ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲမှ တိုင်ဆန်ဖျူရီ နုတ်ထွက်မည်ကို စိုးရိမ်နေကြောင်း အူဆိုက်၏ ပွဲစီစဉ်သူ ဝန်ခံ

ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲမှ တိုင်ဆန်ဖျူရီ နုတ်ထွက်မည်ကို စိုးရိမ်နေကြောင်း အူဆိုက်၏ ပွဲစီစဉ်သူ ဝန်ခံ
Photo: Daily Mail
Photo: Daily Mail
Published 24 April 2024

 

လာမည့် မေလ ၁၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့၌ ထိုးသတ်ရန် စီစဉ်ထားသည့် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲမှ တိုင်ဆန်ဖျူရီ နုတ်ထွက်မည်ကို စိုးရိမ်နေကြောင်း အိုလက်ဇန္ဒားအူဆိုက်၏ပွဲစီစဉ်သူ အလက်ဇန္ဒားခရက်စ်ယူက ပြောကြားခဲ့သည်။

WBA(Super) ၊ IBF ၊ WBO ချန်ပီယံ အူဆိုက်နှင့် WBC ချန်ပီယံ တိုင်ဆန်ဖျူရီ သည် ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွင်း ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲအတွက် ထိုးသတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ယင်းပွဲကို မူလက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်ရန် ပြင်ဆင်ခဲ့သော်လည်း လေ့ကျင့်ရေးကွင်းတွင် တိုင်ဆန်ဖျူရီ ဒဏ်ရာရသွားခြင်းကြောင့် မေလသို့ ရွှေ့ဆိုင်းခဲ့ရသည့်အပြင် ပြီးခဲ့သည့်သောကြာနေ့ကလည်း ညာဘက်မျက်ခုံးကွဲခဲ့ကြောင်း သူ၏အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 

ယင်းအခြေအနေတွင် အူဆိုက်၏ပွဲစီစဉ်သူ ခရက်စ်ယူက လာမည့်လပွဲ၌ တိုင်ဆန်ဖျူရီ ကြိုးဝိုင်းထဲ ဝင်လာနိုင်မည်လားနှင့်ပတ်သက်ပြီး သံသယရှိနေဆဲဖြစ်ကြောင်း Boxing Scene သို့ ပြောကြားခဲ့သည်။ ထို့ပြင် ခရက်စ်ယူက Gipsy King ဟု အမည်ပြောင် ရသည့် တိုင်ဆန်ဖျူရီနှင့်ထိုးသတ်မည့်ပွဲမှ လေးကြိမ်တိုင် နုတ်ထွက်ထားကြောင်းလည်း ဖွင့်ချခဲ့သည်။ 

ယင်းပွဲသည် ၁၉၉၉ ခုနှစ် မတ်လတွင် လင်းနော့လူးဝစ်က အီဗန်ဒါဟိုလီဖီးကို အနိုင်ယူပြီးနောက် ဟဲဗီးဝိတ်လက်ဝှေ့ လောကတွင် ပထမဆုံးထိုးသတ်မည့် ချန်ပီယံကာကွယ်ပွဲလည်းဖြစ်သည်။ မေလ ၁၈ ရက်ပွဲအတွက် သဘောတူူစာချုပ်တွင် နုတ်ထွက်မည့့်သူသည် လျော်ကြေးအဖြစ် ဒေါ်လာ ၁၀ သန်းပေးရမည့်အချက်ကိုလည်း ထည့်သွင်းထားသည်။ 

ပွဲစီစဉ်သူ ခရက်စ်ယူက ယင်းပွဲမှ တိုင်ဆန်ဖျူရီ နုတ်ထွက်လျှင် IBF စိန်ခေါ်သူ အဆင့်တစ်ဖြစ်သည့် ခရိုးအေးရှားလက်ဝှေ့သမား ဖီးလစ်ဟာဂိုဗစ်နှင့် အစားထိုးရန် စီစဉ်ထားကြောင်း အတည်ပြုခဲ့သည်။

Most Read

Most Recent