မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော် ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းအတွက် ဂိုးထပ်မံသွင်းယူပြီး သွင်းဂိုး ငါးဂိုးရှိလာပြီဖြစ်

မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော် ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းအတွက် ဂိုးထပ်မံသွင်းယူပြီး သွင်းဂိုး ငါးဂိုးရှိလာပြီဖြစ်
Photo: PPCFC
Photo: PPCFC
Published 22 April 2024

မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်သည် ၂၀၂၃-၂၀၂၄ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဖနွမ်းပင်ခရောင်းအသင်းအတွက် ဂိုးထပ်မံသွင်းယူပြီး သွင်းဂိုး ငါးဂိုးရှိလာပြီဖြစ်ကြောင်း သိရသည်။

ဖနွမ်းပင်ခရောင်းအသင်းသည် ပြီးခဲ့သည့် ဧပြီ၂၀ ရက်က  ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်၂၇ အဖြစ် ကီရီဗောင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် နောက်ခံလူ စိုးမိုးကျော်သည် ဖနွမ်းပင်ခရောင်းအသင်း၏ ပွဲထွက်ကစားသမားစာရင်း၌ ပါဝင်ခဲ့ပြီး ပွဲကစားချိန် ၅၁ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို တည်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

စိုးမိုးကျော်သည် နောက်ခံကစားသမားတစ်ဦးဖြစ်သော်လည်း ဖနွမ်းပင်ခရောင်းအသင်းအတွက် ဂိုးများဆက်တိုက်သွင်းယူပေးနေလျက်ရှိပြီး ယခုပွဲစဉ် ၂၇ အပြီးတွင် သွင်းဂိုး ငါးဂိုးအထိ သွင်းယူပေးထားကာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပေးထားကြောင်း သိရသည်။

စိုးမိုးကျော်၏ ဖနွမ်းပင်ခရောင်းအသင်းသည် ပွဲစဉ် ၂၇ အပြီးတွင် ၂၀ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ်(၆၄) မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေသည်။

၂၀၂၃-၂၀၂၄ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး သုံးကျော့စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခု သုံးကျော့အပြီးတွင် ဖာရက်ရှ်အသင်းက ရမှတ် (၆၉) မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး စိုးမိုးကျော်၏ ဖနွမ်းပင်ခရောင်းအသင်းက   ငါးမှတ်အကွာ ရမှတ်(၆၄) မှတ်ဖြင့် ဒုတိယ၊  ဗီဆာခအသင်းက ရမှတ်(၄၄) မှတ်ဖြင့် တတိယ၊ ဘိုရန်ကတ်အသင်းက ရမှတ်(၄၁) မှတ်ဖြင့် စတုတ္ထနေရာတို့တွင် ရပ်တည်ခဲ့သည်။

ပြိုင်ပွဲကျင်းပရေးစည်းမျဉ်းအရ သုံးကျော့အပြီး ထိပ်ဆုံးရပ်တည်မှုရ အသင်းလေးသင်းမှာ ချန်ပီယံဆုအတွက် ပတ်လည်တစ်ကျော့ ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရရှိလာမည့်ရမှတ်များကို လက်ရှိရမှတ်များဖြင့် ဆက်ပေါင်းကာ ဗိုလ်စွဲမည့်အသင်းကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

ထို့ကြောင့် စိုးမိုးကျော်၏ ဖနွမ်းပင်ခရောင်းအသင်းမှာ ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသေးပြီး ထပ်မံကစားရမည့် လေးသင်းပတ်လည်တွင် သုံးပွဲစလုံးအနိုင်ရရှိရန်လိုအပ်နေကြောင်း သိရသည်။

အမှတ်ပေးဇယား တတိယနှင့် စတုတ္ထနေရာတွင် ရပ်တည်နေသည့် အသင်းနှစ်သင်းမှာ အမှတ်မမီတော့သည့်အတွက် ချန်ပီယံဆုကို မျှော်လင့်နိုင်တော့မည်မဟုတ်ဘဲ ထိပ်ဆုံးနှစ်သင်းသာ ချန်ပီယံဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကမ္ဘောဒီးယားထိပ်သီးကလပ် ဖနွမ်းပင်ခရောင်းအသင်းသည် မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော်ကို ယခုရာသီအစတွင် တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွင်း ပြည်ပသို့ ဒုတိယအကြိမ် သွားရောက်ကစားခြင်းဖြစ်သည်။

Most Read

Most Recent