တိုင်ဆန်ဖျူရီနှင့် မကျေပွဲထိုးသတ်ပြီးလျှင် ခရူဆာဝိတ်တန်းတွင် ပြန်လည်ထိုးသတ်ဖွယ်ရှိကြောင်း အူဆိုက် ဝန်ခံ

တိုင်ဆန်ဖျူရီနှင့် မကျေပွဲထိုးသတ်ပြီးလျှင် ခရူဆာဝိတ်တန်းတွင် ပြန်လည်ထိုးသတ်ဖွယ်ရှိကြောင်း အူဆိုက် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 12 June 2024

 

အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ် လေးခုစလုံးရရှိထားသည့် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်က တိုင်ဆန်ဖျူရီနှင့် မကျေပွဲထိုးသတ်ပြီးလျှင် ခရူဆာဝိတ်တန်းတွင် ပြန်လည်ထိုးသတ်ဖွယ်ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

အူဆိုက်သည် မေ ၁၈ ရက်က ဆော်ဒီနိုင်ငံ၌ ကျင်းပသည့် ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ်ပေါင်းစည်းပွဲတွင် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီကို အမှတ်ဖြင့် အနိုင်ယူကာ WBA (Super) ၊ IBF နှင့် WBO ခါးပတ် များ ကာကွယ်နိုင်ခဲ့သလို WBC ခါးပတ်ကိုပါ လွှဲပြောင်းရယူနိုင်ခဲ့ပြီး ဟဲဗီးဝိတ်တန်းတွင် ခါးပတ်လေးခုစလုံးရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသည်။ 

အူဆိုက်သည် ခရူဆာဝိတ်တန်းတွင်လည်း WBA (Super) ၊ WBC ၊ IBF ၊ WBO စသည့် အငြင်းပွားဖွယ်မရှိ ချန်ပီယံခါးပတ်လေးခုစလုံး ရရှိထားသူဖြစ်သည်။

အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ အူဆိုက်က "မကျေပွဲပြီးရင် ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ခရူဆာဝိတ်အတွက် ကျွန်တော် အလေးချိန်လျှော့ရတော့မှာပါ။  ခရူဆာဝိတ်မှာ ကျွန်တော် ထပ်ပြီးထိုးချင်သေးတယ်။ ခရူဆာဝိတ်မှာ ဒုတိယအကြိမ် အငြင်းပွားဖွယ်မရှိချန်ပီယံ ကျွန်တော်ထပ်ဖြစ်နိုင်ပါသေးတယ်။ အဲဒါက ကျွန်တော့်အစီအစဉ်ပဲ။ ဟဲဗီးဝိတ်အတွက် လေ့ကျင့်ရေးစခန်းမှာ ပြင်ဆင်မှုစတင်တဲ့အခါ ကျွန်တော် တစ်ချိန်လုံး စားနေရတယ်။ ကျွန်တော့်အတွက် အဲဒါက ခက်ခဲပါတယ်။ အဲဒါကို ကျွန်တော်မကြိုက်ပါဘူး" ဟု ပြောကြားခဲ့သည်။

အူဆိုက်သည် တိုင်ဆန်ဖျူရီနှင့်ထိုးသတ်သည့်ပွဲတွင် ကိုယ်အလေးချိန် ၂၂၄ ပေါင်ရှိပြီး ၎င်းအတွက် ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံး ကိုယ်အလေးချိန်ဖြစ်ခဲ့သည်။ အူဆိုက်နှင့် တိုင်ဆန်ဖျူရီတို့၏ မကျေပွဲကို ဒီဇင် ဘာ ၂၁ ရက်တွင် ဆော်ဒီနိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး ကျင်းပမည့်နေရာကိုမူ အတည်မပြုရသေးကြောင်း သိရသည်။

Most Read

Most Recent