■ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ရေပန်းအစားဆုံးပြန်ဖြစ်လာခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် ဟာရီကိန်းနှင့် ဘာပေတို့ အပြိုင်ရေပန်းစားနေ     

■ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ရေပန်းအစားဆုံးပြန်ဖြစ်လာခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် ဟာရီကိန်းနှင့် ဘာပေတို့ အပြိုင်ရေပန်းစားနေ     
Published 28 June 2024

အင်္ဂလန်အသင်းသည် အုပ်စုပွဲစဉ်များအပြီးတွင် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးပြန်ဖြစ်လာခဲ့ကြောင်း သိရသည်။

    

အင်္ဂလန်အသင်းသည် ပြိုင်ပွဲမတိုင်မီကတည်းက ရေပန်းအစားဆုံးဖြစ်ခဲ့သော်လည်း အုပ်စုအဆင့်တွင် ခြေစွမ်းမပြ နိုင်ခဲ့သည့်အတွက် ရေပန်းစားမှု လျော့ကျခဲ့ရသည်။ 

သို့သော် အုပ်စုပွဲစဉ်များအပြီးတွင် ပွဲစဉ်လမ်းကြောင်း ချောင်သွားသည့်အတွက် အင်္ဂလန်အသင်းအနေဖြင့် ရေပန်းအစားဆုံးပြန်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အင်္ဂလန်အသင်း ရေပန်းစားလာရခြင်း၏ အဓိကအချက်မှာ ပြင်သစ်အသင်းကြောင့်ဖြစ်ပြီး ပြင်သစ်အသင်းက အုပ်စုတွင်း ဒုတိယနေရာသာ ရရှိသည့်အတွက် အင်္ဂလန်အသင်း၏ ဗိုလ်လုပွဲလမ်းကြောင်းတွင် မရှိတော့ဘဲ အခြားဘက်လမ်းကြောင်းသို့ ရောက်ရှိသွားခဲ့သည်။ 

ပြင်သစ်အသင်းသည် စပိန်၊ ဂျာမနီ၊ ပေါ်တူဂီ၊ ဘယ်လ် ဂျီယံတို့လမ်းကြောင်းသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လမ်းကြောင်းမှာ ဗိုလ်လုပွဲသို့ရောက်ရှိရန် ထိပ်သီးအသင်းများစွာ အပြိုင်လုရမည့်အခြေအနေ ဖြစ်သွားခဲ့သည်။ 

အင်္ဂလန်အသင်း၏ လမ်းကြောင်းဘက်တွင်မူ ထိပ်သီးအသင်းများထဲမှ အီတလီနှင့် နယ်သာလန်တို့သာ ရှိနေသည်။ ထို့ကြောင့် အင်္ဂလန်အသင်းအနေဖြင့် ဗိုလ်လုပွဲရောက်ရှိရန် အလေးပေးမှုနှင့် ဗိုလ်စွဲရန် အလေးပေးမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    

ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားမှုတွင်မူ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနှင့် ပြင်သစ်တိုက်စစ်မှူး ဘာပေတို့က အပြိုင်ဖြစ်နေကြောင်း သိရသည်။ 

၎င်းတို့နှစ်ဦးသည် လက်ရှိ အချိန်၌ (၁)ဂိုးစီသာ သွင်းယူထားနိုင်သေးသော်လည်း (၃)ဂိုး သွင်းယူထားသည့် ကစားသမားနှင့် (၂)ဂိုးသွင်းယူထားသည့် ကစားသမားများကို ကျော်ကာ ရေပန်းအစားဆုံးဖြစ်နေခြင်း ဖြစ်သည်။ 

ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်များကို ဇွန်(၂၉၊ ၃၀)၊ ဇူလိုင်(၁၊ ၂)ရက်များတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကွာတားဖိုင်နယ်ကို ဇူလိုင်(၅၊ ၆)၊ ဆီမီးဖိုင် နယ်ကို ဇူလိုင်(၉၊ ၁၀)၊ ဗိုလ်လုပွဲကို ဇူလိုင်(၁၄)တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent