■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 March 2024

ဘရန့်ဖို့ဒ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၃၀ နာရီ)

ဘရန့်ဖို့ဒ်အသင်းက အိုင်ဗန်တိုနေး ပြန်လာပြီး ကစားပုံလေးလည်း ပြန်ကောင်းလာသလိုရှိပေမဲ့ ရလဒ်တွေကတော့ အားရစရာမရှိပါဘူး။ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိခြေစွမ်းက သိသိသာသာတိုးတက်လာတယ်။ ပဲလေ့စ်၊ ဗီလာ၊ မန်စီးတီး၊ လီဗာပူးလ်တို့လို အသင်းတွေကို စုစုစည်းစည်းနဲ့ ပုံစံကောင်းပြပြီး ကစားလာနိုင်တာကိုတွေ့ရတယ်။ ဒီပွဲက ချယ်လ်ဆီးအတွက် ဖြစ်ပါလိမ့်မယ်။ 



အဲဗာတန် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၃၀ နာရီ)

အဲဗာတန်အသင်းက (၁၀) မှတ်လျှော့ ပြစ်ဒဏ်ကနေ (၆) မှတ်လျှော့ ဖြစ်သွားလို့ လောလောဆယ်တော့ အဆင့် (၁၅) အထိ ပြန်တက်လာခဲ့ပြီး နောက်ဆုံးပွဲမှာလည်း ဘရိုက်တန်အသင်းကို သရေကစားသွားခဲ့တယ်။ ဝက်စ်ဟမ်းအသင်းကတော့ ရလဒ်တွေထိုးကျနေရာက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မယုံနိုင်စရာပုံစံနဲ့ ဂိုးပြတ်သွင်းသွားခဲ့တယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ပုံစံကောင်းပြနိုင်မယ်မထင်သေးဘူး။ အဲဗာတန်ကို ကြိုက်တယ်။ 



ဖူလ်ဟမ် - ဘရိုက်တန် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၃၀ နာရီ)

ဖူလ်ဟမ်ကတော့ မန်ယူနို်က်တက်အသင်းနဲ့ပွဲမှာ မထင်မှတ်တာတွေကို လုပ်ပြသွားခဲ့တယ်။ ဖူလ်ဟမ်ရဲ့ ခံစစ်ပိုင်းက မာကျောပြီး အတွဲမိလာသလို၊ တောင်ပံတွေက ကက်စတန်ညာ၊ ရော်ဘင်ဆင်တို့လည်း အားကောင်းတယ်။ ကွင်းလယ်နဲ့ တိုက်စစ်ကလည်း ကစားပုံအဆင့်ရှိတယ်။ ဘရိုက်တန်က ကစားကွက်ကောင်းပေမယ့် နည်းနည်းလေးအားပျော့နေသေးတယ်။ ဖူလ်ဟမ်ကိုပဲ ကြိုက်တယ်။ 



နယူးကာဆယ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၃၀ နာရီ)

ဝုလ်ဗ်အသင်းက စပါးနဲ့ ရှက်ဖီးယူနိုက်တက်တို့ကို ဆက်တိုက်အနိုင်ကစားပြခဲ့တယ်။ ဒဏ်ရာပြဿနာတချို့ရှိနေပေမဲ့ အသင်းလိုက်ကစားဟန်က ဆွဲဆောင်မှုရှိတယ်။ တိုက်စစ်မှာ ဟွမ်ဟီချန်၊ ဆာရာဘီယာနဲ့ ပတ်ဒရိုနက်တိုတို့ အားကောင်းသလို ကွင်းလယ် မှာလည်း ဂျော်အိုဂိုးမက်စ်အားကောင်းနေတယ်။ နယူးကာဆယ် အိမ်ကွင်းဆိုပေမဲ့ ဝုလ်ဗ် သရေခံကစားနိုင်လိမ့်မယ်။ 



နော်တင်ဟမ်ဖောရက်စ် - လီဗာပူးလ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၃၀ နာရီ)

လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး အသင်းလိုက် ခြေစွမ်းရော၊ တစ်ဦးချင်း ခြေစွမ်းပါ စိတ်ဝင်စားစရာကောင်းတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမဲ့ ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေပြီး အသင်းလိုက်ခြေစွမ်း အရည်အသွေးရော၊ စိတ်ဓာတ်အရည်အသွေးပါ အမြင့်မားဆုံးအခြေအနေမှာ ရှိနေတာကို တွေ့ရတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းကလည်း အရည်အသွေးကောင်းတဲ့အသင်းတစ်သင်းတစ်သင်းပါ။ နည်းပြ နူနိုလက်ထက်မှာ အသင်းလိုက်ခြေစွမ်းက ပိုမာကျောလာသလို ခံစစ်ပိုင်းရော၊ တိုက်စစ်ပိုင်းမှာပါ တိုးတက်မှုတွေမြင်လာရတယ်။ အသင်းကနေ ဘရန်နန်ဂျွန်ဆင်လို ကစားသမားထွက်သွားပေမဲ့ အယ်လန်ဂါ၊ အိုဒွိုင်းတို့လို ကစားသမားတွေကြောင့် ပိုအားကောင်းလာတာလည်းတွေ့ရတယ်။ လီဗာပူးလ်အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အနိုင်ရသွားမှာပဲ။



စပါး - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၃၀ နာရီ)

မန်ယူနိုက်တက်အသင်းက ရှေ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့သလို၊ အခုတစ်ပတ်လည်း မန်စီးတီးကွင်းမှာ ကစားရမှာဖြစ်တယ်။  ဒီအခြေအနေမှာ စပါးအတွက် မန်ယူနို်က်တက်ကို အမှတ်ဖြတ်ဖို့ ကြိုးစားရမှာဖြစ်သလို၊ အက်စတွန်ဗီလာကို အမီလိုက်ဖို့လည်း လိုနေတဲ့အတွက် အမှားမခံဘူး။ ပဲလေ့စ်က နည်းပြသစ်နဲ့ အဝေးကွင်းပွဲထွက်လာမှာပါ။ အသင်းလိုက်မာကျောပေမဲ့ အဝေးကွင်းအားနည်းတတ်တယ်။ စပါး နိုင်မယ်။ 



လူတန် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၂:