လာမည့်(၁)နှစ်၊ (၂)နှစ်အတွင်း စီရော်နယ်လ်ဒို အနားယူမည်ဟု ၎င်း၏အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ် ပြောကြား

လာမည့်(၁)နှစ်၊ (၂)နှစ်အတွင်း စီရော်နယ်လ်ဒို အနားယူမည်ဟု ၎င်း၏အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ် ပြောကြား
Photo: X
Photo: X
Published 4 March 2024

အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်က စီရော်နယ်လ်ဒိုသည် လာမည့် (၁)နှစ်၊ (၂)နှစ်အတွင်း ကစားသမားဘဝမှ အနားယူတော့မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျော်ဂျီနာရိုဒရီဂွက်ဇ်သည် ပါရီဖက်ရှင်ပွဲတော်သို့ ရောက်ရှိနေစဉ်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းသည် အဆိုပါဖက်ရှင်ပြပွဲ၌ စီရော်နယ်လ်ဒို၏ မန်ယူအသင်းဝတ်စုံအား ဆန်းသစ်ဖန်တီးထားသည့် အနီရောင် ဂါဝန်ရှည်ကိုလည်း ဝတ်ဆင်ပြသခဲ့သည်။

အကျႌရင်ဘတ်တွင် စီရော်နယ်လ်ဒို၏အမည်နှင့် ကျောနံပါတ် (၇)လည်း ပါဝင်ခဲ့သည်။

ထို့ပြင် စီရော်နယ်လ်ဒို ရေးသားထားသည့်''For the love of my life, Gio'' ဟူသည့် စာသားနှင့် စီရော်နယ်လ်ဒို၏ လက်မှတ်လည်း ပါဝင်ခဲ့သည်။

အဆိုပါဖက်ရှင်ပွဲ၌ စီရော်နယ်လ်ဒို အနားယူမည့် အချိန်နှင့်ပတ်သက်၍ မေးမြန်းမှုကို ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ''တစ်နှစ်အတွင်း အဆုံးသတ်နိုင်ပါတယ်။ ဒါမှမဟုတ် (၂)နှစ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မ မသိပါဘူး''ဟု ပြောကြားခဲ့သည်။

၎င်းက မသေချာသေးသည့်သဘော ပြောကြားခဲ့သော်လည်း မီဒီယာအချို့ကမူ စီရော်နယ်ဒိုအနေဖြင့် အနားယူမည့်အချိန်နှင့် ပတ်သက်ပြီး မိသားစုနှင့် ဆွေးနွေးတိုင်ပင်ထားပြီးဖြစ်သောကြောင့် ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ဖော်ပြခဲ့ကြသည်။

လက်ရှိအချိန်၌ အသက်(၃၉)နှစ်ရှိပြီဖြစ်သော စီရော်နယ်လ်ဒိုသည် အသက်(၄၀)ကျော်သည်အထိ ဘောလုံးကစားရန် ဆန္ဒရှိနေသလို၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိနေသည်။

သို့သော် ၎င်း၏ ခြေစွမ်းအနေအထားအပေါ်မူတည်၍ ဆုံးဖြတ်ဖွယ်ရှိရာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ၎င်း၏နောက်ဆုံးပြိုင်ပွဲဖြစ်သွားနိုင်ကြောင်းလည်း သိရသည်။

Most Read

Most Recent