ကစားသမားရောင်းချမှုမှ ငွေကြေးအများဆုံးရှာဖွေနိုင်သည့် နည်းပြ(၁၀)ဦးစာရင်း၌ ဆီမြွန်နီ ဦးဆောင်နေပြီး ဂွါဒီယိုလာနှင့် ချယ်လ်ဆီးနည်းပြဟောင်း(၄)ဦး ပါဝင်

ကစားသမားရောင်းချမှုမှ ငွေကြေးအများဆုံးရှာဖွေနိုင်သည့် နည်းပြ(၁၀)ဦးစာရင်း၌ ဆီမြွန်နီ ဦးဆောင်နေပြီး ဂွါဒီယိုလာနှင့် ချယ်လ်ဆီးနည်းပြဟောင်း(၄)ဦး ပါဝင်
Photo: Barca Notes
Photo: Barca Notes
Published 25 March 2024

အပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားရောင်းချမှုမှ ငွေကြေးအများဆုံးရှာဖွေနိုင်သော နည်းပြ(၁၀)ဦးစာရင်း၌ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ဦးဆောင်နေပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ချယ်လ်ဆီးနည်းပြဟောင်း (၄)ဦးလည်း ပါဝင်နေကြောင်း သိရသည်။

အဆိုပါနည်းပြစာရင်းကို  Sportingpedia ဝက်ဘ်ဆိုက်၏ ဖော်ပြမှုအား ကိုးကား၍ ဗြိတိန်မီဒီယာ The Sun က ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် နည်းပြဘဝတစ်လျှောက် ကလပ်အသင်း(၆)သင်းကို ကိုင်တွယ်ခဲ့ရာတွင် ကစားသမားရောင်းချမှုမှ ပေါင်(၉၈၃) သန်း  (ယူရို ၁.၁၅)ဘီလီယံ ရရှိခဲ့သည်။

ထို့ကြောင့် ယူရို(၁) ဘီလီယံအထက် ရရှိသည့် တစ်ဦးတည်းသောနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဆီမြွန်နီသည် အဆိုပါငွေကြးပမာဏရရှိရန် ကစားသမား(၉၈)ဦးကို ရောင်းထုတ်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးအများဆုံးဖြင့် ရောင်းထုတ်ခဲ့သည့် ကစားသမားမှာ ၂၀၁၉ ခုနှစ်က အက်သလက်တီကိုအသင်းမှ ဘာစီလိုနာအသင်းထံ ရောင်းထုတ်ခဲ့သည့် ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်း (ယူရို သန်း ၁၂၀)ဖြစ်သည်။

လက်ရှိအချိန်၌ ကာတာကလပ် အယ်လ်ရေယန်အသင်းကို ကိုင်တွယ်နေသည့် ပေါ်တူဂီနည်းပြ ဂျာဒင်းက ဆီမြွန်နီ၏နောက် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ဂျာဒင်းသည် ကလပ်အသင်း(၉)သင်းကို ကိုင်တွယ်ခဲ့စဉ်အတွင်း ကစားသမားရောင်းချမှုမှ ပေါင်(၈၅၄)သန်း ရရှိခဲ့ခြင်းဖြစ်သည်။

ဂျာဒင်း၏ တန်ဖိုးအကြီးဆုံး ကစားသမားရောင်းချမှုမှာ မိုနာကိုအသင်းကို ကိုင်တွယ်စဉ်က ပြင်သစ်တိုက်စစ်မှူး ဘာပေအား PSG အသင်းထံ ယူရိုသန်း(၁၈၀)ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

လက်ရှိ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကစားသမားရောင်းချမှုမှ ပေါင်(၈၄၇)သန်း ရရှိခဲ့သည့်အတွက် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ဂွါဒီယိုလာသည် ငွေကြေးသုံးစွဲနိုင်သည့်အသင်းများကိုသာ ကိုင်တွယ်ပြီး ငွေအသုံးကြမ်းသည့်နည်းပြအဖြစ် သတ်မှတ်ခံရသော်လည်း ကစားသမားရောင်းချမှုမှ ငွေကြေးများစွာ ပြန်လည်ရှာဖွေပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

ဂွါဒီယိုလာသည် ကစားသမား(၈၈)ဦးကို  ရောင်းထုတ်ခြင်းဖြင့် အဆိုပါပမာဏရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းရောင်းထုတ်ခဲ့သည့် တန်ဖိုးအကြီးဆုံးကစားသမားမှာ ၂၀၂၂ ခုနှစ်က မန်စီးတီးမှ ချယ်လ်ဆီးအသင်းထံ ယူရို(၅၆.၂)သန်းဖြင့် ရောင်းထုတ် ခဲ့သည့် အင်္ဂလန်ကစားသမား စတာလင်ဖြစ်သည်။

ယခုစာရင်းတွင် ချယ်လ်ဆီးအသင်း၏ နည်းပြဟောင်း (၄)ဦးဖြစ်သည့် အန်ဆယ်လော့တီ၊ မော်ရင်ဟို၊ သောမတ်စ်တူဟယ်လ်နှင့် ဘင်နီတက်ဇ်တို့ ပါဝင်ခဲ့သော်လည်း ၎င်းတို့ ရောင်းထုတ်ခဲ့သည့် တန်ဖိုးအကြီးဆုံးကစားသမားများထဲတွင်မူ ချယ်လ်ဆီးကစားသမား ပါဝင်ခြင်းမရှိခဲ့ပေ။ 

Most Read

Most Recent