ကစားသမားများ တိုက်ခိုက်ခံရသည့်ဖြစ်ရပ်ကြောင့် တူရကီစူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ရန် ဖီနာဘာချီအသင်း စဉ်းစားနေပြီး ဧပြီလ ၂ ရက်တွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်

ကစားသမားများ တိုက်ခိုက်ခံရသည့်ဖြစ်ရပ်ကြောင့် တူရကီစူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ရန် ဖီနာဘာချီအသင်း စဉ်းစားနေပြီး ဧပြီလ ၂ ရက်တွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်
Photo: AFP
Photo: AFP
Published 20 March 2024

 

ကစားသမားများ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်ကြောင့် တူရကီစူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ရန် ဖီနာဘာချီအသင်း စဉ်းစားနေပြီး ဧပြီလ ၂ ရက်တွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖီနာဘာချီဒါရိုက်တာဘုတ်အဖွဲ့သည် မတ်လ ၁၈ ရက်တွင် ယင်းဖြစ်ရပ်အပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ထဲတွင် ယင်းတိုက်ခိုက်ခံရသည့်ဖြစ်စဉ်အား နောက်ဆက်တွဲအရေးယူမှုအပေါ် မူတည်ကာ စူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ချက်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက အဆိုပါဖြစ်ရပ်အား ပြစ်တင်ရှုတ်ချခဲ့ပြီး တူရကီစူပါလိဂ်ပြိုင်ပွဲတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများသည် လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။ 

တူရကီစူပါလိဂ် ပွဲစဉ် ၃၀ အဖြစ် မတ် ၁၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ထရတ်ဇွန်စပေါ်-ဖီနာဘာချီပွဲအပြီးတွင် အိမ်ရှင်အသင်းပရိသတ်များက ကွင်းအတွင်းသို့ ဝင်ရောက်၍ ဖီနာဘာချီကစားသမားများအား တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းပွဲ တွင် ဧည့်သည် ဖီနာဘာချီအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဖီနာဘာချီအသင်းအတွက် အနိုင်ဂိုးကို ဘတ်ရှူအာယီ သွင်းယူပြီး နောက် တင်းမာမှုများ စတင်ဖြစ်ပေါ်လာပြီး ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထု များဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ပွဲအပြီးတွင် ဖီနာဘာချီအသင်းကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ ကွင်းလယ်စက်ဝိုင်းအတွင်း စုဝေးအောင်ပွဲခံနေစဉ် မျက်နှာဖုံးစွပ်ထားသည့် ပရိသတ်တစ်ဦး စတင်ပြေးဝင်လာခဲ့သည်။ ၎င်းအား လုံခြုံရေးများက တားဆီးနိုင်ခြင်းမရှိသဖြင့် ဖီနာဘာချီကစားသမားများအနီးသို့ ရောက်ရှိလာပြီး တိုက်ခိုက်မည့်ပုံစံ ပြုလုပ်နေသောကြောင့် ဖီနာဘာချီအသင်းနောက်ခံလူ ဘရိုက်အိုဆာယီဆမ်မြူရယ်က တုံ့ပြန်ထိုးကြိတ်ခဲ့သည်။ ယင်းအခြေအနေတွင် ပွဲကြည့်စင်ပေါ်မှ ပရိသတ်အများအပြား ကွင်းအတွင်းသို့ ပြေးဝင်လာပြီး ဖီနာဘာချီအသင်းကစားသမားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ဗီဒီယိုဖိုင်တစ်ခုတွင် ဘတ်ရှူအာယီက ၎င်းအနီးသို့ပြေးလာသည့် ပရိသတ်အား နောက်ပြန်လှည့်၍ အမြင့်ကန်ချက်ဖြင့်ကန်ရန် ကြိုးပမ်းသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ထို့နောက် လုံခြုံရေးများက ဖီနာဘာချီကစားသမားများ အဝတ်လဲခန်းအတွင်း ဝင်ရောက်နိုင်ရန် ကာကွယ်ပေးခဲ့ကြောင်း သိရသည်။

တူရကီစူပါလိဂ်တွင် ဖီနာဘာချီအသင်း က ၃၀ ပွဲကစား ၇၉ မှတ်ဖြင့် ထိပ်ဆုံးမှ ဂါလာတာစာရေးအသင်း၏နောက် နှစ်မှတ်အကွာဖြင့် ဒုတိယနေရာ၌ ရှိနေပြီး တတိယနေရာမှ ထရတ်ဇွန်စပေါ်အသင်းကို ရမှတ် ၃၀ အထိ ဖြတ်ထားလျက်ရှိသည်။ ယခုရာသီ ဖီနာဘာချီအသင်းတွင် ဂျက်ကို၊ တာဒစ်၊ ဘိုနူချီ၊ ဘတ်ရှူအာယီ၊ အွန်ဒါ၊ ဆိုယွန်ဂျူ၊ ဖရက်ဒ်၊ ဂျိုရှူ အာကင်း၊ ကရူနစ်စသည့် ကစားသမားများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent