ရွာပြန်ခရီး

ရွာပြန်ခရီး
တပ်ကုန်းမြို့မှ တောင်ရိုးအနောက်ဘက်ရွာများသို့သွားရာ ကားလမ်း
တပ်ကုန်းမြို့မှ တောင်ရိုးအနောက်ဘက်ရွာများသို့သွားရာ ကားလမ်း
Published 8 November 2018
မြဇင်ယော်

ရွာကိုပြန်ချင်လိုက်တာများ ခြေကိုရွနေတာပဲ။ မရောက်ဖူးတဲ့ဒေသကို သွားရမှာထက် ကိုယ့်ရွာကိုယ်ပြန်ရမှာ ပိုပျော်တယ်။ ပြန်မယ့်နေ့မှာကိုယ်က မနက် ၉ နာရီထိုးရင် အလုပ်ပြီးမယ်။ အလုပ်ပြီးပြီးချင်း ရွာမှာဖတ်ဖို့  စာကြည့်တိုက်က စာအုပ်သွားငှားလိုက် တယ်။ အိမ်ရောက်တော့ ၁၀ နာရီထိုးပြီ။ ပစ္စည်းထည့်ပြီး ပြန်ရုံပေါ့။ တကယ်တော့ ပစ္စည်းက ဘာသယ်စရာလိုလို့လဲ။ ကိုယ့်ရွာ ကိုယ့်အိမ်ပြန်မှာပဲ။ အဝတ်အစားလေး တစ်စုံနဲ့ ကျန်တာ စာအုပ်တွေပဲ သယ်ရမှာ။ အပြောခံရပေါင်းများလှပေမယ့် အမျိုးတွေအတွက် လက်ဆောင်ပစ္စည်း ဝယ်ဖို့တော့ အခြေအနေ မပေးသေးဘူး။ အခြေအနေမပေးဆို အဖေကသားချင်း ၁၀ ယောက်၊ အမေက သားချင်း ခုနစ်ယောက်၊ နှစ်ဖက် အဘိုးအဘွားတွေပါ ထည့်ပေါင်းလိုက်ရင် လက်ဆောင်ပစ္စည်းဖိုးက ကိုယ့်တစ်လစာနဲ့ ဘယ်လိုမှ မလောက်နိုင်ဘူးလေ။ ပြန်ဖို့တွေးရင်း စိတ်ကူးလေးနဲ့ ရူးနေခဲ့တာ။

အိမ်လည်း ပြန်ရောက်ရော အဖေက “ဒီနေ့ပြန်လို့ရော ဖြစ်ပါ့မလား မသိဘူးဗျ။ ဒွက်ကျော်ချောင်း ရေလာနေတာ ကူးလို့မရဘူး” တဲ့လေ။ ဒွက်ကျော်ဆိုတာ ကိုယ့်ရွာ မရောက်ခင် လမ်းခုလတ်ကရွာ။ အဲဒီရွာ အရှေ့ဘက်က သဲချောင်းကြီးက နာမည်ကြီး တယ်။ မိုးကြီးလို့ ချောင်းရေစီးရင် ရေမကျမချင်း ကိုယ့်တောင်ရိုး အနောက်သားတွေ မြို့ကိုလာလို့ မရတော့ဘူး။ (လမ်းအနေအထားက တပ်ကုန်းကနေ ဒွက်ကျော်အထိ မြေညီလမ်း၊ ဒွက်ကျော် အနောက်ထွက်တော့ တောင်တက်လမ်း။ တောင်ရိုးတစ်လျှောက် ကားလမ်းဖောက်ထားတာ။ ကိုယ့်ရွာအပါအဝင် တောင်ရိုးကြီးဖြတ်ပြီးမှ ရောက်တဲ့ရွာတွေကို တောင်ရိုးအနောက်ဘက်လို့ ခေါ်ကြတယ်။) သေချာအောင် ရွာကိုဖုန်းဆက်တော့လည်း ဒီသတင်းအတိုင်း ပြောကြတာပဲ။ ရွာက လာတဲ့လူမှန်သမျှ အကုန်လိုက်မေးတော့လည်း ချောင်းရေကူးမရဘူး။ ကားတွေရပ်ထားတာ တန်းစီလို့တဲ့လေ။ သူတို့ဘယ်လိုရောက်လာသလဲဆို ဆိုင်ကယ်ကို ယောကျ်ားသားကြီး လေး၊ ငါးယောက်က ၀ါးလုံးနဲ့ထမ်းကူးရပြီး ကားတွေ မရမကကူး ချင်ရင်တော့ ထွန်စက်နဲ့ဆွဲရတာတဲ့။ တန်း စီနေကြတဲ့ကားတွေကို ထွန်စက်ကို စောင့်နေကြတာတဲ့။ စိတ်က ယောက်ယက်ခတ် သွားပြီ။ ချောင်းရေမကျလို့ ရွာကကား မလာနိုင်ဘူးဆိုရင်၊ လာပေမယ့် အန္တရာယ်များလို့ ရွာမပြန်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ။ ကိုယ်က ရွာကိုပြန်ဖြစ်အောင် ပြန် လိုက်ချင်တာ။ ဒီနှစ်သင်္ကြန်တုန်းကလည်း သုံးရက်လောက်ပဲ ရွာပြန်နေခဲ့ရတာ။ ၀ါဆို အခါတုန်းလည်း မပြန်ရဘူး။ လာမယ့် ဒီဇင် ဘာကျောင်းပိတ်ရက်လည်း ပြန်လာနိုင်ဖို့ မလွယ်ဘူး။ အခုတောင် တခြားမြို့နာမည် ကြီးဘော်ဒါတွေမှာထားတဲ့ ၁၀ တန်း ကျောင်းသားမိဘတွေက သူတို့ကလေးတွေ သီတင်းကျွတ်ပိတ်ရက်လေး ပြန်လာသခိုက်၊  လေး၊ ငါးရက်လောက်ဖြစ်ဖြစ် ပြီးသလောက် လေး စာသင်ပေးပါဆိုတာကို အားနာနာနဲ့ ငြင်းရတာ။ ရွာပြန်ချင်လွန်းလို့လေ။ ကဲအခုတော့ ခဲလေသမျှ သဲရေကျရမလို ဖြစ်နေပြီ။

အဖေက ပြောရှာပါတယ်။ “မင်းတို့ မောင်နှမလေးနှစ်ယောက် ဆိုင်ကယ်နဲ့ပဲပြန်လိုက်ကြ။ ချောင်းကူးတော့ ဆိုင်ကယ်ထမ်းဖို့ လူခေါ်လိုက်ရင်ရတယ်။ လက်ဖက်ရည်ဖိုး လေးပဲ ပေးရမှာ” တဲ့။ အဲဒီလိုသာ ပြောတာ။ ပြန်ရင်စီးသွားရမယ့် ဆိုင်ကယ်က ကိုယ့်ထက် အသက်ကြီးတယ်။ အထိခိုက် အစွန်း အထင်း မခံလေတော့ မောင်လုပ်သူက အဲဒီ ဆိုင်ကယ်နဲ့ မပြန်ရဲဘူး။ “ဒီလိုမျိုး မိုးကလည်း သည်းလိုက်စဲလိုက်နဲ့ မပြတ်ရင်၊ ချောင်းမကူးရသေးခင် ကတည်းက လမ်းမှာ ဆိုင်ကယ်ပျက်နေတာနဲ့ ဒုက္ခရောက်မှာဗျာ” တဲ့။ သိပ်မှန်တာပေါ့။ အဲဒီတော့ ကဲဘယ်လိုဖြစ်ဖြစ် ကားကိုစောင့်ပြီး ကားနဲ့ပဲပြန်လိုက်တော့မယ်လို့ ဆုံဖြတ်လိုက်တော့တယ်။ ရွာကားက နေပွင့်အောင်စောင့်နေတာ ၁၂ ထိုး ပြီးမှ ရွာက ထွက်လာတာတဲ့။ (ရွာပြန်ချင်ရင် ရွာကလာမယ့်ကားကို စောင့်ရပါတယ်။ တပ် ကုန်းကနေ ကြိုက်တဲ့ကားတက်စီး၊ ရွာ ရောက်တယ်ဆိုတဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေမဟုတ်ပါဘူး။) လမ်းမှာ နှစ်နာ ရီလောက်ကြာတာဆိုတော့ နေ့ခင်း ၂ နာရီ ဝန်းကျင်မှ တပ်ကုန်းရောက်လိမ့်မယ်။ ကား ပေါ်ကပါလာသမျှ လူအကုန် စျေးဝယ်ပြီးမှ ပြန်ထွက်ရတာ ဆိုပြန်တော့ အစောဆုံး (ရက်ရက်စက်စက် စောပစ်ဦး) ညနေ ၄ နာ ရီမှ ရွာပြန်ရမှာ။ အဲဒီအချိန်ဆို နောက်ကျ နေပြီမို့ ဒီနေ့ပြန်မနေတော့ဘဲ နောက်နေ့မှ ပြန်ရင်ရော။ အဲဒီလိုဆိုလည်း မိုးလေပွင့်ပြီလို့ ပိုင်သေ မပြောနိုင်ဘူးလေ။ မိုးမပြတ်လို့ မပြန်ရရင် ဒုက္ခပဲမဟုတ်လား။ ကိုယ်ဟာ ရွာမှာ တစ်နာရီလေး ပိုနေရပိုနေရ ဒီနေ့ လေးကိုပြန်ချင်တာလေ။ အဲဒီတော့ ဘယ် လောက်နောက်ကျနောက်ကျ မှောင်ရင် လည်းမှောင်ပါစေ။ ဒီကြားထဲကားကချောင်း ကူးမရရင် လက်ပစ်ကူးပစ်မယ်။ လမ်းချော် နေလို့ တောင်ပေါ်ကို မတက်နိုင်ရင်လည်း ခြေကျင်ကိုတက်ပစ်မယ် ဘာမှတ်နေလဲ။ ပြန်ကိုပြန်မှာလို့။ ဒါပေမဲ့ ကားက ထင်တာ ထက်စောပါတယ်။ တစ်နာရီခွဲလောက်မှာ တပ်ကုန်းကို ရောက်လာတာ။

“ခရီးသည်များခင်ဗျား ရာသီဥတု အခြေအနေကြောင့် တစ်နာရီလောက်ပဲ အချိန်ရပါတယ်။ ၂ နာရီခွဲရင် ကားပြန်ထွက်မှာမလို့ ခပ်သွက်သွက်လေး စျေးဝယ်ပေးကြပါ” တဲ့။ ဘယ်ဆိုးလို့လဲ။ ဒီပုံအတိုင်းဆို သိပ်မစောင့်ရတော့ဘူးပေါ့။  စောစောလေး ပြန်ရနိုင်တယ်။ စိတ်တွက်၊ စိတ်တွက်။ တွက်ရေးကတော့ စက်သူဌေးပေါ့လေ။ အဲဒီလိုနဲ့ဘယ် မှမသွားတော့ဘဲ ကားနားတင် ထိုင်စောင့်နေလိုက်တာ။ အစမှာတော့ ပျော်ပျော်ပါးပါး၊ နောက်တော့ ပျင်းပျင်းရိရိ။ ကြာလာတော့ တမှိုင်မှိုင်တတွေတွေ။ ရွာရောက်မှ နေ့လယ်စာကို အဝစားမယ်ဆိုပြီး အူရှင်းထားတဲ့ ကိုယ်က အူတွေခွေနဲ့ စောင့်လိုက်ရတာ စောင့်လိုက်ရတာ။  ကားကလည်း ဘယ် လောက်တိကျသလဲဆိုတော့ ညနေ ၅ နာရီ မတ်တင်းမှ ထွက်နိုင်တယ်။ ဟိုလူစောင့် ဒီ လူစောင့်နဲ့လေ။ မစောင့့်လို့လည်း မရဘူး။ ဒီနေ့ ရွာကနေထွက်တာ ဒီကားတစ်စီးတည်း ရှိတာကိုး။ အသွားအပြန် ဒီကားပဲ စီးကြရ တာ။ ဒီကားမမီ နောက်တစ်စီးလို့ မရှိတော့ ဘူး။ အဲဒီတော့ မတော်တဆများမေ့ထားခဲ့ ရင် ကျန်နေခဲ့တဲ့သူက ကမ္ဘာမကျေပဲ။ ရွာ ရောက်ရင် နပန်းအလုံးခံရမယ်မှတ်။ တကယ် ပဲ နပန်းမလုံးရုံတမယ် ရန်တွေ့ခံရမှာလေ။ တော်တော်ကြာကြာကို ကားပိုင်ရှင်နဲ့ ကား ဆရာကို မခေါ်မပြောဘဲနေမှာ၊ သူတို့ကား လည်း မစီးတော့ဘဲ ဒီပြင်ကား ပြောင်းစီးပစ် မှာလေ။ မှတ်ထား၊ နောက်တစ်ခါ ငါ့ကို ထားခဲ့ရဲ ထားခဲ့ကြည့် ဆိုတဲ့သဘော။ ရွာမှာက ကားသုံးစီးရှိတာကိုး။ ဒါပေမဲ့ ဒီလိုလူတွေ တာရှည်မခံပါဘူး။ ပြီးရင် မေ့လောက် ပျောက်လောက်နေတော့ ပြန်စီးကြရတာပဲ။ ဘယ်လိုပဲ သုံးစီးရှိတယ်ပြောပြော အမြဲတမ်း သုံးစီးလုံး ထွက်နိုင်တာမှမဟုတ်တာ။ ရွာ လမ်းက ချောမွေ့လွန်းပြီး ကားများကိုယ်၌ လည်း ကြံ့ခိုင်ကြတော့ သူတို့ခမျာ ကျန်းမာ ရေးချူချာကြရှာတယ်။ အဲဒီတော့ ဘယ်မှာ အကြာကြီး ကင်းနိုင်မလဲ။ ဖြစ်တောင့်ဖြစ်ခဲ တစ်ခါတလေများ သုံးစီးလုံးပြုံပြီး ကျန်းမာ ရေးပျက်ပြီဆို ရွာထိပ်ထွက်ပြီး သည့်ပြင်ရွာ ကကားကို စောင့်စီးပေရော့လေ။ ကားထွက် တော့ ကားခေါင်းထဲကို လာစီးခိုင်းတာ။ အဲဒီ လိုစီးခိုင်းတာ ပေါ့သေးသေးမမှတ်နဲ့။ ဒါ အင်မတန် ခင်မင်လွန်းလို့ အရေးပေးတာပဲ။ အဲ.. ဒါပေမဲ့ ကျောင်းဆရာ၊ ဆရာမလိုမျိုး၊ ဆေးခန်းဆရာမလိုမျိုး၊ ဝန်ထမ်းပါလာလို့ ကတော့ ဘယ်လိုလူဖြစ်ဖြစ်၊ အမျိုးဖြစ်ဖြစ်၊ ရင်းနှီးသူဖြစ်ဖြစ် နောက်ထဲကိုသာ ဂျောင်း။ (ကားက ကုန်တင်ကား၊ ကုန်ရော လူရော တစ်ခါတလေ ကြက်ခြင်းတွေရော ဝက်တွေ ရော ရောတင်တာ။) အခုနောက်ပိုင်းကျမှ Light Truck တွေဆွဲတာ။

ကိုယ့်ရွာက တပ်ကုန်းကနေ အနောက် ဘက် ၁၆ မိုင်ဝေးတယ်။ ဆင်သေဆည်ပေါင် ရောက်အောင် ဖောက်ထားတဲ့လမ်းအတိုင်း ပြန်ရတာ။ ရွာက တောင်ခြေရွာ။ ဆည်ဖျား မှာ။ အဲဒီတော့ တောင်ပေါ်ရောက်ရင် ဆည်ဘောင်ဘက် ဆက်လိုက်မသွားဘဲ ရွာဘက် ကိုဆင်းလိုက်ရတာ။ တပ်ကုန်းကနေ MRTV အသံလွှင့်ရုံအထိ ကွန်ကရစ်လမ်း။ နောက် ပိုင်း အမြန်လမ်းနဲ့ တပ်ကုန်းမြို့ဆက်လမ်း ဖောက်တော့ ဒဟတ်ကုန်းရွာအထိ ကွန်က ရစ်လမ်းဖြစ်သွားရော။ ဒဟတ်ကုန်းကနေ သာယာအေးရွာအထိ ကျောက်ကြမ်းလမ်း။ ပြန်ရမယ့်ရွာက တပ်ကုန်း-သာယာ အေး လမ်းပေါ်က ကြီးအင်းရွာ။ ဒီလမ်းကို ပြီးခဲ့တဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ နာမည်ကြီး ပါတီတစ်ခုက ကိုယ်စားလှယ်က ကျောက် ခင်းပေးထားတာ။ လမ်းက တောင်ပေါ်လမ်း၊ မြေသားလမ်းဟောင်း၊ ဆင်သေဆည်တုပ် တုန်းက ဖောက်ထားတာ။ အဲဒီလမ်းကို ကျောက်ကြမ်းကြီးတွေခင်းပြီး တောင်ပေါ် မြေဖို့ပေးထားတာ။ မဲပေးကြရတော့ အဲဒီ ပါတီက ဒီလမ်းကို အဓိကအသုံးပြုနေရတဲ့ ကြီးအင်း၊ သာယာအေး၊ ရွာသစ်ရွာတွေမှာ မဲနိုင်တယ်။ လမ်းလုပ်ပေးလို့ဆိုပြီး လမ်းမျက် နှာနဲ့ မဲထည့်ပေးကြတာ။ အဲဒီလမ်းလုပ်ပေး တဲ့ ကိုယ်စားလှယ်ကို မကြိုက်ဘူးပြောရင်၊ မဲမထည့်ရင်လည်း ရွာထဲက တချို့လူတွေက အချဉ်ပဲ။ သူ့ပြိုင်ဘက်ပါတီကို ထည့်ချင်သူ က အသံမထွက်စေနဲ့။ ခပ်ကုပ်ကုပ်လေး ထည့်ရတယ်။ သူတို့အဆို သူတို့အာဘော်က ဒီလမ်းကြီး ခင်းပေးထားတာ နည်းတဲ့ကျေးဇူး လားတဲ့။ သူက သူ့မိသားစုပိုင်ငွေတွေနဲ့ ခင်း ပေးတာလားလို့ မေးကြည့်လိုက်ပါလား။ ဘယ်သူ့ငွေနဲ့ဖြစ်ဖြစ် သူမို့လုပ်ပေးတာ။ သည့်ပြင်လူတွေ လုပ်ပေးလို့လားတဲ့ ပြန်ပြီး ရန်တွေ့ခံရမယ်။ ကိုယ့်သူငယ်ချင်းတစ် ယောက် ကြိုတင်မဲပေးတုန်းက လမ်းပြင်ပေး တဲ့ပါတီကိုမထည့်ဘဲ ပြိုင်ဘက်ပါတီကိုထည့် လို့တဲ့ ဘေးနားက သူ့ဘကြီးက နင်တို့ အဖေတို့ အမေတို့က ဘာမှပြောမပြဘူးလားဆိုပြီး ဆူသတဲ့။ သူငယ်ချင်းက “ကျွန်မ အရွယ် ရောက်နေပြီ။ ကြိုက်တဲ့ပါတီ မဲပေးနိုင်တယ်၊ ဘယ်သူမှ ဝင်စွက်ဖက်လို့မရပါဘူး” လို့ ပြောတာတောင် အဲဒါတွေခက်တာပဲဆိုပြီး ငေါက်နေသေးသတဲ့။ သြော် လမ်းမျက်နှာတယ် ကြီးသကိုး။ အဲဒီလိုမျိုး လုပ်ပေးခဲ့တဲ့လမ်းက ကျောက်ခင်းပြီး တောင်ပေါ်မြေလေးလိုက်ဖို့ ပေးထားတာဆိုတော့ မိုးရွာလာတော့ တောင်ပေါ်မြေတွေ ရေစီးနဲ့ပါကုန်ပြီး ကျောက်ကြီးတွေပေါ်လာရော။ ကားများစီးနေရင် ခုန်ဆွခုန်ဆွနဲ့ လေ့ကျင့်ခန်း လုပ်နေရသလို။ ဆိုင်ကယ်စီးနေသူတွေကတော့ အကိုက် အခဲပျောက်ဆေးကို မစီးခင်ကတည်းက ကြို သောက်ထားရတယ်ဆိုပဲ။ လှတောသား တွေသာ စီးဖူးရင် ဘာပြောမလဲသိချင်လိုက် တာ။ အတွေးများနေခဲ့တာ ဒွက်ကျော် ချောင်းနားရောက်လာတာ သတိမထားမိ ဘူး။ ကိုယ်တွေ ကံကောင်းတယ် ပြောရမလား ပဲ။ ကားရောက်ချိန်မှာ ရေကျနေပြီမို့လို့ ကားက ဒီအတိုင်းကူးလို့ရတယ်။ ထွန်စက်နဲ့ ဆွဲ စရာမလိုဘူး။ လူတွေလည်း ဆင်းစရာမလို ဘူး။ ဒါပေမဲ့ စိတ်ကတော့ ပူနေသေးတယ်။ ချောင်းဖြတ်ကူးနေရင်း တောင်ကျရေသာ  ဝုန်းခနဲ စီးလာလို့ကတော့ သေပြီပေါ့။ မဖြစ် သေးတာကို ကြံဖန်သောကရောက်ပြီး ကိုယ့့် ကိုယ်ကိုယ် သရဏဂုံတင်နေသေးတာ။(နောက်နေ့မှသိရတာက ကိုယ်ပြန်လာတဲ့နေ့ မှာပဲ ကိုယ့်ရွာမြောက်ဘက် လွှဘုံရွာကလူ တစ်ယောက်၊ တောင်ကျချောင်းရေစီးနဲ့မျော ပါပြီး သေသွားသတဲ့။) ချောင်းကူးပြီး ဒွက် ကျော်ရွာရောက်တော့ မှောင်သွားပြီ။ ဒွက် ကျော်ရွာကထွက်ရင် တောင်စတက်ပြီ။ ၁၅ မိနစ်လောက် တက်ရတယ်။ အခုဟာ ကျောက်လမ်းမို့။ မြေလမ်းတုန်းက အခုလို မိုး တွင်းဆို တအားချော်တော့ ကားတွေ နောက် ပြန်ကျတတ်တယ်။ လူတွေ အကုန်ဆင်းခိုင်း ပြီး အတက်ကြီး (ဒွက်ကျော်ရွာ အနောက် ဘက်တောင်စတက်တက်ချင်း) အောင်မှ ကားပေါ်ပြန်တက်ကြရတယ်။ အခု ကျောက် ကြမ်းလမ်းမှာတော့ ကားတစ်နေရာသွားစာ ကျောက်လမ်း၊ ဘေးက ရေမြောင်းလေးတွေ ဆိုတော့ နောက်ပက်လက် လန်ကျမှာထက် ဘီးချော်ပြီးများ ကားယိုင်သွားရင် အမှောက် ပဲလို့တွေးပြီးပဲ ရင်ထိတ်ရတော့တယ်။ ဒါ တော်တော်ဟုတ်လာတာလေ။ ၂၀၀၆ ခုနှစ် ဆယ်တန်းကျောင်းသူ ဘဝတုန်းက ကိုယ်မပြန်ခင်တစ်နေ့မှာ ကြားရတာက အဲဒီအတက်ကြီးမှာပဲ ဆိုင်ကယ်တွေ ထမ်း တင်ရသတဲ့။ ကိုယ်ပြန်တဲ့နေ့ရောက်တော့ လူကိုသွားမရတော့လို့ ကိုယ်တို့သူငယ်ချင်း တွေ လမ်းတောင်ဘက် ကမ်းပါးယံအတိုင်း ခြေကျင်တောင် တက်ခဲ့ကြရတာမလား။ မိဘတွေက လမ်းဆိုးလို့ ပင်ပန်းတယ်။ ပြန် မလာနဲ့လို့ ပြောကြလည်း ဘယ်လိုသွားရ သွားရ ပြန်ချင်တာပါပဲ။ တပ်ကုန်းကနေ ရွာအထိ ခြေကျင်ပဲလာခဲ့ရပါစေ။ တောင်တက်ရပြီ ဆိုတာနဲ့ ရွာကနီးလာပြီဆိုတဲ့အသိနဲ့ ပျော်တာပါပဲ။ ကလေးဘဝ ကတည်းက အခုထိပါပဲ။ တောင်တက်နေတဲ့ တစ်လျှောက် တော့ အတက်ကလေးတွေ ဝေဝေဆာဆာ၊ စိမ်းစိမ်းစိုစိုနဲ့ သစ်ငုတ်တွေ၊ သစ်ပင်ကလေးတွေ မြင်ရတာပဲ။ သစ်ပင်အကြီးတော့ မမြင်ရတော့ဘူးလေ။ မိုးတွင်းဆိုတော့ကား ကြည့်လေရာ အစိမ်းတွေ့ရတာပဲ။ နွေရာသီဆိုရင်တော့  တောင်ကတုံးလောက်နီးနီး တွေ့ရမယ်ပေါ့။

အသိဦးလေးကြီး တစ်ယောက်က ပြောဖူးတာ သတိရတယ်။ “ဆရာမတို့ရွာဘက်က သစ်ကြီးဝါးကြီး ပေါတယ်နော့။ ကျွန်တော် ရောက်ဖူးတုန်းက ရွာနားလေးမှာကို လူ တစ်ဖက်မကတဲ့ သစ်ပင်ကြီးတွေရှိတယ်”  တဲ့။ အခုနေများ သူ့ကိုခေါ်ပြီးပြလိုက်ရင် အံ့သြသွားမလား၊ နှမြောတသ ဖြစ်သွားမလား။ သူ့မျက်နှာ ဘယ်လိုပြောင်းသွားမလဲ သိချင်မိတယ်။ မီးသွေးဖုတ်တာနဲ့ ကုန်ပြီလေလို့ ကိုယ်ပြောထွက်ပါ့မလားမသိ။ အင်း အခုတော့ မီးသွေးဖုတ်မယ့်သူတွေ နိုင်ငံရပ်ခြား ရောက်ကုန်ကြလို့ သစ်ပင်တွေ ကြီးထွားရှင် သန်ခွင့်ရကြတော့မယ်။ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား။ တောင်ဆင်းကျတော့ ကျောက်တုံးတွေက သိသိသာသာ ဇာတိပြကြတယ်။ တအားဆိုးနေလို့ ကားသမား၊ ဆိုင်ကယ်သမား ကြောက်ရတဲ့အဆင်း၊ မော့ တက် မော့ဆင်းလေးပါဆို ကျောက်တွေက တအားပေါ်နေလို့ ဆိုးနေတဲ့အဆင်းတစ်ခု ကို ရွာက စေတနာရှင် တစ်ယောက်က ကွန် ကရစ်လမ်းလုပ်လှူထားတယ်။ (ကိုယ်ကတော့ ရွာကိုအပေါ်စီးကနေ ကြည့်တဲ့အခါ ဘယ်အချိန်ကြည့်ကြည့် ဒီနေရာလေးက ကြည့်မှ ဆင်သေဆည် နောက်ခံထားတဲ့ ရွာရဲ့ ရှုခင်းက အပေါ်လွင်ဆုံး အလှဆုံးလို့ထင်တယ်။) အဲဒီက နည်းနည်းလေး ဆင်းလာတော့ ကားဘီးကျမယ့် နေရာစာလေးတွေကိုချည်း ကွန်ကရစ် လုပ်ထားပြန်တယ်။ ဘယ်သူလှူတာလဲတော့ မသိဘူး။ ရွာရောက်မှ မေးကြည့်ရဦးမယ်။ ပြီးရင် ကိုးကွေ့အဆင်း ရောက်တယ်။ ကိုးကွေ့ဆိုတာ ရွာဘက်ကနေ မြို့ကိုသစ်လုံးကားကြီးတွေ ဆွဲတဲ့ခေတ် ကတည်းက ကားအန္တရယ်များလို့ နာမည် ကြီးတယ်။ တစ်ဖက်မှာ တောင်ကမ်းပါးယံ ကြီး၊ တစ်ဖက်မှာချောက်ကြီး။ အရင်တုန်းက လမ်းက ကားတစ်နေရာစာပဲရှိတာ။ နည်း နည်းလေးမှားတာနဲ့ ချောက်ကြီးထဲအကျပဲ။ အခုတော့ ကမ်းပါးကိုဖဲ့တာရယ် သူ့ဘာသာ ပြိုတာရယ်ဆိုတော့ လမ်းလေး မဆိုစ လောက် ကျယ်လာပြီ။ ကိုးကွေ့ဆင်းလမ်း တောင်ဘက် ကမ်းပါးယံမှာ တောင်စောင့် နတ်နန်းရှိတယ်။ အရင်ကတော့ ပိစိကွေးယိုင် တိုင်တိုင်လေး။ အခုတော့ အုတ်နဲ့ဆောက် ထားပြီး ခန့်ခန့်ညားညားဖြစ်နေပြီ။ အခုဟာ ရွာဘက်အပြန် တောင်အဆင်းမို့ ရွာက အထွက် တောင်အတက်ဆိုရင် မတက်ခင် နတ်စင်မှာ အမွှေးတိုင်၊ ဖယောင်းတိုင်တွေနဲ့ အရင်ပူဇော်ကြတာ။ နတ်စင်ဘေးမှာတော့ အကာမပါ သွပ်မိုး၊ အုတ်ကြမ်းခင်းနဲ့ ဇရပ် တစ်ဆောင် ဆောက်ထားတယ်။ ကိုယ်ကပဲ သတိမမူမိတာလားမသိဘူး။ အဲဒီဇရပ်ကို အခုမှ တွေ့ဖူးတယ်။ ရွာက အလှူရှင်တွေက စတုဒိသာတွေကျွေးရင် ဒီဇရပ်မှာ ကျွေးကြ သတဲ့။ ဘယ်သူလှူတာလဲ၊ ဘယ်တုန်းက လှူတာလဲ မေးကြည့်တော့ ကိုယ်မေးမိတာတွေ က မသိဘူးလို့ ဖြေတဲ့လူတွေချည်းပဲ။ ကိုး ကွေ့ဆင်းပြီးရင်တော့ ရွာရောက်တော့မယ်။ မှောင်လည်းမှောင်ပြီး မိုးကကျနေတော့ ရောက်လည်း ရောက်ချင်လှပြီလေ။ တကယ်တော့လေ ကိုးကွေ့အဆင်းကြီး ဆုံးသွားတာနဲ့ ရွာရောက်သွားသလိုကို ပျော်သွားတာပါပဲ။

၇ နာရီမတ်တင်းလောက်မှ ရွာရောက်တယ်။ ရွာထဲရောက်မှ ဗွက်တွေက ပိုများပြီး လမ်းတွေပိုဆိုး နေသလိုပါလား။ ကားကလည်း အိမ်ပေါက်စေ့ ပစ္စည်းတွေ လိုက်ချနေတော့ ကိုယ်မစောင့်နိုင်တော့ဘူး။ ကားပေါ်ကဆင်းပြီး လမ်းလျှောက်လိုက်တော့တယ်။ ရွာထဲဟိုအိမ်ဝင်သည် လူနှုတ်ဆက်နဲ့ပေါ့။ အမျိုးတွေအိမ်မှာ တအောင့်ဆိုပြီး ဝင်ထိုင်နေတာ။ အမျိုးအိမ်ကလည်း အများသားဆိုတော့ အိမ်ကို ၈ နာရီကျော်လောက်မှ ပြန်ရောက်တယ်။ အိမ်ရောက်ပြီဆိုတာနဲ့ ခရီးလမ်းတစ်လျှောက် ပင်ပန်းတာတွေ ပျောက်တာပဲ။ အဲဒီညက အိပ်မက်ထဲမှာ ကိုယ်လေ ရွာပြန်ချင်ဇောနဲ့ ဒွက်ကျော်ချောင်းကြီးထဲ ဇွတ်ဆင်းကူးသတဲ့။ ကူးသာကူးနေရတာ ဒီဘက်ကမ်းကို မရောက်နိုင်ဘူးဆိုပဲ။      ။

Most Read

Most Recent