၆၃ ကြိမ်မြောက် ထီဖွင့်ပွဲတွင် အက္ခရာ ကိုးလုံးဖြင့် ထီလက်မှတ်များ ထုတ်ဝေခဲ့ကာ ထီစာအုပ် ၅၅၂၂၇၆ အုပ်အား ရောင်းချနိုင်ခဲ့

၆၃ ကြိမ်မြောက် ထီဖွင့်ပွဲတွင် အက္ခရာ ကိုးလုံးဖြင့် ထီလက်မှတ်များ ထုတ်ဝေခဲ့ကာ ထီစာအုပ် ၅၅၂၂၇၆ အုပ်အား ရောင်းချနိုင်ခဲ့
Published 31 May 2024

၆၃ ကြိမ်မြောက် ထီဖွင့်ပွဲတွင် အက္ခရာ ကိုးလုံးဖြင့် ထီလက်မှတ်များ ထုတ်ဝေခဲ့ကာ ထီစာအုပ် ၅၅၂၂၇၆ အုပ်အား ရောင်းချနိုင်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်တွင် ကျင်းပသည့် ၆၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် စျ ထိ စုစုပေါင်းအက္ခရာ ကိုးလုံးမှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် ၅၅၂၂၇၆ အုပ်အား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၅၅၂၂ ဒသမ ၇၆၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၃၈၆၅ ဒသမ ၉၃၂ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၅၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀၀၀၀ ဆု၊ ကျပ်တစ်သောင်းဆု ၁၀၀၀၀၀ စသည့်ဆုမဲများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ် ၁၀ သိန်း လေးဆု၊ ကျပ်သုံးသိန်းဆု ၂၀ ဆု၊ ကျပ်နှစ်သိန်းဆု ၂၀၀ နှင့် ကျပ်တစ်သိန်း ၂၀၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ၆၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်တွင် သီးခြားခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များကို မေ ၃၀ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိ ရောင်းချပေးခဲ့ကာ အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းချရငွေအပေါ်မှ ရာခိုင်နှုန်း ၇၀ အား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၆၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ဇွန် ၁ ရက် စနေနေ့ နံနက် နာရီအချိန်တွင်လည်းကောင်း၊ အောင်ဘာလေအွန်လိုင်းသိန်းဆုဖွင့်ပွဲကို နံနက် ၁၀ နာရီတွင်လည်းကောင်း ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent