■ ဂျာမနီရဲ့ကိုယ်ပိုင်တန်ဖိုးနဲ့ ဂွါဒီယိုလာ သက်ရောက်မှု     

■ ဂျာမနီရဲ့ကိုယ်ပိုင်တန်ဖိုးနဲ့ ဂွါဒီယိုလာ သက်ရောက်မှု     
Published 22 March 2024
အယ်လ်နီညို

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီလက်ရွေးစင်ကစားသမားဟောင်း ရှဝိုင်းစတိုင်ဂါက  ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလားကျရှုံးမှုတွေအတွက် ဂွါဒီယိုလာမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ဝေဖန်ဖူးခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် ရေဒီယိုတစ်ခုနဲ့ အင်တာဗျူးမှာ ရှဝိုင်းစတိုင်ဂါက ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းကြောင့် ဂျာမနီအသင်းရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ ပျောက်ဆုံးခဲ့ရတယ်လို့ ဝေဖန်ခဲ့တာပါ။ ဒီမှတ်ချက်က ဟုတ်သည်၊ မဟုတ်သည် အပထား ထည့်သွင်းစဉ်းစားစရာတွေတော့ ရှိလာခဲ့ပါတယ်။ ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာက မန်စီးတီးကို မရောက်ခင် ဘိုင်ယန်မြူးနစ်ကို (၃) နှစ်ကြာ တာဝန်ယူခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါက စပိန်လူမျိုး ဂွါဒီယိုလာ လက်အောက်မှာ နှစ်ရာသီကြာ ကစားခဲ့ပြီး ပြည်တွင်းအောင်မြင်မှုတွေ အတူတကွ ရယူခဲ့ဖူးပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီလက်ရွေးစင်ကစားသမားဟောင်း ရှဝိုင်းစတိုင်ဂါက  ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလားကျရှုံးမှုတွေအတွက် ဂွါဒီယိုလာမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ဝေဖန်ဖူးခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် ရေဒီယိုတစ်ခုနဲ့ အင်တာဗျူးမှာ ရှဝိုင်းစတိုင်ဂါက ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းကြောင့် ဂျာမနီအသင်းရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ ပျောက်ဆုံးခဲ့ရတယ်လို့ ဝေဖန်ခဲ့တာပါ။ ဒီမှတ်ချက်က ဟုတ်သည်၊ မဟုတ်သည် အပထား ထည့်သွင်းစဉ်းစားစရာတွေတော့ ရှိလာခဲ့ပါတယ်။ ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာက မန်စီးတီးကို မရောက်ခင် ဘိုင်ယန်မြူးနစ်ကို (၃) နှစ်ကြာ တာဝန်ယူခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါက စပိန်လူမျိုး ဂွါဒီယိုလာ လက်အောက်မှာ နှစ်ရာသီကြာ ကစားခဲ့ပြီး ပြည်တွင်းအောင်မြင်မှုတွေ အတူတကွ ရယူခဲ့ဖူးပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဂွါဒီယိုလာ လက်ထက်မှာ ဘွန်ဒစ်လီဂါဖလား ၃ ကြိမ်၊ ဂျာမန်ဖလား ၂ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ဥရောပအောင်မြင်မှုတော့ မရခဲ့ပါဘူး။ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ၂ ကြိမ်၊ မန်စီးတီးကိုလည်း ချန်ပီယံလိဂ်ရယူပေးခဲ့တဲ့ ဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ၃ ကြိမ် ပို့ ဆောင်ပေးခဲ့ပေမဲ့ ၃ ကြိမ်စလုံး ဗိုလ်လုပွဲ မရောက်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ စပိန်ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ကို အရေးနိမ့်ခဲ့တာပါ။

    

စတိုင်ဂါက ဘိုင်ယန်မြူးနစ်မှာ ဂွါဒီယိုလာနဲ့ နှစ်ရာသီလက်တွဲပြီးနောက် ၂၀၁၅ မှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ တစ်နှစ်အကြာမှာပဲ ဂွါဒီယိုလာက ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ၂၀၁၆ မှာ တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ စတိုင်ဂါက ပရီးမီးယားလိဂ်မှာ တစ်ရာသီပဲ ကစားခဲ့လို့ ဂွါဒီယိုလာနဲ့  ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတာမျိုးတော့ မရှိခဲ့ပါဘူး။ စတိုင်ဂါက ဂျာမနီလက်ရွေးစင်အသင်းရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ ပျောက်ဆုံးခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ ပတ်ဂွါဒီယိုလာကို အပြစ်တင်ရမယ်လို့ ဝေဖန်ပြောကြားခဲ့တာပါ။

    

ဂျာမနီအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားနောက်ပိုင်း အောင်မြင်မှုနဲ့ ဝေးကွာနေပြီး ၂၀၁၈ နဲ့ ၂၀၂၂ ပြိုင်ပွဲနှစ်ခုလုံးမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရပါတယ်။ ဂျာမနီအသင်းက နည်းပြ ယော်ကင်လိုးလက်ထက် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ပြီး အဲဒီအသင်းကို စတိုင်ဂါက အဓိက ကစားသမားအဖြစ် ဦးဆောင်ခဲ့တာပါ။ အဲဒီနောက် ဂျာမနီက ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပေမဲ့ နောက်ပိုင်း အဓိကပြိုင်ပွဲတွေမှာ စိတ်ပျက်စရာတွေပဲ ကြုံခဲ့ရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းက နည်းပြ ယော်ကင်လိုးရဲ့ ကိုင်တွယ်မှုအောက်မှာပဲ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းကို ရှုံးပြီး ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း စပိန်၊ ဂျပန်တို့ပါတဲ့ အုပ်စုမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြင်းမရှိဘဲ အုပ်စုက လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ 

    

အဲဒီကာလတွေအတွင်း ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၂၀ မှာ ချန်ပီယံလိဂ် အပါအဝင် ဖလားသုံးလုံး အောင်မြင်မှုကိုရခဲ့ပြီး ဥရောပကို လွှမ်းမိုးနိုင်ခဲ့ပေမဲ့ ဒီကစားသမားတွေကို အခြေပြုတည်ဆောက်ထားတဲ့ ဂျာမနီအသင်းကတော့ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်မှာ မျက်နှာပန်း မလှခဲ့ပါဘူး။ ယော်ကင်လိုးရဲ့ နေရာကို ဘိုင်ယန်နဲ့ ဖလား ၆ လုံးရခဲ့တဲ့ ဟန်ဆီဖလစ်ခ် ဆက်ခံခဲ့ပေမဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရပါတယ်။ လက်ရှိမှာ ဂျာမနီက အိမ်ရှင်အဖြစ် ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို နည်းပြနာဂယ်စ်မန်းရဲ့ ဦးဆောင်မှုနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။ ဂျာမနီအနေနဲ့ လာမယ့် ပြိုင်ပွဲမှာ အခြေအနေကောင်းပါ့မလား စောင့်ကြည့်ရပါဦးမယ်။ ဒါပေမဲ့ စတိုင်ဂါကတော့ ဂွါဒီယိုလာရဲ့ သက်ရောက်မှုက ဂျာမနီအသင်းအပေါ် ဆက်လက်တည် ရှိနေလိမ့်ဦးမယ်လို့ မှတ်ယူနေဆဲပါ။ လက်ရွေးစင်အသင်းရဲ့ ကျရှုံးမှုတွေအတွက် ဂွါဒီယိုလာမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိနေတယ်လို့ သူက ဆိုပါတယ်။

    

ဒါနဲ့ ပတ်သက်ပြီး စတိုင်ဂါက "ဘိုင်ယန်မြူးနစ်ကို ဂွါဒီယိုလာ ရောက်လာချိန်မှာ ကျွန်တော်တို့က အနီးပေးလို ပုံစံမျိုးနဲ့ပဲ ကစားလိမ့်မယ်လို့ အားလုံးက ယုံကြည်ခဲ့ကြတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့တန်ဖိုးတွေ ပျောက်ဆုံးခဲ့ကြရတယ်။ တခြားနိုင်ငံတွေက ဂျာမနီကို ဖိုက်တာတစ် ယောက်လို့ မြင်ခဲ့ကြတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က အဆုံးသတ်ချိန်အထိ ပြေးလွှားနိုင်ကြတယ်။ ပြီးခဲ့တဲ့ခုနစ်နှစ်၊ ရှစ်နှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့အားသားချက်တွေ ဆုံး ရှုံးခဲ့ရတယ်။ ကျွန်တော်တို့က အဲဒီအားသာချက်တွေကို မေ့သွားပြီး တစ်ဦးနဲ့တစ်ဦးအပြန်အလှန် ကောင်းကောင်းကစားနိုင်ဖို့ ပိုပြီးအာရုံစိုက်ခဲ့ကြတယ်။ အဲဒါက အကြောင်းရင်းတစ်ခုပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

    

လက်ရှိမှာလည်း ဂျာမနီလက်ရွေးစင်အသင်းက နည်းပြ နာဂယ်စ်မန်းလက်အောက်မှာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကိုတည်ဆောက်ဖို့နဲ့ ပြန်လည်ရှာတွေ့ဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ဂျာမနီရဲ့ ယုံ ကြည်မှုက အတော်လေးကို နိမ့်ပါးနေပါတယ်။ ဂျာမနီအသင်းအနေနဲ့ ရှဝိုင်းစတိုင်ဂါ မီးမောင်းထိုးပြတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ ဆွဲဆောင်မှုရှိတဲ့ ကစားဟန်နဲ့ ဘောလုံးကစားနိုင်ဖို့ ပြီးတော့ ဂျာမန်တွေရဲ့ အစဉ်အလာ အားသာချက်တွေကို အသုံးချနိုင်ခြင်းကြားက ချိန်ခွင်လျှာကို ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလို လုပ်နိုင်မှသာ သန်မာတဲ့ ခွန်အားကြီးတဲ့ ဂျာမန်ဘောလုံးကို ဘောလုံးစင်မြင့်ထက်မှာ ပြန်လည် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။