နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု တိုးချဲ့ခွင့်ပြုမှုနှင့် အနာဂတ်အတွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရတော့မည့် ပြည်တွင်းဘဏ်များ၏ရှေ့ခရီး

နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု တိုးချဲ့ခွင့်ပြုမှုနှင့် အနာဂတ်အတွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရတော့မည့် ပြည်တွင်းဘဏ်များ၏ရှေ့ခရီး
ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုတွင် ဘဏ်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရစဉ်
ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုတွင် ဘဏ်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရစဉ်
Published 11 November 2018
စည်သူအောင်

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ နှစ်ကာလအတန်ကြာရှိပြီ ဖြစ်သော မျှော်လင့်ချက်ကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၈ ရက်တွင် ဖြည့်ဆည်းပေးခဲ့သည်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ အရင်းအနှီးလိုအပ်ချက်အတွက် အတိုးနှုန်းနည်းနည်း၊ ပမာဏများများ၊ နှစ်ကာလရှည် ချေးငွေရရှိရေးအ တွက် လုပ်ငန်းရှင်များက နိုင်ငံခြားဘဏ်များထံမှ ချေးငွေလိုချင်ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ စတင်ဖွင့်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း လေးနှစ်အကြာတွင် လုပ်ငန်းရှင်များ တောင်းဆိုနေသည့် အဆိုပါ လိုလားချက်ကို ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့သည်။ ဗဟိုဘဏ်၏ညွှန်ကြားချက်သည် အသေးစိတ် အချက်အလက်များ မပြည့်စုံသေးသော်လည်း စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက အတိုးနှုန်း သက်သက်သာသာဖြင့် ချေးငွေရမည့်အရေး မျှော်တွေးကာ ကောင်းမွန်သော မူဝါဒတစ်ရပ်အဖြစ် လက်ကမ်းကြိုကြသည်။

“ထပ်ပြီး အသေးစိတ်ထုတ်ပြန် ပေးဦးမယ်လို့ ထင်ပါတယ်။ လက်ရှိ ထုတ်ထားတဲ့အထဲမှာ အဓိက,ကတော့ ပြည်တွင်းလုပ်ငန်းတွေက လိုအပ်တဲ့ချေးငွေကို နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေဆီက ချေးလို့ရပါပြီ။ ကော်ပိုရိတ်တွေရော၊ လုပ်ငန်းအ သေး၊ အလတ်၊ အကြီးတွေရောပေါ့။ စည်းမျဉ်းကတော့ ပြည်တွင်းဘဏ် များနည်းတူလို့ပါတယ်။ လိုက်နာရမယ့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း အားလုံးပါတာပေါ့၊ အဲဒီအတိုင်း လိုက်နာရပါမယ်။ ဗဟိုဘဏ်ဥပဒေနဲ့အညီ သူတို့ကို ခွင့်ပြုပေးထားတယ်။ နောက် ငွေရေးကြေးရေး အ ဖွဲ့အစည်းများဥပဒေ ၂၀၁၆ ရှိတယ်။ အဲဒါကို ပြည်တွင်းဘဏ်တွေက လိုက်နာရတယ်ဆိုတော့ သူတို့လည်း လိုက်နာရမယ်။ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေနည်းတူ လုပ်ကိုင်ခွင့်ရသွားတာရှိမယ်။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း တူတူပဲဖြစ်ပါတယ်။ ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းများသို့ မည်သည့်ချေးငွေဖြည့်ဆည်းမှုကိုမဆို ဆောင်ရွက်ခြင်းဆိုတာ ညွှန်ကြားချက်မှာပါတယ်။  အဲဒီအတွက် ကြောင့်မို့လို့ ပြည်တွင်းကုမ္ပဏီတွေက နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကနေ  ချေးငွေကို သတ်မှတ်ထားတဲ့စည်း မျဉ်းစည်းကမ်းနဲ့အညီ၊ ဒါကတော့ သက်ဆိုင်ရာဘဏ်ရဲ့ Criteria ဆုံးဖြတ်မှုဆိုင်ရာ မူဝါဒဖြစ်သွားပြီပေါ့” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဦးသန်းလွင် (ဒု- ဥက္ကဋ္ဌ၊ ဗဟိုဘဏ်-ငြိမ်း) ကလည်း “အခုလို နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကို လုပ်ကိုင်ခွင့်မြှင့်ပေးလိုက်တာကို လုပ်ငန်းရှင်အသိုင်းအဝိုင်းက ကြိုဆိုပါတယ်။ ဘာလို့ဆို သူတို့စိတ်ထဲထင်တာက ချေးငွေစျေး သက် သက်သာသာနဲ့ရမယ်၊ အတိုးနှုန်း သက်သက်သာသာရမယ်လို့ မျှော်လင့်ပုံရတယ်။ သူတို့ထင်တာလည်း မမှားဘူးပေါ့လေ။ နိုင်ငံခြားမှာက အတိုးနှုန်းနည်းတာကိုး။ တချို့နိုင်ငံတွေမှာ အပ်ငွေအပေါ်မှာ တစ်ရာခိုင်နှုန်းကျော်ကျော်၊ ချေးငွေအပေါ် မှာလည်း နှစ်ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိတာလေ။ အမေရိကန်မှာဆို အတိုးနှုန်းတက်တယ်ဆိုတာလည်း ဘာမှ မဖြစ်စလောက်တက်တာလေ။ အဲဒီမှာတော့ အတိုးနှုန်းက အနိမ့်ပိုင်းမှာပဲ ရှိနေတာ ဖြစ်ပါတယ်။ မြန် မာကတော့ အပ်ငွေမှာရော၊ ချေးငွေမှာရော များနေတာပေါ့။ အစဉ်အလာအရ ကျွန်တော်တို့က အတိုး နှုန်းလျှော့ပါ၊ လျှော့ပါလို့ ပြောနေတာပဲ၊ ဗဟိုဘဏ်တို့၊ အစိုးရတို့က မလျှော့ချင်ဘူးလေ။ ဒါပေမဲ့ အခု သူက နိုင်ငံခြားဘဏ်တွေကို လာခွင့်ပေးလိုက်တယ်၊ ချေးငွေကိစ္စကို လွှတ်ပေးလိုက်တယ်ပေါ့” ဟု ဆိုသည်။

နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများ (Local Corporate) အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြုခြင်းကို ဗဟိုဘဏ်က ဒုတိယဥက္ကဋ္ဌ ဦစိုးသိန်းလက်မှတ်နှင့် ညွှန်ကြားချက်အမှတ် (၆/၂၀၁၈) ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုစီးပွားရေးကော်မတီဝင် စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက “လုပ်သင့်လုပ် ထိုက်တာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုပ်လိုက်တာပါ။ ကျွန်တော်တို့နိုင်ငံအတွက် တကယ်လုပ်သင့် လုပ်ထိုက်တာလုပ်ဖို့ ပြည်သူ့မျက်နှာကိုပဲကြည့်ပြီး ရဲရဲရင့်ရင့်လုပ် ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံက အသိပညာ နိမ့်ကျတဲ့နိုင်ငံဖြစ်ခဲ့တဲ့ အခါကျတော့ တိုင်းပြည်က နိမ့်ကျခဲ့ပါတယ်။ တစ်ကမ္ဘာလုံး ရင်ပေါင် တန်းတဲ့အခါမှာ ပြုပြင်ပြောင်းလဲမှု လုပ်ရင် တချို့က ကိုယ့်အတွက်ပဲကိုယ် ကြည့်ကြတယ်။ တကယ်တိုင်းပြည်ရဲ့ ရှေ့ရေး၊ နောင်ရေး ရေရှည်ကို မကြည့်ကြဘူး။ ရေ ရှည်နောင်ရေးကို ကြည့်ပြီး ပြုပြင်ပြောင်းလဲမှုကို ရဲရဲ ရင့်ရင့်ပြတ်ပြတ်သားသား လုပ်ဖို့လို ပါတယ်။ ဒါဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားပါ။ အခုမြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် လုပ်တဲ့အခါမှာ အခုဘဏ်လုပ်ငန်း၊ ငွေရေးကြေးရေးလုပ်ငန်း ပြုပြင် ပြောင်းလဲသလို တခြားအရေးပါတဲ့ ကဏ္ဍတွေ ဥပမာ ပညာရေး၊ ကျန်း မာရေးကဏ္ဍတွေကိုလည်း ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ပြုလုပ် ပြောင်းလဲသွားရမှာပါ။ နိုင်ငံတကာ အဆင့်မီလုပ်ငန်းတွေကို ဒီမှာထိုးဖောက်ခွင့်ပေးဖို့ လိုလာပါပြီ။ နိုင်ငံခြားလုပ်ငန်းတွေ ဒီမှာလာလုပ်ရင် ပြည်တွင်းလုပ်ငန်းတူတွေ နစ်နာတယ်၊ ပြည်သူတွေ စိတ်ဝမ်းကွဲမယ်ဆိုတာ အလကားပါပဲ။ ပြည်သူအ များစုအတွက် ကောင်းကျိုးဖြစ်မယ်ဆို ခွင့်ပြုဖို့သင့်ပါတယ်။ အရာတိုင်း က ယှဉ်ပြိုင်မှုရှိမှ တိုးတက်တာဖြစ် ပါတယ်။ ယှဉ်ပြိုင်မှုမရှိရင် တိုးတက် မှုမရှိပါဘူး။ လုပ်ငန်းတွေယှဉ်ပြိုင်မှုရှိအောင် နိုင်ငံ့စီးပွားရေးတံခါးကို ဖွင့်သင့်ဖွင့်ထိုက်တဲ့အချိန်မှာ ဖွင့်ကို ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံက ကာလကြာရှည် တံခါး ပိတ်ခဲ့တဲ့အတွက် အစစအရာရာနိမ့်ကျခဲ့တယ်။ စံချိန်မီတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်းကြီးတွေ၊ ကျန်းမာရေး ဆေးရုံတွေ၊ ပညာရေးတက္ကသိုလ် တွေ ဖွင့်ဖို့လိုလာပါပြီ” ဟု ထင်မြင်ချက်ပေးသည်။

ဗဟိုဘဏ်၏ နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်များတိုးချဲ့ခွင့်ပြုခြင်းကို လက်ရှိအစိုးရလက်ထက်တွင် ထင်ရှားသော ကောင်းမွန်သည့်မူဝါဒ တစ်ရပ်အဖြစ် ညွှန်းဆိုရမည်ဖြစ်သော်လည်း  အသေးစိတ်အချက်အလက်များ ပါဝင်ခြင်းမရှိသဖြင့် ပြည် တွင်းဘဏ်များနှင့် လုပ်ငန်းစတင်ရမည့် နိုင်ငံခြားဘဏ်များအကြား အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

