အီတလီဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအား စာချုပ်သစ် ချုပ်ဆိုရန် အာဆင်နယ်အသင်း စီစဉ်

အီတလီဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအား စာချုပ်သစ် ချုပ်ဆိုရန် အာဆင်နယ်အသင်း စီစဉ်
Photo: Sky Sports
Photo: Sky Sports
Published 2 March 2024

 

အာဆင်နယ်အသင်းသည် အသင်း၏ အီတလီဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်းနှင့် ချုပ်ဆိုထားသည့် အသက် ၃၂ နှစ်အရွယ်ရှိ ဂျော်ဂျင်ဟို ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ဂျော်ဂျင်ဟိုသည် ယခုရာသီတွင် အာဆင်နယ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။ သို့သော် ၎င်းသည် နောက်ပိုင်းပွဲစဉ်များတွင် အာဆင်နယ်အသင်းအတွက် ပြန်လည်ကစားခွင့်ရနေပြီး ခြေစွမ်းပြနေသူဖြစ်သည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းသည် ၎င်းကို အသင်းတွင် ဆက်လက်ထိန်းထားရန်အတွက် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ အာဆင်နယ်အသင်းနည်းပြ အာတီတာ ကလည်း အသင်းတွင် ဂျော်ဂျင်ဟို ရှိနေသည့် အတွက် ပျော်ရွှင်ကြောင်း ပြောကြားထားသည်။ 

အာတီတာက "အသင်းမှာ သူ ရှိနေတာကြောင့် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါက ကျွန်တော် ပြောနိုင်တာ အကုန်ပါပဲ။ အသင်းအတွက် သူ ဘာတွေ လုပ်ပေးနိုင်တယ်၊ ဘာတွေ ယူဆောင်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ တွေးကြည့်လို့ ရပါတယ်။ သူ ဟာ ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုကောင်းအောင် လုပ်နိုင်သူပါ။ ကစားသမားစာချုပ်ကိစ္စတွေကတော့ အသင်းအားကစားဒါရိုက်တာ အီဒူးနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ ဂျော်ဂျင်ဟိုက ကျွန်တော်တို့အသင်းအတွက် သက်ရောက်မှု ကြီးမားသူပါ"ဟု ပြောကြားခဲ့သည်။ 

ဂျော်ဂျင်ဟိုသည် ၂၀၂၂ တွင် ချယ်လ်ဆီးမှ အာဆင်နယ်သို့ ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် အာဆင်နယ်အတွက် ယခုရာသီပြိုင်ပွဲစုံ ၂၅ ပွဲတွင် တစ်ဂိုးသွင်းကာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ထားသည်။ 

Most Read

Most Recent