ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် တစ်ရက်လျှင် နှစ်နာရီသာ လျှပ်စစ်မီးရရှိ

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် တစ်ရက်လျှင် နှစ်နာရီသာ လျှပ်စစ်မီးရရှိ
Published 21 May 2024

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် တစ်ရက်လျှင် နှစ်နာရီသာ လျှပ်စစ်မီးရရှိတော့ကြောင်း စက်မှုဇုန်များတွင် နေထိုင်သူများထံမှ သိရသည်။

“မနေ့ကစပြီး လျှပ်စစ်တာဝန်ရှိသူတွေက ပြောသွားတယ်။ မနက် ၅ နာရီကနေ ၇ နာရီအထိပဲ မီးပေးတော့မယ်ပြောသွားတယ်။ တကယ်လည်း နှစ်နာရီပဲရတော့တယ်” ဟု သာကေတမြို့နယ် စက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက “ဟုတ်ပါတယ်။ တစ်ရက်ကို နှစ်နာရီပဲ ပေးတော့မှာပါ။ ဘယ်အချိန်ကျမှ အချိန်ထပ်တိုးပြီး ပေးမလဲတော့ မသိရသေးပါဘူး” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် ယခင်က တစ်ရက်လျှင် လျှပ်စစ်မီး ၄ နာရီရရှိခဲ့ပြီး မေ ၂၀ ရက်မှ စတင်ကာ တစ်ရက်လျှင် နှစ်နာရီသာ လျှပ်စစ်မီးပေးတော့ခြင်းဖြစ်သည်။

လူနေရပ်ကွက်များတွင် လျှပ်စစ်မီး သုံးစွဲမှုများလာခြင်းကြောင့် စက်မှုဇုန်များတွင် တစ်ရက်လျှင် နှစ်နာရီသာပေးတော့ခြင်းဖြစ်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဦးကျော်သူက ဘီဘီစီသို့ ပြောကြားထားသည်။

“လုပ်ငန်းလုပ်ဖို့တော့ လတ်တလောတော့ မပေးနိုင်သေးဘူးပေါ့။ ပြည်သူက သိပ်ပူနေတဲ့အချိန်ဆိုတော့ ပြည်သူကိုပေးဖို့ဆိုပြီး ခဏရပ်ထားတာ” ဟု ဦးကျော်သူက ပြောကြားထားသည်။

ယင်းသို့ လျှပ်စစ်မီးလုံလောက်စွာမရရှိသဖြင့် စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းလည်ပတ်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး မီးစက်မောင်းရန် ဒီဇယ်ဆီဖိုး ကုန်ကျမှုပိုများလာတော့မည်ဖြစ်ကြောင်း စက်မှုဇုန်များတွင် နေထိုင်သူများထံမှ သိရသည်။

“ဆီဖိုးက ပိုကုန်လာတော့မယ်။ မီးရတဲ့အချိန်က မနက် ၅ နာရီကနေ ၇ နာရီအထိပဲရတော့တာဆိုတော့ အဲဒီအချိန်က အလုပ်တွေမလည်ပတ်သေးဘူးလေ။ အလုပ်စလုပ်တဲ့အချိန်ကတည်းက မီးစက်မောင်းရပြီဆိုတော့ သိပ်အဆင်မပြေတော့ဘူး။ အရင်က လေးနာရီလောက်ရပေမယ့်လည်း ရတဲ့အချိန် မီးပြတ်တာက လည်းရှိသေးတယ်” ဟု သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent