အသင်း၏သမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးအဖြစ် မန်စီးတီးအသင်း စံချိန်တင်နိုင်ခဲ့ကြောင်း Opta ၏ဖော်ပြမှုကို ပြိုင်ဘက်ပရိသတ်အချို့ လှောင်ပြောင်

အသင်း၏သမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးအဖြစ် မန်စီးတီးအသင်း စံချိန်တင်နိုင်ခဲ့ကြောင်း Opta ၏ဖော်ပြမှုကို ပြိုင်ဘက်ပရိသတ်အချို့ လှောင်ပြောင်
Photo : AFP
Photo : AFP
Published 22 April 2024

မန်စီးတီးအသင်းသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အသင်း၏သမိုင်းတစ်လျှောက် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း Opta က ဖော်ပြခဲ့ရာ ပြိုင်ဘက်ပရိသတ်အချို့က လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပြိုင်ပွဲစုံ(၂၉)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမှတ်တမ်းမှာ အသင်း၏ သမိုင်းတစ်လျှောက် အရှည်လျားဆုံး ရှုံးပွဲမရှိမှတ်တမ်းဖြစ်ကြောင်း Opta က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ထားသည့်အတွက် ပရိသတ်အချို့က လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ ပရိသတ်တစ်ဦးက "ဒါဆို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘယ်သူနိုင်သွားတာလဲ"ဟု ရေးသားခဲ့ပြီး ပရိသတ်တစ်ဦးကလည်း "သူတို့ ချန်ပီယံလိဂ်မှာ ရှိနေတုန်းပဲလား"ဟု ရေးသားခဲ့သည်။ အခြားပရိသတ်တစ်ဦးကလည်း "သူတို့ ဆီမီးဖိုင်နယ် ကစားရမှာလား" ဟု လှောင်ပြောင်ခဲ့သည်။

ထို့ကြောင့် Daily Mail က ပယ်နယ်တီအဆုံးအဖြတ်၌ ရှုံးနိမ့်ခြင်းကို ရှုံးပွဲအဖြစ် သတ်မှတ်ခြင်းမရှိကြောင်းနှင့် Opta အနေဖြင့် FIFA ၏ သတ်မှတ်ချက်အတိုင်း မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း  ရှင်းလင်းဖော်ပြခဲ့သည်။ သို့သော် မန်စီးတီးအသင်းကမူ ရီးယဲလ်အား ပယ်နယ်တီအဆုံးအဖြတ်၌ ရှုံးနိမ့်ခဲ့ခြင်းကို ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ ရှုံးပွဲအဖြစ်သာ စာရင်းသွင်းခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၆)ရက်နေ့တွင် ပရီးမီးယားလိဂ်၌ အက်စတွန်ဗီလာအသင်းအား (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၄)လဝန်းကျင်အတွင်း ပြိုင်ပွဲစုံ (၂၉)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ(၂၉)ပွဲ၌ ပရီးမီးယားလိဂ်(၁၇)ပွဲ၊ FA ဖလား(၅)ပွဲ၊ ချန်ပီယံလိဂ်(၅)ပွဲနှင့် ကလပ်ကမ္ဘာ့ဖလား (၂)ပွဲ ပါဝင်ခဲ့ပြီး (၂၃)ပွဲအနိုင်ရကာ(၆)ပွဲသရေကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိပြီး FA ဖလား ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့်အတွက် အသင်း၏သမိုင်းတစ်လျှောက် တတိယအကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲနှစ်ရာသီဆက် တက်ရောက်နိုင်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်း၏ FA ဖလားပြိုင်ပွဲ၌ နှစ်ရာသီဆက် ဗိုလ်လုပွဲတက်ရောက်နိုင်မှုများ မှာ ၁၉၃၂-၃၃ နှင့် ၁၉၃၃-၃၄ ရာသီ၊ ၁၉၅၄-၅၅ နှင့် ၁၉၅၅ -၅၆ ရာသီ၊ ၂၀၂၂-၂၃ နှင့် ၂၀၂၃-၂၄ ရာသီတို့ ဖြစ်ကြောင်း သိရသည်။ သို့သော် မန်စီးတီးအသင်းသည် FA ဖလားချန်ပီယံဆုကို နှစ်ရာသီဆက် ရယူဖူးခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent