နိုင်ငံခြားကစားသမားစည်းမျဉ်းပြောင်းလဲပြီးနောက် ယခုနွေတွင် ဥရောပမှ ထိပ်တန်းကစားသမားများကို ဆော်ဒီပရိုလိဂ်ကလပ်များ ပိုမိုခေါ်ယူဖွယ်ရှိ

နိုင်ငံခြားကစားသမားစည်းမျဉ်းပြောင်းလဲပြီးနောက် ယခုနွေတွင် ဥရောပမှ ထိပ်တန်းကစားသမားများကို ဆော်ဒီပရိုလိဂ်ကလပ်များ ပိုမိုခေါ်ယူဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 30 May 2024

ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် နိုင်ငံခြားကစားသမားစည်းမျဉ်းကို ပြောင်းလဲပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဥရောပတွင် ကစားနေကြသည့် ထိပ်တန်းကစားသမားများကို ပိုမိုခေါ်ယူဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

၂၀၂၃-၂၄ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ မေလ (၂၇) ရက်(တနင်္လာနေ့)က ပိတ်သိမ်းခဲ့ပြီး နေမာ၊ မီလင်ကိုဗစ်၊ ကူလီဘာလီ၊ ဘိုနူတို့ ကစားနေသည့် အယ်လ်ဟီလာအသင်းက စီရော်နယ်လ်ဒို၊ မာနေးတို့ ကစားနေသည့် အယ်လ်နာဆာအသင်းကို (၁၄) မှတ်ဖြတ်ကာ ချန်ပီယံဆု ရရှိခဲ့သည်။

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလများတွင် ကမ္ဘာ့ထိပ်တန်းကစားသမားများကို ခေါ်ယူခြင်းဖြင့် ဘောလုံးလောကတွင် ပရိသတ်များ၏ အာရုံစိုက်ခြင်းကို ရရှိခဲ့သည်။

ဆော်ဒီပရိုလိဂ်အနေဖြင့် လာမည့် ၂၀၂၄-၂၅ ရာသီအတွက် နိုင်ငံခြားကစားသမားခေါ်ယူခွင့်ကို တိုးမြှင့်ခွင့့်ပြုလိုက်သည့်အတွက် ယခုနွေတွင် ထိပ်တန်းအပြောင်းအရွှေ့များကို ပိုမိုမြင်တွေ့ရဖွယ်ရှိနေကြောင်း မီဒီယာများက သုံးသပ်နေကြသည်။

ဆော်ဒီပရိုလိဂ်သည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် လာမည့်ရာသီအတွက် နိုင်ငံခြားကစားသမားများကို တိုးမြှင့်ခေါ်ယူနိုင်ရန် စည်းမျဉ်းပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဆော်ဒီပရိုလိဂ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် နိုင်ငံခြားကစားသမား (၈)ဦးသာ အသင်းလူစာရင်းတွင် စာရင်းသွင်းခွင့်ပြုခဲ့သော်လည်း လာမည့်ရာသီတွင် နိုင်ငံခြားကစားသမား (၁၀)ဦးအထိ စာရင်းသွင်းခွင့်ရမည်ဖြစ်သည်။

ယင်းနိုင်ငံခြား (၁၀)ဦးတွင် (၈) ဦးကို အသက်ကန့်သတ်ချက်မရှိဘဲ ခေါ်ယူနိုင်သော်လည်း (၂)ဦးမှာမူ ၂၀၀၃ ခုနှစ်နှင့်နောက်ပိုင်း မွေးဖွားသူများကိုခေါ်ယူခွင့်ရရှိမည်ဖြစ်သည်။

ဆော်ဒီပရိုလိဂ်ကလပ်များသည် ပြီးခဲ့သည့်အပြောင်းအရွှေ့စျေးကွက်များတွင် ဥရောပတွင် ကစားနေကြသည့် ထိပ်တန်းကစားသမားများစွာကိုခေါ်ယူခဲ့ကြပြီး စည်းမျဉ်းသစ်ကြောင့် ယခုနွေတွင် ပိုမိုခေါ်ယူလာဖွယ်ရှိကြောင်း သိရသည်။

၂၀၂၄ ဆော်ဒီပရိုလိဂ် နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဇူလိုင် (၁)ရက်မှ စတင်ကာ စက်တင်ဘာ (၇) ရက်တွင် ပိတ်သိမ်းဖွယ်ရှိကြောင်း သိရသည်။

ဆော်ဒီပရိုလိဂ်ကလပ်များသည် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်အတွက် ယခုကတည်းက လှုပ်ရှားမှုများ ပြုလုပ်နေပြီး ပရီးမီးယားလိဂ်နာမည်ကျော်ဂိုးသမားဖြစ်သည့် မန်စီးတီးဂိုးသမား အီဒါဆန်နှင့် လီဗာပူးလ်ဂိုးသမား အယ်လစ် ဆန်တို့ကို ခေါ်ယူရန်ပစ်မှတ်ထားနေသည်။

ထို့ပြင် ဆော်ဒီပရိုလိဂ်ကလပ်များသည် ဆာလာနှင့် ဒီဘရိုင်းနားတို့လို နာမည်ကျော်များကို ခေါ်ယူလိုနေကြောင်း သိရှိရသည်။ 

Most Read

Most Recent