မိဘတွေဟာ စွန့်ပစ်ခံတွေ ဖြစ်လာကြပြီလား

မိဘတွေဟာ စွန့်ပစ်ခံတွေ ဖြစ်လာကြပြီလား
စွန့်ပစ်ခံရသူ သက်ကြီးရွယ်အိုတစ်ဦးအား  လူမှုအဖွဲ့အစည်းအချို့နှင့် ဒေသခံများက ကူညီမှုပေးနေစဉ်
စွန့်ပစ်ခံရသူ သက်ကြီးရွယ်အိုတစ်ဦးအား လူမှုအဖွဲ့အစည်းအချို့နှင့် ဒေသခံများက ကူညီမှုပေးနေစဉ်
Published 11 November 2018
ဘိုဘိုမြင့်

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိဘဆိုတဲ့ ကိုယ့်မိခင်၊ ဖခင်ကို ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး ကိုးကွယ်၊ ပူဇော်၊ ကြည်ညိုကြတဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ ခေတ်အဆက်ဆက် မိဘရဲ့ ဂုဏ်ကျေးဇူးတွေကို ကဗျာတွေ၊ စာတွေနဲ့ အမွွှမ်းတင်ခဲ့ကြသလို ပြဇာတ်တွေက၊ သီချင်းတွေဆို၊ ရှပ်ရုင်တွေရိုက်နဲ့ မိဘဂုဏ်ကျေးဇူးကို အထူးဖော်ကျူးခဲ့ကြတာတွေ အများအပြားရှိခဲ့ပါတယ်။

ဂေါတမမြတ်စွာဘုရားကိုယ်တော်တိုင်ပင် သက်တော်ထင်ရှားရှိခဲ့စဉ်ကာလက ၀ါတွင်းကာလမှာ တာဝတိံသာနတ်ပြည်မှာရှိတဲ့ မိခင်တော်စပ်ဖူးတဲ့ မယ်တော်မိနတ်သားကို ဓမ္မစကြာတရား သွားရောက်ဟောပြောရင်း ကျေးဇူးဆပ်တယ်လို့ မှတ်သားဖူးပါတယ်။ သားသမီးတိုင်းကလည်း မိဘတိုင်းကို  ကူညီဆောင်မ ကြည့်ရှုစောင့်ရှောက်ကြတဲ့ အစဉ်အလာနဲ့နေခဲ့ကြတဲ့ လူ့အဖွဲ့အစည်းထဲမှာ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ သားအရင်းဖြစ်သူနဲ့ တူတော်စပ်သူတို့က အဘိုးအိုတစ်ဦးကို မော်လမြိုင်မြို့ အာမခံရုံးလမ်းမှာရှိတဲ့ အိုင်းရစ်စားသောက် ဆိုင်အရှေ့မှာ လာရောက်စွန့်ပစ်ခဲ့တဲ့ဖြစ်စဉ်။ နောက်ပြီး အောက်တိုဘာ ၂၈ ရက်မှာ မြိတ်မြို့မှာ နေထိုင်နေတဲ့ အဘိုးအိုတစ်ဦးက မော်လမြိုင်မြို့မှာရှိတဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေထံကို ပြန်လာရင်း သားသမီးတွေက မော်လမြိုင်မြို့မှာ မရှိတော့တဲ့အတွက် မော်လမြိုင်ဘူတာရုံမှာ ခိုကိုးရာမဲ့ ခက်ခဲစွာ နေထိုင်နေရတဲ့ဖြစ်စဉ်နဲ့ အောက်တိုဘာ ၃၀ ရက်မှာ ထားဝယ်မြို့က သားသမီးအရင်းနှစ်ယောက်က အဘွားအိုတစ်ဦးကို မော်လမြိုင်မြို့ အ.ထ.က (၁၀) ကျောင်းအနီးမှာ လာ ရောက်စွန့်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ခေတ်ရေစီးကြောင်း ပြောင်းလဲလာ တိုးတက်လာနဲ့အတူ Facebook  ဆိုတဲ့ လူမှုကွန်ရက်ပေါ်မှာ သားသမီးတွေက မိဘကို စွန့်ပစ်ကြတယ်ဆိုတဲ့ အကြောင်းအရာတွေ အထပ်ထပ် တွေ့မြင်လာရတဲ့အချိန်မှာတော့ အံ့သြတုန်လှုပ်မိတာ အမှန်ပါ။

မိဘကျေးဇူးကို အထူးသိတတ်ကြပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဘာ့ကြောင့်များ မိဘတွေကို သားသမီးတွေက စွန့်ပစ်နေကြတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာရတာလဲ။

