တောင်ငူမြို့တွင် ၄၄၆ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြီး ကဆုန်လပြည့်နေ၌ ဘုရားဖူးလာရောက်သူများ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကား

တောင်ငူမြို့တွင် ၄၄၆ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြီး ကဆုန်လပြည့်နေ၌ ဘုရားဖူးလာရောက်သူများ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကား
Published 22 May 2024

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၄၄၆ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပလျက်ရှိပြီး ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၂၂ ရက်၌ တောင်ငူမြို့သို့ ဘုရားဖူးလာရောက်ကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

တောင်ငူမြို့သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်အား နှစ်စဉ်ကဆုန်လရောက်တိုင်း ရက်ရှည်ပွဲတော်အဖြစ် ကျင်းပခဲ့ကြရာ ယခုနှစ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်နေ့၌ ၄၄၆ နှစ်မြောက် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော်ရက်အား ကဆုန်လပြည့်နေ့မတိုင်မီ ၇ ရက်နှင့် လပြည့်ကျော် ၇ ရက်အထိ သတ်မှတ်ကျင်းပလေ့ရှိပြီး တောင်ငူရွှေဆံတော်ဘုရားပွဲတော်မှာ အောက်မြန်မာပြည်ဘုရားပွဲတော်များအနက် မိုးကာလမဝင်မှီ နောက်ဆုံးကျင်းပသော အထင်ကရဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

အောက်မြန်မာပြည်ဘုရားပွဲတော်များအနက် နောက်ဆုံးကျင်းပသော ဘုရားပွဲတော်ဖြစ်သောကြောင့် နယ်လှည့်စျေးရောင်းကြသော ဆယ့်နှစ်ပွဲစျေးသည် အများအပြား စည်စည်ကားကား လာရောက်ရောင်းချကြသော ဘုရားပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ် တောင်ငူရွှေဆံတော်ဘုရားပွဲတော်ကြီးတွင် စျေးဆိုင်ခန်းပေါင်း ရာကျော်အထိ ခင်းကျင်းရောင်းချကြကာ ပင်လယ်ဓားမြ၊ ချားရဟတ်များ၊ ကလေးကစားကွင်းများ၊ အဝတ်အထည်များ၊ လေဘေးထုပ်များ၊ ဧရာဝတီတိုင်းဒေသထွက် ဖျာမျိုးစုံ၊ ထိုးမုန့်၊ ဟာလဝါမုန့်၊ အညာဒေသထွက် အိမ်သုံးလက်မှုပစ္စည်းများ၊ အညာဒေသ သနပ်ခါးတုံးများနှင့် ဒေသထွက် အစားအသောက် အသီးအနှံအစုံအလင် ခင်းကျင်းရောင်းချကြကြောင်း သိရသည်။

သမိုင်းဝင် ရွှေဆံတော်ဘုရားပွဲတော်ကြီးနှင့်အတူ တောင်ငူမြို့ခံများကလည်း ကဆုန်လပြည့်နေ့တွင် ဘုရားပွဲသို့ လာရောက်လည်ပတ်ကြသူများအား ထမင်းစတုဒိသာကျွေးမွေးခြင်း၊ တောင်ငူမြို့ရှိ သမိုင်းဝင်ဘုရားစေတီများဖြစ်သည့် ကောင်းမှုတော်ဘုရား၊ မြတ်စောညီနောင်ဘုရားကြီးတို့တွင်လည်း အအေးစတုဒိသာကုသိုလ်ပြုခြင်း၊ အဟာရဒါနစတုဒိသာအလှူပြုခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent