၂၀၃၀ ရာပြည့်ကမ္ဘာ့ဖလားအတွက် စပိန်တွင် ကွင်း (၁၁)ကွင်းအသင့်ဖြစ်နေပြီး ဘာနေဗျူးကွင်းတွင် ဗိုလ်လုပွဲကျင်းပရန် FIFA နှင့် ဆွေးနွေးမှုများပြုလုပ်နေ

၂၀၃၀ ရာပြည့်ကမ္ဘာ့ဖလားအတွက် စပိန်တွင် ကွင်း (၁၁)ကွင်းအသင့်ဖြစ်နေပြီး ဘာနေဗျူးကွင်းတွင် ဗိုလ်လုပွဲကျင်းပရန် FIFA နှင့် ဆွေးနွေးမှုများပြုလုပ်နေ
Photos: X
Photos: X
Published 27 June 2024

စပိန်နိုင်ငံသည် ၂၀၃၀ ရာပြည့် ကမ္ဘာ့ဖလားအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက်ဘောလုံးကွင်း (၁၁) ကွင်းအသင့်ဖြစ်နေပြီး ရီးယဲလ်မက်ဒရစ်အသင်း၏ ဘာနေဗျူးကွင်းတွင် ဗိုလ်လုပွဲကို လက်ခံကျင်းပသွားရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။

၁၉၃၀ တွင် စတင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား (ယခင်ဂျူးရီမက်ဖလား)ပြိုင်ပွဲကို လာမည့် ၂၀၃၀ တွင် ရာပြည့်ပြိုင်ပွဲအဖြစ် ခမ်းနားစွာကျင်းပသွားရန်တာဝန်ရှိသူများက စီစဉ်ထားပြီး မော်ရိုကို၊ ပေါ်တူဂီနှင့် စပိန်တို့မှ ပူးတွဲအိမ်ရှင်များအဖြစ်လက်ခံကျင်းပသွားမည်ဖြစ်သလို၊ ရာပြည့်အထိမ်းအမှတ်အနေဖြင့် တောင်အမေရိကတိုက်မှ အာဂျင်တီးနား၊ ပါရာဂွေးနှင့် ဥရုဂွေးနိုင်ငံများတွင်လည်း ပွဲစဉ် (၁)  ပွဲစီကျင်းပသွားမည်ဖြစ်သည်။

FIFA သည် ကမ္ဘာ့ဖလားအား စတင်ကျင်းပသည့် တောင်အမေရိကတိုက်ကိုဂုဏ်ပြုသည့်အနေဖြင့် ရာပြည့်ပွဲစဉ်တစ်ပွဲစီကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တိုက်ဒေသ (၆)ခုမှ အသင်းပေါင်း (၄၈) သင်းပါဝင်ယှဉ်ပြိုင်ကစားမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီနှင့် စပိန်တို့ကသာ အဓိကအိမ်ရှင်နိုင်ငံများအဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်ပြီး စပိန်မှ ကွင်း (၁၁)ကွင်းဖြင့် ပွဲစဉ်အများဆုံးလက်ခံကျင်းပသွားမည်ဖြစ်ကာ မော်ရိုကိုမှ (၆) ကွင်း၊ ပေါ်တူဂီမှ (၃) ကွင်းတို့ဖြင့် အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိတွင် စပိန်အားကစားတာဝန်ရှိသူများနှင့် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)တာဝန်ရှိသူများက မိမိတို့အနေဖြင့် ၂၀၃၀ ကမ္ဘာ့ဖလားအတွက် ကွင်း (၁၁)ကွင်းကို အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အဓိကအကျ ဆုံးအဖြစ် ဘာနေဗျူးကွင်းတွင် ရာပြည့်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို လက်ခံကျင်းပသွားရန်လည်း ဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရသည်။

အစောပိုင်း ထွက်ပေါ်ခဲ့သည့် သတင်းများအရ ၂၀၃၀ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်ဖြစ်သည့် မော်ရိုကိုနိုင်ငံမှာလည်း ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရန်အတွက် ပရိသတ် (၁၂၀၀၀၀)ဝင်ဆံ့မည့် ကွင်းသစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျက်ရှိနေသော်လည်း FIFA မှ ဘာနေဗျူးကိုသာ ရွေးချယ်ရန် စီစဉ်ထားပြီးဖြစ်ကြောင်းသိရသည်။

ရီးယဲလ်မက်ဒရစ်အသင်း၏ အိမ်ကွင်းဘာနေဗျူးသည် စပိန်နိုင်ငံတွင်သာမက ဥရောပ၏ အစဉ်အလာအကြီးမားဆုံးနှင့် အခမ်းနားဆုံးကွင်းများထဲတွင် ထိပ်ဆုံးမှပါဝင်နေသည့်ကွင်းဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကမှ နောက်ဆုံးအကြိမ်ပြင်ဆင်မှု များအပြီး တစ်ကျော့ပြန်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပရိသတ် (၈၀၀၀၀)ကျော်ဝင်ဆံ့သည့် ဘာနေဗျူးကွင်းသည် နောက်ဆုံးပေါ်နည်းပညာများ ထည့်သွင်းတည်ဆောက်ထားသည့် အဆင့်အမြင့်ဆုံးဘောလုံးကွင်းအဖြစ်လည်း သတ်မှတ်ခံထားရကြောင်း သိရသည်။

ထို့ပြင် ဘာနေဗျူးသည် စပိန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၁၉၈၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အီတလီ (၃-၁) အနောက်ဂျာမနီပွဲစဉ်ကိုလည်း လက်ခံကျင်းပခဲ့ဖူးသလို၊ ယူရို-၁၉၆၄ ဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) ဗိုလ်လုပွဲ (၄ ကြိမ်)အစရှိသည့် အခမ်းနားဆုံးပွဲစဉ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

၂၀၃၀ ကမ္ဘာ့ဖလားကို ဇွန် (၈)ရက်နေ့မှ ဇူလိုင် (၂၁) ရက်နေ့အထိ (၄၃) ရက်ကြာကျင်းပသွားမည်ဖြစ်သည်။

Most Read

Most Recent