“ကုမ္ပဏီဥပဒေသစ်အရ ပြည်တွင်းဘဏ်တွေဘက်က ဗဟိုဘဏ် ခွင့်ပြုချက်ယူပြီး နိုင်ငံခြားဘဏ်တွေ နဲ့ ပူးပေါင်းဆောင်ရွက်ချင်ကြတယ်။ နိုင်ငံခြားဘဏ်ခွဲအနေနဲ့လည်း ပြည်တွင်းဘဏ်တွေနဲ့ ညှိနှိုင်းဆွေးနွေး နေတာရှိတယ်။ အခု ဒီခွင့်ပြုချက် ထွက်လာတော့ အဲဒီလို ပူးပေါင်း ဆောင်ရွက်မလား၊ နိုင်ငံခြားဘဏ်ခွဲ အနေနဲ့ပဲ ဆက်ရင်းနှီးမြှုပ်နှံမလား စဉ်းစားသုံးသပ်ရမှာ ဖြစ်ပါတယ်” ဟု ဘဏ်ခွဲ ဖွင့်လှစ်ခွင့်ရရှိထားသော နိုင်ငံခြားဘဏ်တစ်ခုမှ တာဝန်ရှိသူ က ဆိုသည်။

ဦးသန်းလွင်ကလည်း “ဗဟိုဘဏ်ကလည်း လောလောဆယ် ခွင့်ပြုလိုက်တယ်သာ ပြောတယ်၊ ဘာမှသေချာချပြတာမရှိသေးဘူး။ နောက်ပိုင်း ပြောတာဆိုတာ၊ မေးတာမြန်းတာရှိလာမှ ထပ်ထုတ်ပြန် မယ့်သဘောရှိတယ်။ တကယ်ဆို သတင်းစာရှင်းလင်းပွဲတွေ ဘာတွေ လုပ်ဖို့ကောင်းတယ်။  အခုဒီအတိုင်း ထုတ်လိုက်တော့ ဘယ်သူမှလည်း မေးလို့မရ၊ မေးရင်လည်းမဖြေဖြစ်နေတယ်။ ပုဂ္ဂလိကဘဏ်တွေကလည်း သိချင်တာပေါ့ဗျာ၊ သူတို့ဘာတွေ လုပ်လဲဆိုတာ။  နိုင်ငံခြားဘဏ်တွေလည်း သို့လော၊ သို့လောပဲ၊ သူ တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမယ် မသိသေးဘူး။ သေချာကွဲကွဲပြားပြား မသိသေးဘူး။  ဆိုတော့ ဒီအခြေအနေမျိုးမှာ တော်တော် ပြောရခက်သေးတယ်။ မြန်မာပြည်ရဲ့စီးပွားရေး အခြေအနေက မကောင်းဘူးလေ၊ ဗဟိုဘဏ်ရဲ့ မျှော်လင့်ချက်ကတော့၊ အစိုးရရဲ့ မျှော်လင့်ချက်မှာ ဘာရှိပုံရလဲဆိုတော့ ဒီတိုင်း လုပ်လိုက်ရင် နိုင်ငံခြားငွေဝင်လာမယ်၊ နိုင်ငံခြားငွေဝင်လာရင် သူက ကျပ်နဲ့ ပြန်လဲမှာကိုး။ ဒေါ်လာဝယ်လိုအား ထက်ရောင်းလိုအားများရင် ဒေါ် လာစျေးကျမယ်ဆိုတာမျိုး။ သမားရိုးကျ အတွေးအခေါ်ပေါ့၊ အဲဒီလိုရှိပုံရတယ်။ ဟုတ်မဟုတ် မသိဘူးပေါ့နော်။ အခုလို ဖွင့်ပေးတဲ့အတွက် နိုင်ငံခြားဘဏ်တွေကရော ဝမ်းသာအားရ ငွေစွတ်ချေးမလား၊ ဒါမှမဟုတ် စောင့်ကြည့်အနေအထား ဘယ်လောက်လုပ်မလဲဆိုတာ ပြောလို့မရသေးဘူး။ အခုလို စီးပွားရေးကျတဲ့အချိန် အလုံးအရင်းဝင်လာမလား၊ နောက်တစ်ခုက ရခိုင်အရေးအခင်းလည်း ရှိနေတယ်။ EU ကလည်း ကုန်သွယ်မှုအထူးအခွင့်အရေးအတွက် ပြန်သုံးသပ်နေတာရှိတယ်။ စီးပွားရေး၊ နိုင်ငံရေး မတင် မကျဖြစ်နေတဲ့အချိန်၊ မရေမရာမှုတွေ များနေတဲ့အချိန်မှာ နိုင်ငံခြား ဘဏ်တွေက ငွေတွေ စွတ်ချေးပါ့ မလား။ သာမန်ကြည့်ရင်တော့ ဒီ ခွင့်ပြုချက် ကြိုဆိုရမယ့်ကိစ္စပါ။ နိုင်ငံခြားငွေတွေ၊ နည်းပညာတွေ၊ စီမံခန့်ခွဲမှု စနစ်တွေဝင်လာတာ ကောင်း တဲ့အချက်ပါ။ နိုင်ငံခြားဘဏ်တွေရဲ့ စဉ်းစားတွက်ချက်မှုကိုတော့ စောင့် ကြည့်ရမှာပေါ့” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ၂၀၁၄ ခုနှစ် အောက်တိုဘာလ မှစတင်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားဘဏ် ဘဏ်ခွဲလိုင်စင် ထုတ်ပေးရာတွင် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းများ၊ ပြည်တွင်း/နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်တွင်းငွေရေးကြေးရေးအ ဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြည်တွင်းကုမ္ပဏီ/လုပ်ငန်းများအတွက် လက်ကားဘဏ်လုပ်ငန်း ဆောင် ရွက်ခွင့်ပြုခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ညွှန်ကြားချက်အမှတ် ၉/၂၀၁၇ ဖြင့် ပို့ကုန်ချေးငွေဖြည့် ဆည်းမှု (Export Financing) နှင့် ပို့ကုန်လုပ်ငန်းနှင့်ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ (Related Banking Services for Export Financing) ဆောင်ရွက်ခွင့်ပြုခဲ့သည်။