“သားသမီးတွေက မိဘအရင်းကို စွန့်ပစ်ကြတာ အကြောင်းအရာ အမျိုးမျိုးတော့ ရှိမှာပါ။ တချို့ကတော့လည်း မိဘတွေက အသက်အရွယ် ကြီးရင့်လာတယ်။ အသက် အရွယ်ကြီးရင့်လာတော့ အလုပ်မလုပ်နိုင်၊ မစားနိုင်၊ မသောက်နိုင်ဖြစ်လာပြီလေ။ တချို့သားသမီးတွေက သူတို့ကိုယ်တိုင်က ရုန်းကန်နေကြရတယ်။ အလုပ်တစ်ဖက်နဲ့ အမေအို၊ အဖေအိုတွေက တစ်ဖက်နဲ့ဆိုတော့ မခံနိုင်တော့တဲ့အဆုံး မိဘကို စွန့်ပစ်လိုက်ရတာတွေ ရှိနိုင်တယ်။ တချို့သားသမီးတွေကျတော့လည်း ကျွေးနိုင် မွေးနိုင်ပေမဲ့ သမက်တွေ၊ ချွေးမတွေက ငြိုငြင်လာလို့ သူတို့ကို မလွန်ဆန်နိုင်တဲ့အတွက် အဖေအို၊ အမေအိုကို စွန့်ပစ်လိုက်ရတာမျိုးတွေလည်း တွေ့ကြုံဖူးပါတယ်။ တချို့လည်း ရောဂါဝေဒနာကြောင့် စွန့်ပစ်ကြတာလည်း ရှိနိုင်ပါတယ်။ အဓိကကတော့ စီးပွားရေးကျပ်တည်းလာလို့၊ စားဝတ်နေရေးအဆင်မပြေလို့စွန့် ပစ်ကြတယ်လို့ ယူဆပါတယ်” လို့ မော်လမြိုင် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက သုံးသပ်ပြောကြားပါတယ်။

“မိဘတွေ အသက်ကြီးလာတော့ သူတို့ရဲ့ဝေယျာဝစ္စတွေကို သားသမီးတွေက မလုပ်ပေးနိုင်ကြတာတို့၊ ကျန်းမာရေး မကောင်းတာကို မပြုစုပေးနိုင်တော့တာတွေ ရှိနိုင်တယ်။ အဓိကကတော့ စီးပွားရေးအရ မပြေလည်တဲ့အခါမှာ မိဘတွေကို စောင့်ရှောက်ဖို့မလုပ်နိုင်တော့တဲ့အခါမှာ စွန့်ပစ်တာတွေ ရှိလာတယ်။ နောက်တစ်ခုက ပိုက်ဆံရှိပါလျက်နဲ့မိဘကို ကျွေးမွေးချင်စိတ်မရှိတော့လို့ စွန့်ပစ်ကြတာတွေ တွေ့ရပါတယ်” လို့ ကိုဇင်မိုးက ဖြည့်စွက်ပြောကြားပါတယ်။

အလားတူ ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအသင်းက ကိုဘိုဘိုဝင်းကလည်း “လက်ရှိ ကျွန်တော်တို့နိုင်ငံမှာက စီးပွားရေး မပြေလည်တာကိုက မိဘတွေက သားသမီးတွေရဲ့ စွန့်ပစ်မှုကို ခံနေရတယ်။ တချို့သော သားသမီးတွေက သူတို့နေ့စဉ်ရင်ဆိုင်နေကြရတာတွေကို ရင်မဆိုင်နိုင်တော့တဲ့ ပြဿနာလို့ ကျွန်တော်မြင်ပါတယ်။ မွေးမိခင်၊ ကျွေးဖခင်တွေရဲ့ ကျေးဇူးတရားထက် လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲကို ဦးစားပေးလိုက်တာလို့ မြင်ပါတယ်။ နောက်တစ်ခုက ကိုယ့်မြို့က စွန့်ပစ်ကြတာထက် တခြားဒေသတွေကနေ ရထားပေါ်၊ ကားပေါ်တင်ပေးပြီးတော့ စွန့်ပစ်လိုက်ကြတာတွေလည်း အများကြီးရှိတယ်” လို့ သူ့ရဲ့အတွေ့အကြုံကို ပြောကြားပါတယ်။

မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးကမူ “အခုတလော မော်လမြိုင်မြို့မှာ သားသမီးတွေက စွန့်ပစ်ခံလိုက်ရတဲ့သူတွေနဲ့ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင်လည်း ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့တာတွေရှိတယ်။ ကျွန်တော်မြင်တာကတော့ စွန့်ပစ်ခံရသူတွေရဲ့ကိစ္စတွေမှာ တစ်ခါတလေ သားသမီးတွေကြောင့်ဖြစ်တာတွေ ရှိသလို တစ်ခါတလေမှာ မိဘတွေကြောင့် ဖြစ်တာလို့တွေ့ရတယ်။ ဒါက ကျွန်တော့် အမြင်ပါ။ သားသမီးတွေကြောင့်ဆိုတာက မိဘတွေအသက်ကြီးလာတော့ မသန်စွမ်းတာတို့တော့ ရှိတယ်။ သားသမီးတွေက မကျွေးနိုင် မမွေးနိုင်တော့လို့ စွန့်ပစ်တာတွေ ရှိတယ်။ တချို့က လူကြီးဘက်က အားနည်းတဲ့အပိုင်းတွေ တွေ့ရတယ်။ သူတို့ကိုယ်တိုင်ကိုက တချို့ဆို အရက်သေစာသောက်စားပြီးတော့ လူကြီးဆန်ဆန် မနေတာတွေ၊ တချို့ကတော့ အိမ်မှာ မနေချင်လို့ လျှောက်သွားနေတာတွေလည်း ရှိနိုင်တယ်။ ဆိုလိုတာက အားနည်းချက် ကိုယ်စီရှိကြတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် စွန့်ပစ်တယ်ဆိုတဲ့ ကိစ္စကတော့ ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ သားသမီးတွေရှိနေတယ်။ ဆွေမျိုးအသိုင်းအဝိုင်းလည်း ရှိနေတယ်ဆိုရင် သက်ကြီးရွယ်အိုတွေ လမ်းပေါ်မရောက်သင့်ပါဘူး။ ဒါက ကျွန်တော့်ရဲ့အမြင်ပါ” လို့ သုံးသပ်ပြောကြားပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးအရ ဖြစ်စေ၊  အသက်မွေးဝမ်းကျောင်းအရဖြစ်စေ၊ စားဝတ်နေရေးအရဖြစ်စေ တော်တော်လေးကို ကျပ်တည်းလာတဲ့ အခြေအနေတွေရှိတယ်။ ဒါကတော့ ဝန်ခံရမှာပဲ။ တချို့ကျွန်တော်တို့မမြင်နိုင်တဲ့ နောက်ကွယ်က လူမှုဘဝတွေ၊ မိသားစုအရေးတွေ စသည်ဖြင့် အခက်အခဲတွေကလည်း ရှိနေတယ်။ အဲဒီအခက်အခဲကို တစ်နည်းတစ်ဖုံနဲ့ဖြေရှင်းကြတယ်လို့ ယူဆပါတယ်။ ဆိုလိုတာက မကျွေးနိုင်၊ မမွေးနိုင်တော့လို့အလွယ်ဆုံး စွန့်ပစ်လိုက်ရတဲ့ နည်းလမ်းကို အသုံးပြုလိုက်ရတယ်လို့ ယူဆရပါတယ်။ စားဝတ်နေရေး ကျပ်တည်းလာမှုကို ဖြေရှင်းရာမှာ ရက်စက်တာတွေပါလာတဲ့ သဘောမျိုးပါ။ အခုခေတ်ကာလမှာက အသက်ကြီးမှ စွန့်ပစ်ကြတာ မဟုတ်ဘူး။ တချို့လည်း ကလေးတွေကို စွန့်ပစ်တာ၊ ရောင်းစားတာ၊ မွေးနိုင်မယ့်သူတွေကို ပေးလိုက်တာမျိုးတွေလည်း တွေ့ရတယ်။ ဒါက ကလေးမွေးပြီးတဲ့အဆင့်။ တချို့ဆိုရင်လည်း မမွေးခင်ကတည်းက ဒီကလေး မွေးလာရင် စွန့်ပစ်မယ်ဆိုတဲ့ ကိစ္စမျိုးတွေလည်း ရှိနေတယ်။ ဒါကြောင့့် မွေးကင်းစကလေးတွေ စွန့်ပစ်မှုတွေလည်း တွေ့လာရတယ်။ ဒီဖြစ်စဉ်တွေက ဘာသာရေးအရ ယုံကြည်မှု၊ ခံယူချက်လျော့ကျလာမှု အကျိုးဆက်ကြောင့် ဖြစ်နိုင်သလို၊ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အလွယ်ဖြေရှင်းလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ ဒေါက်တာ အောင်နိုင်ဦးက ဆက်လက်ပြောကြားပါတယ်။    

စွန့်ပစ်ခံရသူတွေကရော သူတို့ရဲ့ခံစားချက်တွေကို ဘယ်လိုဖွင့်ဟလဲ

“စွန့်ပစ်ခံရသူတွေက သူတို့ရဲ့ခံစားချက်ကို တော်ရုံမပြောကြဘူး။ သူ့ကို သားသမီးအရင်းက လာရောက်စွန့်ပစ်တာကိုတောင် ပြောမထွက်ကြဘူး။ ချော့မော့မေးမြန်းတော့မှ သူတို့ရဲ့ အိမ်တွင်းရေးကို မျက်ရည်စက်လက်နဲ့ပြောပြကြတာကို တွေ့ရပါတယ်။ ထားဝယ်ကနေ မော်လမြိုင်မြို့မှာ လာရောက်စွန့်ပစ်ခံထားရတဲ့ အသက် ၉၀ ကျော် အဘွားအိုဆိုရင် သူ့ကိုသူ့သားသမီးတွေက ဘုရားဖူးသွားမယ်ဆိုပြီး ခေါ်လာတယ်။ ထားဝယ်ကနေ ပဲခူးဘူတာအထိ ရောက်သွားသေးတယ်။ နောက်မှ မော်လမြိုင်ကို ပြန်ရောက်လာပြီးတော့ အ.ထ.က (၁၀) ကျောင်းအနီးမှာ သူ့ကိုချခဲ့တယ်လို့ ပြောတယ်။ သူ့ကို သူ့သားသမီးတွေဆီ ပြန်ပို့ပေးမယ်လို့ပြောတိုင်းမှာ မျက်နှာမှာ စိုးရိမ်ကြောက်ရွံ့နေတဲ့ပုံ ပေါ်ပေါ်လာတယ်” ဟု ကိုဇင်မိုးက ပြောပါတယ်။

ဘိုဘိုဝင်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှ  ကိုဘိုဘိုဝင်းကလည်း “ကျွန်တော်တို့ အတွေ့အကြုံအရ ၂၀၁၆ ခုနှစ်တုန်းက စွန့်ပစ်ခံထားရတဲ့ အသက် ၁၀၂ နှစ်အရွယ် အဘွားအိုတစ်ယောက်ကို အကူအညီပေးတုန်းက အဲဒီအဘွားအိုပြောတာက သူ့ရဲ့ ဝေယျာဝစ္စတွေကို သားသမီးတွေက မလုပ်ပေးနိုင်တော့ဘူး။ နောက်တစ်ခုက သူ့အပေါ် ဂရုမစိုက်နိုင်ကြတဲ့ ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်မနေနိုင်တော့တဲ့ အခြေအနေဖြစ်လာတယ်။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ပါစေ။ စွန့်ပစ်ခံရတဲ့ အဘိုးအို၊ အဘွားအိုတွေက သူတို့ရဲ့သားသမီး လာရောက်စွန့်ပစ်ကြတယ်လို့ မပြောကြဘူး။ သူတို့ကိုယ်တိုင် အိမ်ကထွက်လာတဲ့ ပုံစံမျိုးပဲ ပြောကြတာများတယ်” လို့ ဆိုပါတယ်။

“တချို့စွန့်ပစ်ခံရတဲ့သူတွေကတော့ သူတို့ကိုယ်တိုင် စွန့်ပစ်ခံရတာပါလို့ပြောလာတာတွေ ရှိလာတယ်။ ဒါပေမဲ့ စွန့်ပစ်ခံရသူရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေကို ပြန်လိုက်တဲ့အခါမှာ စွန့်ပစ်ခံရတာမဟုတ်ပါဘူးဆိုပြီး ပြန်ပြောလာတာတွေရှိတယ်။ တချို့ကျတော့လည်း ကိုယ့်အပြောကြောင့် သူ့သားသမီးတွေ အရေးယူခံရတာတို့၊ အပြစ်ပေးခံရတာတို့ဖြစ်မှာ စိတ်ပူပြီးတော့ စွန့်ပစ်ခံရတာပါလို့ မပြောတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ သေချာတာကတော့ စွန့်ပစ်ခံရသူတွေမှာ ဝမ်းနည်းမှုအရိပ်အယောင်လောက်ပဲ တွေ့ရတယ်။ နောက် စိုးရိမ်သောကများနေတာတွေ တွေ့ရတယ်။ သူတို့ကို ကူညီစောင့်ရှောက်မှုတွေပေးလိုက်ရင် စိတ်ပြန်လည် လန်းဆန်းလာတာမျိုးတော့ တွေ့ရပါတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက ပြောကြားပါတယ်။

လတ်တလော မော်လမြိုင်မြို့နယ်အတွင်းမှာ သက်ကြီးရွယ်အို အဘိုးအဘွား အရွယ်တွေ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရမှုတွေ ခပ်စိပ်စိပ် တွေ့လာရတဲ့အတွက်ကို ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုရေးအသင်းအဖွဲ့တွေက သက်ကြီးရွယ်အိုတွေ စောင့်ရှောက်နိုင်ဖို့ ဂေဟာလေးတစ်ခုဖွင့်နိုင်ရေး အိပ်မက်မက်နေကြပါတယ်။

“ဒီလိုစွန့်ပစ်ခံနေကြရတဲ့ အဘိုးအဘွားတွေအတွက်ကို ဘိုးဘွားရိပ်သာလိုတော့ မဟုတ်ဘူး။ ခိုကိုးရာမဲ့ အစွန့်ပစ်ခံဘိုးဘွားတွေအတွက်၊ သားသမီးတွေ ကျောထောက်နောက်ခံမရှိတော့တဲ့ အဘိုးအို၊ အဘွားအိုတွေ၊ နောက်တစ်ခု သားသမီးတွေကိုယ်တိုင် စွန့်ပစ်လိုက်တဲ့ အဘိုးအဘွားတွေ၊ နောက်ရောဂါဖြစ်ပွားနေလို့၊ ကိုယ်အင်္ဂါချို့ယွင်းနေလို့ စသည်ဖြင့် အဲဒီအဘိုးအဘွားတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ကျတော့ ကျွန်တော်တို့မော်လမြိုင်မှာ အဘိုးအဘွားတွေအတွက် ဂေဟာတစ်ခုမဖြစ်မနေလိုအပ်နေပြီး အဲဒါလေးဖြစ်လာမယ်ဆိုရင် စွန့်ပစ်ခံ အဘိုး၊ အဘွားတွေ လမ်းဘေးမှာ သေဆုံးကြရမယ့်အစား နောက်ဆုံးအချိန်အထိ ကောင်းကောင်းမွန်မွန်လေး နေထိုင်သွားလို့ရမယ့် နေရာလေးတစ်ခုတော့ လိုအပ်နေပြီလို့ အကြံပြုချင်ပါတယ်” လို့ ကိုဘိုဘိုဝင်းက ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ အသက်အရွယ်ကြီးရင့်တဲ့ ခိုကိုးရာမဲ့အစွန့်ပစ်ခံ အဘိုးအဘွားတွေအတွက် စောင့်ရှောက်ရေး ဂေဟာတစ်ခု ဖွင့်လှစ်နိုင်ဖို့ကြိုးစားနေကြပါတယ်” လို့ မော်လမြိုင် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက ဆိုပါတယ်။

“အခုတလော သက်ကြီးရွယ်အိုတွေ စွန့်ပစ်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ ယာယီစောင့်ရှောက်နိုင်မယ့်  ဂေဟာမျိုးမရှိတော့ အခက်တွေ့နေတာတွေ ရှိပါတယ်။ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက စွန့်ပစ်ခံ အဘိုးအဘွား တွေကိုတွေ့ရင် ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ခေါ်ဆောင်လာပေးတယ်။ လိုအပ်ရင် လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ ဘိုးဘွားရိပ်သာလိုနေရာမျိုးတွေမှာ ပို့ပေးတယ်။ ဒါကတော့ အဆင်ပြေတယ်။ တချို့ကျတော့လည်း သားသမီးတွေက ရည်ရွယ်ချက်ရှိရှှိ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ အိမ်ကထွက်သွားတဲ့သူတွေဆိုရင်  သားသမီးတွေဆီ ပြန်လည်အပ်နှံပေးတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့ပြဿနာတွေမှာ သားသမီးတွေကိုလည်း မတွေ့ဘူး။ နောက်ပြီးတော့ လူမှုဝန်ထမ်းဦးစီးဌာနကနေ သူတို့ရဲ့ဘိုးဘွားရိပ်သာတွေမှာ အဆောက်အအုံနဲ့၊ သတ်မှတ်ထားတဲ့လူဦးရေ ဘယ်လိုမှ နေရာမပေးနိုင်တော့တာတွေလည်း ရှိတတ်တယ်။ ဘိုးဘွားရိပ်သာတွေမှာက အနာရောဂါကင်းစင်တဲ့လူ၊ ကူးစက်ရောဂါမရှိတဲ့လူမှ လက်ခံတယ်။ အဲဒီအခါမျိုးမှာ စွန့်ပစ်ခံရတဲ့ သက်ကြီးရွယ်အိုတွေက ရောဂါတစ်ခုခု ရှိနေမယ်ဆိုရင် အဲဒီမှာ သွားအပ်လို့ မရတော့ဘူး။ အဲဒီအခြေအနေမှာ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေအနေနဲ့ကလည်း ဘယ်ကိုပို့ပေးရမှန်းမသိ ဖြစ်ရတယ်။ သူတို့ရဲ့ ရုံးတွေ၊ စခန်းတွေမှာ အကူအညီ ပေးဖို့ကလည်း သူတို့မှာ အဲဒီလောက်အထိ နေရာထိုင်ခင်းပဲဖြစ်ဖြစ်၊ ငွေကြေးအင်အားပဲဖြစ်ဖြစ် မပြည့်စုံကြဘူး” လို့ ဒေါက်တာ အောင်နိုင်ဦးက သုံးသပ်ပြောကြားပါတယ်။

