ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူလိုပါက မန်စီးတီးအား အနိုင်ကစားရမည်ဖြစ်ပြီး လီဗာပူးလ်မှာ ဂွါဒီယိုလာအတွက် အိပ်မက်ဆိုးဖြစ်ကြောင်း အယ်လ်ဒရစ်ချ်ပြောကြား

ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူလိုပါက မန်စီးတီးအား အနိုင်ကစားရမည်ဖြစ်ပြီး လီဗာပူးလ်မှာ ဂွါဒီယိုလာအတွက် အိပ်မက်ဆိုးဖြစ်ကြောင်း အယ်လ်ဒရစ်ချ်ပြောကြား
Photo: X
Photo: X
Published 7 March 2024

လီဗာပူးလ်ဂန္ထဝင် အယ်လ်ဒရစ်ချ်က အသင်းဟောင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူလိုပါက မန်စီးတီးအသင်းကို အနိုင်ကစားရန် လိုအပ်ကြောင်းနှင့် လီဗာပူးလ်အသင်းမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် အိပ်မက်ဆိုး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အပြီးတွင် လီဗာပူးလ်အသင်းက ရမှတ် (၆၃) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး မန်စီးတီးအသင်းက ရမှတ် (၆၂) မှတ်ဖြင့် အဆင့် (၂) နေရာတွင် ရပ်တည်နေသည်။

၎င်းတို့ (၂) သင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) အဖြစ် မတ်လ (၁၀) ရက်တွင် လီဗာပူးလ်အသင်း၏အိမ်ကွင်း အန်ဖီးလ်တွင် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် လီဗာပူးလ်၊ မန်စီးတီးနှင့် အာဆင်နယ်တို့အပြိုင်ဖြစ်နေပြီး လီဗာပူးလ်-မန်စီးတီးပွဲတွင် အနိုင်ရသည့်အသင်းက အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် အယ်လ်ဒရစ်ချ်က လီဗာပူးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူလိုပါက မန်စီးတီးအသင်းကို အနိုင်ကစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အယ်လ်ဒရစ်ချ်က ''လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင် မန်စီးတီးကို အနိုင်ကစားပြဖို့ လိုပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့အတူ အကောင်းဆုံးအသင်း ဖြစ်ပါတယ်။ အာဆင်နယ်က လည်း အပြိုင်ဖြစ်လာပါပြီ။ လီဗာပူးလ်အနေနဲ့ မန်စီးတီးနဲ့ပွဲမှာ ကိုယ့်အလုပ်ကို လုပ်နိုင်ဖို့ လိုတယ်။ မန်စီးတီးကို ဂိုးမပေးရအောင် ကစားနိုင်မယ်ဆိုရင် လီဗာပူးလ်အနေနဲ့ အနိုင်ရဖို့ဖြစ်နိုင်ပါတယ်။ ဒါက ပြောရတာသာ လွယ်တာပါ''ဟု ဆိုခဲ့သည်။

ထို့ပြင် အယ်လ်ဒရစ်ချ်က လီဗာပူးလ်အသင်းမှာ ဂွါဒီယိုလာအတွက် အဆိုးရွားဆုံးအိပ်မက်ဆိုးဖြစ်ကြောင်းလည်း သုံးသပ်ခဲ့သည်။

''လီဗာပူးလ်က ဂွါဒီယိုလာအတွက် အဆိုးရွားဆုံး အိပ်မက်ဆိုးပါပဲ။ သူဟာ လီဗာပူးလ်အကြောင်းကို တစ်ချိန်လုံးတွေးနေသူပါ။ သူ့အသင်း အရမ်းကောင်းပေမဲ့ လီဗာပူးလ်ကို သူ့ခေါင်းထဲက မထုတ်နိုင်ပါဘူး။ လီဗာပူးလ်အနေနဲ့ အနိုင်ရဖို့ မျှော်လင့်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ 

Most Read

Most Recent