ယခုအခါ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်သည့် အခွင့်အရေး (Access to Finance) ပိုမိုရရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်များ နည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ (Local Corporation) သို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု (Any Financing) ကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ (Other Banking Services) ဆောင်ရွက်ခြင်းကို ခွင့်ပြုကြောင်း ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအောင်ကိုကိုက “ကျွန်တော်တို့နိုင်ငံမှာ ဘဏ်တိုးနှုန်းက မြင့်တယ်၊ ချေးငွေရဖို့ လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးတယ်။ နိုင်ငံတကာ ဘဏ်တွေမှာလည်း သူတို့ စည်းမျဉ်းနဲ့ သူတို့ရှိနေမှာပါပဲ။ သူတို့ စိစစ်တိုင်းတာတဲ့ စံချိန်စံညွှန်းတွေရှိနေမှာပဲ။ ဒါပေမဲ့ အခုလိုလုပ်ကိုင်ခွင့်ရသွားတဲ့အတွက် ပိုကောင်းတဲ့အ ခြေအနေတစ်ခုဖြစ်လာမယ်လို့ ယူဆပါတယ်။ ဒါကောင်းမွန်တယ်၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် ဖြစ်တယ်။ တိုင်းပြည်စီးပွားရေးအတွက် ရဲဝံ့ပြတ်သားစွာ တံခါးဖွင့်ဖို့လိုပါပြီ။ မစို့မပို့လေးဖွင့်လိုက်၊ ပြန်ပိတ်လိုက်လုပ်ဖို့ မသင့်တော့ပါဘူး။ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါ ရဲဝံ့ ဖို့လိုပါတယ်။ ကွန်မြူနစ်နိုင်ငံ တရုတ်တောင် ရဲရဲဝံ့ဝံ့တံခါးဖွင့်ခဲ့ပြီး စျေးကွက်စီးပွားရေး လမ်းလျှောက်ခဲ့သေးတာပဲ။ အခုချိန်မှာ သူတို့ လျှောက်တဲ့လမ်း ဘယ်လောက်အထိ ခရီးပေါက်သလဲ အားလုံးတွေ့ကြပြီပဲ၊ ကျွန်တော်တို့ မျက်မြင်ပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့နောက် အနှစ် ၂၀၊ အနှစ် ၃၀ ကို ချိန်ကြည့်ရပါမယ်။ ရှေ့ခရီးကို အားလုံးအတူတူ မျှော်ကြည့်ရအောင်။ သူကိုတော့ ထိမှာပဲ၊ ကိုယ့်ကိုတော့ထိမှာပဲဆိုပြီး မထားကြပါနဲ့၊ မကာကြပါနဲ့။ အားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ကြပါ။ တိုင်းပြည်ရဲ့အကျိုးစီးပွား၊ နိုင်ငံရဲ့ ရေ ရှည်တည်တံ့ခိုင်မြဲတဲ့ အကျိုးစီးပွားကိုပဲ ကြည့်ကြပါ။ ဒါက အရေးကြီးဆုံး ဖြစ်ပါတယ်” ဟု ဆိုသည်။

“ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်အရ နိုင်ငံခြားဘဏ်တွေ ပြည်တွင်းမှာ ဝန်ဆောင်မှုတိုးမြှင့်ပေးနိုင်တော့မယ်။ ကျွန်တော်တို့မျှော်လင့်တာတော့ နိုင်ငံခြားငွေအပ်ငွေတွေ၊ ချေးငွေတွေ လက်ခံမယ်လို့ပေါ့။ ဒီလိုခွင့်ပြုပေးဖို့ ပြောနေတာ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းအစကတည်းကပါ။ နိုင်ငံခြားဘဏ်တွေ ဝင်လာတဲ့အတွက် ဘဏ်လုပ်ငန်းမှာ ပြိုင်ဆိုင်မှုများလာမယ်၊ နိမ့်ကျနေတဲ့ဘဏ်ဝန်ဆောင်မှုတွေ တိုးတက်လာမယ်၊ နိုင်ငံခြား ငွေတွေသုံးစွဲခွင့်ရလာမယ်၊ နိုင်ငံတကာအဆင့် ဘဏ်စနစ်ဖြစ်လာမယ်၊ ဘဏ်ထောက်ပံ့မှုတွေပိုရမယ်၊ လုပ်ငန်းတွေရဲ့ စည်းစနစ်တွေပိုကောင်းလာမယ်၊ မြန်မာပြည်တွင်း စီးပွားရေးကို နိုင်ငံခြားလုပ်ငန်းတွေ ပိုနားလည်လာမယ်လို့ မျှော်လင့်ပါတယ်။ ချေးငွေကတော့ လွယ်လွယ်ရဦးမယ် မထင်ပါဘူး။ သူတို့လည်း သူ့ တို့စနစ်၊ စည်းမျဉ်းတွေရှိမှာပေါ့။ အဲဒါတွေနဲ့ညီအောင် ကျွန်တော်တို့ လုပ်ငန်းတွေကလည်း ပြင်ဆင်ရပါ ဦးမယ်” ဟု ကုန်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေသည့် စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားဘဏ်ဘဏ်ခွဲများက ပြည်တွင်း စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေးရာတွင် ကျပ်ငွေ ဖြင့်သာ ထုတ်ချေးရမည်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အတိုးနှုန်း ဖြစ်သည့် ၁၀ ရာခိုင်နှုန်းအပေါ်မူတည်၍ အတိုးနှုန်းသတ်မှတ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ရုံးညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

“သက်ဆိုင်ရာဘဏ်က ကျွန်တော်တို့ ဗဟိုဘဏ်က ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းကို လိုက်နာရပါမယ်။ ကျန်တာက သူ Satisfied ကျေနပ်သဘောကျမှု ဖြစ်တဲ့ ကုမ္ပဏီကို သူငွေချေးနိုင်တာပေါ့။ အရင်ကတော့ ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ ပြည်ပကနေ ပြီးတော့ ကိုယ့်ကိုငွေချေးပေးမယ့် ဘဏ်ကို ရှာဖွေပြီး ငွေချေးရမယ့် အခြေအနေပေါ့။ အခုတော့ ဘဏ်ခွဲ ဖွင့်ခွင့်ရထားတဲ့ နိုင်ငံခြားဘဏ် ၁၃ ဘဏ်ကို ဆက်သွယ်ပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ Criteria နဲ့ညီရင် ချေးငွေရယူလို့ရသွားပါပြီ။ အတိုးနှုန်းကတော့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေကို သတ်မှတ်ထားတဲ့အတိုင်းပဲဖြစ်မယ်။ ပြည်တွင်းဘဏ်တွေနဲ့ မတူဘဲအလျှော့ပေးလိုက်ရင် အကုန်ပြဿနာတက်သွားမှာပေါ့။ သတ်မှတ်ထားတဲ့ ဗဟိုဘဏ်အတိုးနှုန်း ၁၀ ရာခိုင်နှုန်းအပေါ်မှာပဲ အခြေခံရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ပြည်တွင်းသုံး Financing ဖြစ်တဲ့အတွက် ကျပ်ငွေကိုပဲ အသုံးပြုရမှာပါ။ ဒေါ်လာနဲ့ ထုတ်ချေးခွင့်မပေးပါဘူး” ဟု ၎င်းက ဆိုသည်။

ယခု ဗဟိုဘဏ်၏ခွင့်ပြုချက်အရ လက်ရှိအခြေအနေနှင့် ခြားနားသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ အတိုးနှုန်းသက်သာမှုရှိသော နှစ်ရှည်ချေးငွေများ၊ ပမာဏများပြားသော ချေးငွေများ၊ နိုင်ငံတကာ ငွေလွှဲငွေပို့တိုက်ရိုက်ဆောင်ရွက်နိုင်မှုများ စသည်တို့ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများက မျှော်လင့် ထားသော်လည်း ဗဟိုဘဏ်၏ တရားဝင်ထုတ်ပြန်မည့် စည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်ရာ နိုင်ငံခြားဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုပုံစံတို့ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ဦးသန်းလွင်က “လုပ်ငန်းရှင်တွေရဲ့ အဓိကမျှော်လင့်ချက်ကတော့ အတိုးနှုန်းသက်သက်သာသာ ရမလားပေါ့။ အဲဒီမှာ တစ်ခုသတိထားဖို့က နိုင်ငံခြားဘဏ်တွေမှာလည်း အာမခံပစ္စည်းကိစ္စတွေရှိနိုင်တယ်၊ ဒါကို ဗဟိုဘဏ်က ဘယ်လိုဆုံးဖြတ်မလဲ။ နောက်အတိုးနှုန်းကို သူတို့ စိတ်ကြိုက်ပဲ သတ်မှတ်ခွင့်ပေးမယ်ဆို ဗဟိုဘဏ်အတိုးနှုန်းနဲ့ ပြည်တွင်းဘဏ်တွေကို သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေနဲ့ ဘယ်လိုလုပ်မလဲ။ ဒါတွေက ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေနဲ့ ညီမညီ ဒါတွေကို ပြန်ကြည့်ရဦးမယ်။ နောက်တစ်ခုက ပြည်တွင်းမှာပဲ ကျပ်နဲ့ ချေးငွေပေးမယ်ဆိုရင်တော့ ပြည်တွင်းဘဏ်တွေကို ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖြစ်ဖို့သင့်တယ်။ ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေ ၂၀၁၆ အတိုင်းသွား မယ်ဆိုရင် အားလုံးက ဒီအတိုင်း သွားရမယ်။ ချေးငွေပေးဖို့ အပေါင်အာမခံပစ္စည်း ဘယ်လိုယူမလဲရှိ သေးတယ်။ ဒီမှာ ခက်တာက Credit Bureau (ချေးငွေ သတင်းအချက်အလက်ဌာန) လည်း မရှိသေးဘူး၊ ချေးငွေအာမခံ စနစ်လည်းမရှိသေးဘူး။ အဲဒီမှာပိုဆိုးတာက Country Rating တို့၊ Institutional Rating တို့လည်း မရှိသေးဘူး။ ဥပမာ ပုဂ္ဂလိကလုပ်ငန်းတွေက ငွေချေးချင်တယ်ထားဦး။ သူ့ Rating မေးရင် သူလည်းမရှိဘူး။ A လား၊ B လား၊ C လား မရှိဘူး၊ သူ့မှာ ဘာမှမရှိဘူး။  တိုင်းပြည်မှာတောင် Rating မရှိရင် အဲဒီနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီတွေမှာ ဘယ်ရှိမလဲ။ အဲဒီဟာတွေမရှိရင် နိုင်ငံခြားဘဏ်တွေ မှာငွေချေးဖို့  Risk ပေါင်းစုံ ပေါ်လာတယ်။  အဲဒီလို Risk တွေရှိရင် နိုင်ငံခြားဘဏ်တွေက ချေးငွေကို သက် သက်သာသာချေးပေးပါ့မလားဆို တဲ့မေးခွန်းပေါ်လာတယ်။ ကျွန် တော်တို့ အရင်က နိုင်ငံခြားက ငွေ ချေးလို့ရှိရင် သူတို့က Country Rating ကြည့်တယ်။ မရှိရင် သူက Risk ကို ထပ်တင်တယ်။ နောက် Institutional Rating ကိုကြည့် တယ်၊။ မရှိရင် နောက်ထပ် Risk ကို ထပ်တင်တယ်။ အဲဒီလို Risk များတိုင်း အတိုးနှုန်းကို ထပ်တင်သွားတယ်။ နောက်တစ်ခုက မြန်မာပြည်မှာ  Foreign Exchange Risk ရှိတယ်။ အဲဒီအတွက်လည်း အတိုးနှုန်းကို ထပ်တင်ဦးမှာပဲ။ အဲဒီလိုသာ ထပ်ထပ်ပြီး အတိုးနှုန်းထပ်တင်သွားရင် အတိုးနှုန်းသက်သက်သာသာနဲ့ရမယ့် အလားအလာသိပ်မရှိဘူး။ တစ်ခုရှိတာတော့ ကျပ်နဲ့မချေးဘဲ နိုင်ငံခြားသုံးငွေနဲ့ ချေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ နိုင်ငံခြားသုံးငွေနဲ့ချေးလည်း ဒီမှာ Foreign Exchange Risk များတဲ့အတွက် မလွယ်ဘူး။ ချေးတုန်းက ၁၅၀၀၊ ပြန်ဆပ်ရင် ၂၀၀၀ ဖြစ်သွားရင် သေပြီပဲ။ အဲဒါကြောင့် နိုင်ငံခြားငွေနဲ့ ချေးဖို့ အားမပေးချင်ဘူး။ ကျွန်တော်တို့က  ပြည်တွင်းဘဏ်တွေဘက်က ပြောတာမဟုတ်ဘူး။ စဉ်းစားစရာ အချက်တွေပြောတာ။ လုပ်ငန်းရှင်တွေ သက်သက်သာသာနဲ့ ချေးငွေရမလားဆိုတာ အခုချိန်မှာတော့ သေချာမသိသေးဘူးပေါ့။ မရေရာသေးဘူး” ဟု သုံးသပ်သည်။

မြန်မာနိုင်ငံ၏လက်ရှိစီးပွားရေး အခြေအနေသည် ကျဆင်းလျက်ရှိပြီး ဗဟိုဘဏ်၏ နိုင်ငံခြားဘဏ် လုပ်ငန်းများကို လုပ်ကိုင်ခွင့် တိုးချဲ့ပေးခြင်းက ပြည်တွင်းစီးပွားရေးအား မည်မျှအထိ လှုပ်နှိုးပေးနိုင်မည်ဆို သည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ဗဟိုဘဏ်ကတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေ ရရှိနိုင်သည့်အခွင့်အရေး (Access to Finance) ပိုမိုရရှိစေရန် ရည်ရွယ်သည်ဟု  ၎င်း၏ ညွှန်ကြားချက်တွင် အတိအလင်းထည့်သွင်းထားသည်။

ôဒါကို ခွင့်ပြုတဲ့အဓိကရည်ရွယ်ချက်က ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ဘဏ္ဍာငွေရရှိနိုင်တဲ့ အခွင့်အရေး ပိုမိုရရှိစေဖို့ဖြစ်ပါတယ်။  Access to Finance ပေါ့။ နိုင်ငံခြားဘဏ်ဘဏ်ခွဲတွေကို စပေးကတည်းက ဘယ်အချိန်မှာ ဘယ်လုပ်ငန်း လုပ်ခွင့်ပေးမယ်ဆိုတဲ့ အချိန် Schedule ရှိပြီးသားပါ။ Schedule ရဲ့ နောက်ဆုံးမှာကို ပြည်တွင်းပုဂ္ဂလိကဘဏ်တွေရဲ့အခွင့်အရေးအတိုင်း ပေးမယ်ဆိုတာပါပြီးသား ဖြစ်ပါတယ်။ ဒါကို တစ်ဆင့်ပြီးတစ်ဆင့်ခွင့်ပေးတာဖြစ်ပါတယ်။ နောက်တစ်ခုက အခုစီးပွားရေးကဏ္ဍမှာ သိပ်ဖွံ့ဖြိုးမှု မရှိဘူး။ လုပ်ငန်းတွေ ငွေလိုအပ်နေတယ်။ အရင်းအနှီး လွယ်လွယ်မရဘူး။ နိုင်ငံခြားဘဏ်တွေက ချေးဖို့မလွယ်ဘူးဆိုတာ ကြားနေရတယ်။ အဲဒီအတွက်ကြောင့် ချေးငွေရ ရှိဖို့လွယ်ကူအောင်  နိုင်ငံခြားဘဏ်တွေကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံခြားဘဏ်တွေကို စပေးကတည်းက ကိုယ့်နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နည်းပညာမြင့်မားဖို့ ရည်ရွယ်ပြီးပေးခဲ့တာ။ နိုင်ငံခြားဘဏ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့  ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ အချိန်ပေးထားတယ်။ အဲဒီလိုပဲ နိုင်ငံခြားဘဏ်တွေကိုလည်း ကိုယ့်နိုင်ငံရဲ့အခြေအနေ၊ စီးပွားရေး အခြေအနေကို လေ့လာနိုင်ဖို့ အချိန်ပေးထားတယ်။ သူတို့ကို ပေးထားတဲ့အချိန်တွေလည်း ထိုက်သင့်သလောက်လုံလောက်ပြီ။ ပုဂ္ဂလိကဘဏ်တွေကလည်း ထိုက်သင့်တာပြင်ဆင်ပြီးပြီ ဆိုတဲ့ အချိန်ရောက်လာပြီလို့ ယူဆတဲ့အတွက် အခုဒီခွင့်ပြုချက်ကို ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒါကရည်ရွယ်ချက်တစ်ခု တင်မဟုတ်ဘူး။ နိုင်ငံခြားဘဏ်ဘဏ်ခွဲတွေကို ပေးတဲ့စည်းမျဉ်းအရလည်း ဒါက ပေးချိန်တန်လို့ပေးတာ ဖြစ်တယ်။ မူလရည်ရွယ်ချက်ဖြစ်တဲ့ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ဒီခွင့်ပြုချက်ကို ပေးတာဖြစ်တယ်။ လက်ရှိနိုင်ငံစီးပွားရေးအတွက် အဓိကဖြစ်နေတဲ့ Access to Finance လို အပ်ချက်အတွက် ပေးချိန်တန်ရောက်ပြီဖြစ်တဲ့အတွက် ဒီခွင့်ပြုချက်ကို ပေးတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားဘဏ်များ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဝင်ရောက်လာသည့်အတွက် ဘဏ်လုပ်ငန်းနည်းပညာများ တိုးတက်ခြင်း၊ ပြည်တွင်းဘဏ်များ၏ စွမ်းဆောင်ရည်မြင့်တက်လာခြင်း၊ ဝန်ဆောင်မှုအရည်အသွေးများမြင့်တက်လာခြင်း၊ ချေးငွေနှင့် အတိုးနှုန်းအမျိုးအစားများပြားလာခြင်း စသည့်ကောင်းကျိုးများဖြစ်ပေါ်စေမည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဘဏ်များ အကျိုးအမြတ်နည်းပါးလာနိုင်ခြင်း၊ နည်းပညာနှင့် လူသားအရင်းအမြစ် နည်းပါးခြင်းကြောင့်ပြည်တွင်းဘဏ် များအခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်း၊ နိုင်ငံခြားဘဏ်များနှင့် နှိုင်းယှဉ်ပါက ချေးငွေအရည်အသွေး နိမ့်ကျနေ သောကြောင့် အမြတ်ငွေကျဆင်းခြင်းအပြင် ကြွေးဆုံးများ ဖြစ်ပေါ်နိုင်ခြင်း၊  လုပ်ငန်းချင်း ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးကာ အကျိုးအမြတ်များ လျော့နည်းလာနိုင်ခြင်း၊ နိုင်ငံခြားဘဏ်များ၏ မိခင်နိုင်ငံ၏ မူဝါဒအပြောင်းအလဲကြောင့် လုပ်ငန်းဆောင်ရွက်ရာ နိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းကို ထိခိုက်နိုင်ခြင်း၊ မတူကွဲပြားသော မူဝါဒစံသတ်မှတ်ချက်များကြောင့် ချေးငွေရရှိရန်ခက်ခဲနိုင်ခြင်း စသည် တို့ဖြစ်သည်ဟု ဘဏ်လုပ်ငန်းပညာရှင်များက ဆိုသည်။

“ဒီခွင့်ပြုချက်ကြောင့် ပုဂ္ဂလိက ဘဏ်တွေအပေါ် ထိခိုက်မှု ကြီးကြီးမားမားမရှိနိုင်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်ကောင်းအောင်ပြုလုပ်တဲ့အခါမှာ အများစုကောင်းအောင်ပဲ ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အား လုံးကောင်းအောင်လုပ်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုမရှိပါဘူး။ ဘယ်နိုင်ငံမှာမှမရှိဘူး၊ ဘယ်ခေတ်မှာမှ မရှိဘူး။ ယှဉ်ပြိုင်ဘက်တွေလာတဲ့အခါ ကိုယ်က ရှင်သန်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့လိုပါတယ်။ ဥပဒေ၊ စည်း မျဉ်းစည်းကမ်းတွေနဲ့အညီ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း နည်းလမ်းတွေရှိပါတယ်” ဟု  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုစီးပွားရေးကော်မတီဝင် စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဦးသန်းလွင်က “ပုဂ္ဂလိကဘဏ်တွေရဲ့ ရပ်တည်နိုင်စွမ်းရှိဖို့က နိုင်ငံခြားဘဏ်တွေ ဝင်လာပြီးနောက်ပိုင်းမှာ ဗဟိုဘဏ်အပေါ်မူတည်ပါတယ်။ ဗဟိုဘဏ်က ကျွန်တော်တို့ ခင်ဗျားတို့အပေါ် ကာကွယ်မှုမပေးနိုင်တော့ဘူးဆိုတဲ့ စကားတွေ ထွက်တာတွေ့တယ်။ ပြည်တွင်းဘဏ်တွေကို ကူညီပေးမယ်ဆိုတဲ့အသံတွေလည်း ထွက်တာ တွေ့တယ်။ ဘာတွေမှန်းတော့ မသိဘူး။ မရေရာဘူးပေါ့။ ASEAN Integration ကိစ္စလည်းရှိနေတော့ ASEAN Process အရ အကုန်လုံး ပေးဝင်မယ်ဆိုတာမျိုးလုပ်လိုက်ရင် လည်း အေးတာပဲ။ လုံးလုံးလျားလျားကြီး ကွက်တိကြီး လုပ်လိုက်ရင်လည်း မသင့်တော်ဘူးပေါ့။ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေလည်း ဘယ်လို ရပ်တည်နိုင်မလဲအချက်ကို စဉ်းစား ဖို့လိုသလို ပြည်ပနိုင်ငံခြားဘဏ်တွေကိုလည်း နိုင်ငံ့စီးပွားရေးအကျိုးရှိအောင် ဘယ်လိုအတိုင်းအတာအထိ လုပ်ကိုင်ခွင့်ပေးမလဲဆိုတာ သေချာတွက်ချက်ဖို့ လိုပါတယ်။ တခြားနိုင်ငံတွေလည်း ဒီအခြေအနေကို ဖြတ်ကျော်ဖူးတော့ နိုင်ငံ့စီးပွားရေး တိုးတက်ဖို့ စဉ်းစားနိုင်ရင် ပိုကောင်းပါတယ်။ အဓိက,ကတော့ နိုင်ငံ့ စီး ပွားရေးအတွက် ကောင်းရင်လုပ်ရမှာပါပဲ။  ပြည်တွင်းဘဏ်လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ မပြောပါဘူး။ ပြောလည်း မင်းတို့က အတိုးနှုန်းအများကြီးယူထားပြီး အခု နိုင်ငံခြားဘဏ်တွေ ဝင်လာမယ်ဆိုတော့ အော်ကြတယ်ဖြစ်လာဦးမယ်။ ပြည်တွင်းအတိုးနှုန်း များတယ်ဆိုတာကလည်း အစိုးရရဲ့မူဝါဒပဲ၊ အတိုးချပါ ချပါပြောလည်း ချမှမချဘဲကိုး။ အတိုးချရင် အပ်ငွေတွေပြန်ထုတ်သွားမယ် အကြောင်းပြကြတယ်။ နိုင်ငံ ခြားဘဏ်တွေကရော ဒီအတိုးရှစ်ရာခိုင်နှုန်းကို ပေးမယ်ထင်လို့လား၊ တခြားနိုင်ငံမှာ အတိုးနှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်းရှိတဲ့အချိန်  မြန်မာနိုင်ငံရောက်မှ အတိုးရှစ်ရာခိုင်နှုန်း ပေးပါ့မလား။ ကျွန်တော်တို့က ပြည် တွင်းဘဏ်တွေကိုချည်းကာကွယ်ဖို့ ပြောနေတာမဟုတ်ဘူး။ လုပ်ငန်းရှင်တွေကိုလည်း အတိုးနှုန်းသက်သက် သာသာနဲ့ ချေးငွေရစေလိုစိတ် ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါပေမဲ့ အတိုးနှုန်းကို ပုဂ္ဂလိကဘဏ်တွေ လုပ်ချင် တိုင်းလုပ်လို့ မရပါဘူး။ ဒါတွေက ဗဟိုဘဏ်လက်ထဲမှာပဲရှိပါတယ်။ သူတို့ချတဲ့ စည်းမျဉ်းအတိုင်း ပုဂ္ဂလိ ကဘဏ်တွေ လိုက်နာနေတာပါ။ အဲဒါကြောင့် လက်ရှိအတိုးနှုန်းတွေ မြင့်နေတာဖြစ်ပါတယ်” ဟု ဆိုသည်။

လက်ရှိညွှန်ကြားချက် ထုတ်ပြီးဖြစ်သည့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြုခြင်းတွင် မြန်မာနိုင်ငံအတွက် ဆိုးကျိုးထက်ကောင်းကျိုးပိုများမည်ဟု စီးပွားရေးအသိုင်းအဝိုင်းက ထောက်ခံထား ကြသည်။ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များဝင် ရောက်မှုမှတစ်ဆင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးပတ်ဝန်းကျင်ဘေး ဒုက္ခအန္တရာယ်မဖြစ်အောင် ထိန်းကျောင်းနိုင်ရန် အားထုတ်ရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း နိုင်ငံခြား ဘဏ် ဘဏ်ခွဲများထံမှ ချေးငွေအ လွယ်တကူရမည်မဟုတ်ဘဲ အဆိုပါ နိုင်ငံခြားဘဏ်များ၏ ချေးငွေမူဝါဒ၊ စံသတ်မှတ်ချက်များနှင့် ကိုက်ညီ အောင်ဆောင်ရွက်ရဦးမည်ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံခြားဘဏ်များ ပြည်တွင်းစျေးကွက်သို့ မည်သို့မည်ပုံ ခြေလှမ်းလာမည်ကို သဲသဲကွဲကွဲမသိသေးသော်လည်း  ပြည်တွင်းဘဏ်များအတွက် စိန် ခေါ်မှုကြီးတစ်ခုဖြစ်လာပြီဖြစ်သည်။ အနာဂတ်ယှဉ်ပြိုင်နိုင်စွမ်းအတွက် ပြည်တွင်းဘဏ်များ၏ အားသာချက်ကို အစွမ်းကုန်ဖွင့်ထုတ်ရန်နှင့် လိုအပ်ချက်များပြုပြင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ နိုင်ငံခြားဘဏ်များ၏ အရင်းအနှီး၊ နည်းပညာ၊ စျေးကွက်နှင့် ဝန်ဆောင်မှုကျွမ်းကျင်မှုများက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို မည်မျှအထိ ထောက်ကူနိုင်မည်လဲဆိုသည်ကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့် ရပါဦးမည်။

 

Most Read

Most Recent