“အခု ကျွန်တော်တို့ဆွေးနွေးနေတာရှိပါတယ်။ အစွန့်ပစ်ခံ အဘိုးအဘွားတွေ၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာရှိတဲ့ ဘိုးဘွားရိပ်သာတွေမှာ သူတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဘယ်လိုမှ လက်ခံမရနိုင်တော့တဲ့လူတွေကို နေရာတစ်ခု၊ အမိုးအကာတစ်ခု၊ အဆောက်အအုံတစ်ခုတော့ ရှိဖို့အတွက် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလာတယ်။ အဲဒီမှာ ကောင်းခြင်း၊ ဆိုးခြင်းက ဘာလဲဆိုတော့ ကောင်းခြင်းက အစွန့်ပစ်ခံလိုက်ရတဲ့ ဘိုးဘွားတွေအတွက် နေရာပေးနိုင်မယ်။ လိုအပ်ရင် ဆေးဝါးကုသမှုတွေလည်း ပေးနိုင်မယ်။ သူတို့ရဲ့ နောက်ဆုံးအချိန်အထိကို သက်ကြီးရွယ်အိုရဲ့ အခွင့်အရေးအရ အကာအကွယ်တစ်ခုကို ပေးနိုင်မှာပါ။ နောက်တစ်ခုက အစိုးရကနေ လက်လှမ်းမမီတဲ့ အခုလို ကိစ္စမျိုးတွေကို လူမှုကူညီရေးအဖွဲ့အစည်းတွေက ကူညီပေးနိုင်တဲ့ သဘောရှိတဲ့အတွက် ကောင်းတဲ့အကျိုးကျေးဇူးတွေ ရှိလာနိုင်ပါတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက ဆိုပါတယ်။

“မကောင်းတဲ့ဘက်က ဘာဖြစ်လာနိုင်မလဲဆိုတော့ အဲဒီလို စွန့်ပစ်ခံ ဘိုးဘွားတွေကို လိုက်ကောက်ပြီးတော့ ကူညီပေးနေတဲ့ ဂေဟာရှိတယ်။ အဖွဲ့အစည်းရှိတယ်ဆိုရင် အခန့်မသင့်ရင် သက်ကြီးရွယ်အိုတွေကို မော်လမြိုင်မှာပဲ လာပစ်ကြတော့မလား။ ဒါလည်း စဉ်းစားစရာရှိပါတယ်။ ကျွန်တော်တို့ သိရသလောက် ရန်ကုန်၊ သန်လျင်ဘက်က စွန့်ပစ်ခံတွေ ကူညီစောင့်ရှောက်ပေးတဲ့နေရာမှာဆိုရင် ထားစရာနေရာမရှိလောက်အောင်ကို ဖြစ်နေတယ်။ စောင့်ရှောက်မယ့် နေရာရှိလေ၊ တစ်ဖက်ကလည်း လာရောက်စွန့်ပစ်လေဆိုတာမျိုး ဖြစ်နေမလား။ ဒါက စိတ်ပူစရာပါ” လို ့ ဒေါက်တာအောင်နိုင်ဦးက ဆိုပါတယ်။

အဲဒီအပြင်ကို ဒေါက်တာအောင်နိုင်ဦးက “ဂေဟာတည်ဆောက်နိုင်ဖို့ နေရာ၊ အဆောက်အအုံ ရေမီးစသည်ဖြင့် လိုအပ်တာတွေရလာပြီးဆိုရင်လည်း စည်းကမ်းတကျ နေထိုင်နိုင်ဖို့အတွက် အစီအမံတွေ ချမှတ်ပေးရတော့မယ်။ အဲဒီအတွက်ကို ကုန်ကျစရိတ်တွေ လိုက်လာနိုင်တယ်။ အဲဒီအတွက် ငွေကြေးကို ဘယ်လိုစုဆောင်းမလဲ။ လတ်တလော လိုအပ်ချက်အရဆိုပေမဲ့ ရေရှည်မှာ အကူအညီတွေ မပေးနိုင်ဘူးဆိုရင် ပြန်ပျက်သွားနိုင်တယ်။ အဲဒါကိုလည်း တွေးပူရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စအတွက်ကို အစိုးရအဖွဲ့အနေနဲ့ နည်းနည်းတော့ ပါဝင်အားဖြည့်ကူညီဆောင်ရွက်ပေးဖို့ သင့်တယ်လို့ ယူဆပါတယ်” လို့ ဆိုပါတယ်။

