ဆီးရီးယားနှင့် ကစားရမည့် ဒုတိယအကျော့ပွဲအတွက် ပထမအကျော့ကထက် ပိုမိုကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း မြန်မာဂိုးသမားကျော်ဇင်ဖြိုးပြော

ဆီးရီးယားနှင့် ကစားရမည့် ဒုတိယအကျော့ပွဲအတွက် ပထမအကျော့ကထက် ပိုမိုကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း မြန်မာဂိုးသမားကျော်ဇင်ဖြိုးပြော
Photo: MFF
Photo: MFF
Published 25 March 2024

မြန်မာ့လက်ရွေးစင်ဂိုးသမားဖြစ်သူ ကျော်ဇင်ဖြိုးက ဆီးရီးယားလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဒုတိယပွဲအတွက် ပထမအကျော့ကထက် ပိုမိုကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကျော်ဇင်ဖြိုးက ''ဒုတိယအကျော့က အဝေးကွင်းသွားကစားရမှာဖြစ်တာကြောင့် ခက်ခဲမှာသေချာပါတယ်။ ပထမအကျော့တုန်းကတော့ အိမ်ကွင်းမှာကစားရတော့ ပရိသတ်အားနဲ့ ကစားနိုင်ခဲ့တာပေါ့။ ဒုတိယအကျော့က ပထမအကျော့ကထက် ပိုခက်ခဲမှာ သေချာပါတယ်။ ကျွန်တော်တို့ ပထမအကျော့ကထက် ပိုမိုကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၄) အဖြစ် မတ် ၂ရရက်၊ မြန်မာစံတော်ချိန် နံနက် (၁) နာရီခွဲ (ဒေသစံတော်ချိန် မတ် ၂၆ ရက် ည ၁၀ နာရီ) တွင် ဆော်ဒီအာရေဗျနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယားလက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် မတ် (၂၁)ရက်က ရန်ကုန်မြို့တွင် ပထမအကျော့ယှဉ်ပြိုင်ကစားခဲ့ရာ အရှုံးအနိုင်မပေါ်ဘဲ တစ်ဂိုးစီသရေကျခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့မှာ သမိုင်းတစ်လျှောက် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး ပထမအကျော့တွင် သရေရလဒ်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စု (B) ၌ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့နှင့် ကျရောက်နေလျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိအုပ်စုတွင်း သုံးပွဲပွဲကစားအပြီး တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားပြီး တစ်မှတ်ရရှိထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုတွင်း၌ ဂျပန်အသင်းကို အဝေးကွင်း၌ (၀-၅) ဂိုး၊ မြောက်ကိုရီးယားအသင်းကို အိမ်ကွင်း၌ (၁-၆) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆီးရီးယားလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် အုပ်စုတွင်းနှစ်ပွဲအတွက် ပြီးခဲ့သည့် မတ် ၁၁ ရက်ကတည်းက ပဏာမကစားသမား ၃၅ ဦးဖြင့် စတင်လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွန်ဘိုင်နာသည် ဆီးရီးယားအသင်းနှင့်ကစားရမည့် အိမ်ကွင်းပထမအကျော့အတွက် ကစားသမား ၂၃ ဦး ရွေးချယ်ခဲ့ပြီး ယခုကစားရမည့် ဒုတိယအကျော့အတွက် ၂၂ ဦးသာ ခေါ်ဆောင်သွားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆီးရီးယားအသင်းနှင့်ကစားရမည့်ပွဲများအတွက် ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ကစားခဲ့သည့် လေ့ကျင့်ရေးခြေစမ်းပွဲများတွင် သစ္စာအားမာန်အသင်းကို (၄-၂) ဂိုး၊ မြဝတီအသင်းကို(၄-၂) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး အားကာသိပ္ပံအသင်းနှင့်(၁-၁) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent