်းကလည်း အင်မ တန် မြန်တယ်။ သုံးထောင်ကနေ မကြာခင် သိန်းနဲ့ချီပြီဖြစ်လာမယ်။ တိုင်းရင်းသားဖြစ်တဲ့အတွက် ပါတီ တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဖြစ်လာမယ်ဆိုတော့ ဘင်္ဂါလီ အခွင့်အရေးတွေကိုသာ တောင်းဆိုလာလိမ့်မယ်။ လွှတ်တော်ထဲရောက်ပြီ ဆိုတာနဲ့ အင်မတန်စိုးရိမ်စရာ ဖြစ်လာတော့မယ်။ ဒါကို သတိထားဖို့လိုတယ်။ နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်” ဟု ဒေါ်ခင်စောဝေက ဆက်လက်ပြောကြားသည်။ တိုင်းရင်းသား မဟုတ်သူများကို တိုင်းရင်းသားအဖြစ် သတ်မှတ်မှုကို လက်မခံနိုင်ကြောင်း၊ နိုင်ငံသားအဖြစ် ရပ်တည်နိုင်သည့် သတ်မှတ်ချက်များ ပြည့်စုံပါက နိုင်ငံသားအဖြစ် ပေးသည်ကိုသာ လက်ခံကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောကြားသည်။

“အခုပေးလိုက်တာက အရင်ပေးလိုက်တာနဲ့ ပေါင်းလိုက်ရင် လူဦးရေ ၄၀၀၀ ကျော်လောက်ဖြစ်နေပြီ။ ကျွန်တော်တို့ ကမန်တွေ မဟုတ်ဘဲနဲ့ ပေးထားတာ ဘယ်လောက်ရှိပြီလဲဆိုတာ တွက်ကြည့်ပေါ့” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ကမန်များသည် တိုင်းရင်းသား မျိုးနွယ်စုများထဲတွင် ပါဝင်သည့်အတွက် တိုင်းရင်းသားအဖြစ် သတ်မှတ်ထားသော်လည်း ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ် သွတ်သွင်းသည်မှာ မတရားကြောင်း၊ လူမျိုးအမည်ကို ပြောင်း၍ မရနိုင်ကြောင်း၊ တရုတ်ဖြစ်စေ၊ အင်္ဂလိပ်ဖြစ်စေ နိုင်ငံသားပေးသည့်တိုင် ယင်းလူမျိုးအတိုင်း ရှိရမည် ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောကြားသည်။

ရမ်းဗြဲမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက “အခုလိုမျိုး လူမျိုးကို ပြောင်း လိုက်တာကတော့ မတရားဘူးလို့ မြင်တယ်။ အခုလည်း ဘင်္ဂါလီတွေကို တိုင်းရင်းသားတွေအဖြစ် လုပ် လိုက်တဲ့အတွက် တိုင်းရင်းသားအ ခွင့်အရေးတွေ အကုန်ပေးရမယ့် အနေအထားဖြစ်လာတယ်။ ဘင်္ဂါလီ ဆိုတာ ရခိုင်မှာ အလုပ်လာလုပ်သူ တွေဖြစ်တယ်။ ဒီနိုင်ငံသားလည်းမ ဟုတ်ဘူး။ ဘာသာတူပေမဲ့ အမှန် တကယ်လည်း ကမန်မဟုတ်ဘူး။ ဘာသာစကားလည်း ကမန်နဲ့ မတူတာကို ဒေသခံရခိုင်တိုင်းရင်းသား တွေ အားလုံးသိကြတယ်။ အခုလို မျိုးလုပ်နေတော့ တိုင်းပြည်တစ်ခုလုံး ပြိုပြီပေါ့။ မြန်မာတစ်နိုင်ငံလုံး ထိခိုက်မှာ ဖြစ်တယ်” ဟု ပြောကြားသည်။

ဘင်္ဂါလီများအား ကမန်အဖြစ် နိုင်ငံသားမှတ်ပုံတင်များ ထုတ်ပေးမှုမှာ တတိယအကြိမ်ဖြစ်ပြီး ယခင်ကလည်း မြေပုံမြို့နယ်နှင့် သံတွဲမြို့နယ်များတွင် ဖြစ်ပွားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအားများအောက် ရောက်ရှိနေချိန်တွင် ယင်းသို့လုပ်ဆောင်မှုမှာ နိုင်ငံတကာ ဖိအားလျော့ကျစေမည့် လုပ်ဆောင်ချက်လည်း မဟုတ်ကြောင်း ဦးတင်လှိုင်ဝင်းက သုံးသပ်ပြောကြားသည်။

“နိုင်ငံတကာ ဖိအားအောက်မှာ အစိုးရကရောက်နေတယ်ဆိုပေ မဲ့ ကိုယ့်ထဲကလူတွေနဲ့ ညီညီညွတ် ညွတ် လုပ်ရမှာလေ။ အခုဟာက တော့ ဖိအားလျော့ဖို့ လုပ်တာလည်း မဟုတ်ဘူး။ ကိုယ့်ထဲကပဲ ပြန်ပါသွား မယ့် လုပ်ဆောင်ချက်လို့ပဲမြင်တယ်” ဟု ၎င်းကသုံးသပ် ပြောကြားသည်။

ယင်းပြဿနာကို ဖြေရှင်းရန် မှာ ဒေသခံပြည်သူများ၏ တင်ပြ ချက်များ၊ တွေ့ရှိချက်များ၊ သက်သေ အထောက်အထားများကို ဂရုတစိုက် နားထောင်ရမည်ဖြစ်ပြီး မျိုးနွယ်စု ခေါင်းဆောင်များ၏ အကြံပေးချက်များကိုလည်း ရယူရမည် ဖြစ်သည်။

ထို့ပြင် ရခိုင်ပြဿနာနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်မှသာ အရာရာ အဆင်ပြေမည် ဖြစ်သည်။ ဒေသခံများ၏ ပူးပေါင်းမှုမရှိဘဲ မည်သည့်ကိစ္စရပ်မဆို အောင်မြင်မည် မဟုတ်သည့် အခြေအနေတွင် ၎င်းတို့တွင် သိရှိထားသည့် မြေပြင်အခြေအနေများကို အကြံရယူမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးဆုံးဖြစ်သည့် အဂတိလိုက်စားမှု ကင်းရှင်းရေး အတွက်လည်း ယင်းဖြစ်စဉ်တွင် လုပ်ကိုင်မှသာ အောင်မြင်မည်ဖြစ်သည်။

“ဒီဘက်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို အဂတိကိုလည်း တိုင်ထားတယ်။ ဒီမှာကတော့ ကျော်စောသတင်းတွေ အများကြီးပဲ” ဟု ရမ်းဗြဲဒေသခံ ကိုတင်လင်းခိုင်က ပြောကြားသည်။