မိဘအရင်းကို စွန့်ပစ်တာ၊ နောက်ဆုံးသတ်ဖြတ်တာတွေက ဟိုအရင့်အရင်ကတည်းက ရှိခဲ့ကြတယ်ဆိုပေမဲ့ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းမှာ ဒါမျိုးကတော့ လက်ခံနိုင်စရာမရှိပါဘူး။ ဗုဒ္ဓဘာသာအနေနဲ့ပဲ ကြည့်ကြည့်၊ တခြားသော ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာတွေအရပဲကြည့်ကြည့် မိဘဆိုတာ ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့ ကျေးဇူးရှင်တွေပါ။ သူတို့ဟာ ဘယ်လိုပဲဖြစ်နေပါစေ၊ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ မိဘဟာ မိဘပါပဲ။

ဒါပေမဲ့လည်း ခေတ်၊ စနစ်၊ နိုင်ငံရေး၊ စီးပွားရေး စသည်ဖြင့် အကြောင်းအရာ မြောက်မြားစွာထဲမှာ လူတစ်ဦးချင်းစီရဲ့ ဖြစ်တည်ခွင့်၊ ရပ်တည်ခွင့်တွေမှာ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ဖြစ်လာမယ်ဆိုရင် အခုလို အစွန့်ပစ်ခံ သက်ကြီးရွယ်အို၊ အဘိုး အဘွားတွေလည်း ရှိနေကြဦးမှာပါ။ ဒါတွေကို လျော့နည်းအောင်၊ ဖြစ်နိုင်ရင်ပပျောက်သွားအောင် ဘယ်လိုစီမံကြမလဲ။

“သက်ကြီးဘိုးဘွားတွေနဲ့ပတ်သက်တဲ့ အရေးယူလို့ရတဲ့ ဥပဒေပုဒ်မ - ၅၈ ရှိတယ်ဆိုတာ သိရတယ်။ ကျွန်တော့်အမြင်ကတော့ နောက်ဆုံးဘယ်လိုမှမဖြစ်နိုင်တော့တဲ့အဆုံး ကူညီစောင့်ရှောက်ပေးလိုက်တာက တစ်မျိုးပေါ့။ သားသမီးတွေကိုယ်တိုင် မိဘတွေကို စွန့်ပစ်နေကြတာကို ဥပဒေပြဋ္ဌာန်းပြီးတော့ တားမြစ်သင့်တယ်လို့ မြင်ပါတယ်” လို့ မော်လမြိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းက ကိုဇင်မိုးက သူ့အမြင်ကို ပြောကြားပါတယ်။

ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအသင်းက ကိုဘိုဘိုဝင်းက “အဘိုးအဘွားတွေကို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေတွေ ရှိပါတယ်။ ကျောထောက်နောက်ခံ မရှိတဲ့၊ ခိုကိုးရာမဲ့နေတဲ့ အဘိုးအဘွားတွေကတော့ ပြဿနာမရှိဘူး။ စွန့်ပစ်ခံတွေကျတော့ သူတို့သားသမီးတွေက ဘာ့ကြောင့်စွန့်ပစ်တာလဲဆိုတာကိုတော့ စုံစမ်းရမှာပေါ့။ ကျွေးနိုင်မွေးနိုင်ပါလျက်နဲ့ စွန့်ပစ်တယ်ဆိုရင်တော့ ဒါကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဂေဟာတွေရှိလို့ အဘိုးအို၊ အဘွားအိုတွေကို စွန့်ပစ်ချင်တိုင်း စွန့်ပစ်လို့တော့ မရဘူးလေ။ အဲဒါကို ဥပဒေနဲ့ပြန်ပြီး ထိန်းချုပ်ပေးနိုင်ရပါမယ်။ လက်ရှိ သက်ကြီးရွယ်အိုတွေနဲ့ပတ်သက်ပြီး ရှိနေတဲ့ ဥပဒေတွေကိုလည်း အသက်ဝင်အောင် လုပ်ရပါမယ်” လို့ ပြောကြားပါတယ်။

“လူမှုအသိုင်းအဝိုင်းမှာ ပိုကောင်းလာအောင် ဆောင်ရွက်ကြမလဲဆိုတော့ အသိပညာပေးလုပ်ငန်းတွေ များများလုပ်ဆောင်ဖို့သင့်တယ်လို့ ယူဆပါတယ်။ အသိပညာပေး လုပ်ငန်းဆိုတာက သက်ကြီးရွယ်အိုတွေကို စွန့်ပစ်ရင် ဘယ်လိုပြစ်မှု၊ ပြစ်ဒဏ်တွေ ရှိလဲဆိုတာကို ဥပဒေလမ်းကြောင်းအရ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖို့လိုအပ်မယ်။ နောက်တစ်ခုက အရေးယူတဲ့အပိုင်းပါ။ စွန့်ပစ်ခဲ့တဲ့သူတွေကို ဖမ်းမိရင်ဘာလုပ်မလဲ။ ထိရောက်စွာ အရေးယူပြနိုင်ဖို့ လိုအပ်ပါမယ်။ ဒါမှလည်း ဒါမျိုးလုပ်ရင် အရေးယူခံရမယ်ဆိုတဲ့ အသိဝင်နေအောင် လုပ်ဆောင်ပေးဖို့လိုအပ်မယ်လို့ ယူဆတယ်။ နောက်တစ်ချက်က ကုစားတဲ့အပိုင်းပါ။ ဒီအပိုင်းမှာ စွန့်ပစ်ခံရတဲ့သူကိုတွေ့ပြီ။ သူ့ကို နောက်ဆုံး အချိန်အထိကို ဘဝကိုဖြတ်သန်းနိုင်ဖို့ ကုစားပေးနိုင်ရပါမယ်။ ဒီ သုံးချက်ကို လုပ်ဆောင်သင့်တယ်လို့ယူဆပါတယ်။ အဲဒီသုံးချက်ကို ဘယ်သူက လုပ်ဆောင်ရမလဲဆိုရင် အခုရှိနေတဲ့ သက်ကြီးရွယ်အိုများဥပဒေ (၂၀၁၆) က ပြဋ္ဌာန်းထားပြီးသားပါ။ အဲဒီ ဥပဒေကို အသက်ဝင်နိုင်ဖို့အတွက်ကို များများလုပ်စေချင်ပါတယ်။ ဒီဥပဒေကို အကောင်အထည် ဖော်တဲ့နေရာမှာ လူမှုအဖွဲ့အစည်းတွေလည်း ပါမယ်။ အစိုးရအဖွဲ့လည်းပါရမယ်။ လူမှုဝန်ထမ်းဦးစီးဌာနကတော့ အဓိကပေါ့။ ဥပဒေမှာပါတဲ့အတိုင်းဆိုရင် ဒေသဆိုင်ရာ သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေး အဖွဲ့တွေ ဖွဲ့စည်းရမယ်။ အဲဒါက အဓိကကျဆုံးပဲ။ လိုအပ်ရင် ကျန်းမာရေးဌာနတို့၊ ပညာရေးဌာနတို့စသည်ဖြင့် ပူးစပ်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုရင် တဖြည်းဖြည်းခြင်း ထိန်းချုပ်လာနိုင်မယ်လို့ ယူဆပါတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြောကြားပါတယ်။

အကြောင်းတရား မြောက်မြားစွာကြောင့် မွေးကင်းစကလေးငယ်လေးတွေ၊ အရွယ်ရောက်ခါစ ကလေးတွေ၊ နောက်ဆုံး သက်ကြီးရွယ်အို အဘိုးအဘွားတွေအထိ စွန့်ပစ်ခံနေကြရတာရဲ့ အကျိုးတရားကို လျှော့ချပစ်နိုင်ဖို့၊ ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့တွေနဲ့ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ ဒီလိုဖြစ်စဉ်တွေ မရှိစေဖို့ဘာတွေ လုပ်ဆောင်သင့်သလဲ။ သေချာတာကတော့ လူတိုင်းရဲ့ စားဝတ်နေရေး အဆင်ပြေချောမွေ့နေမယ်။ လူမှုဖူလုံရေး စနစ်တကျရှိတယ် ဆိုရင်ဖြင့် ဒီလိုပြဿနာတွေ ဖြစ်လာနိုင်စရာ မရှိပါဘူး။ လူတိုင်းရဲ့စားဝတ်နေရေး အဆင်ပြေချောမွေ့အောင် စိတ်စေတနာကောင်းကောင်းနဲ့ အစီအမံတွေချမှတ်ပြီး အကောင်အထည်ဖော်ပေးရမယ့်သူကတော့။

 

Most Read

Most Recent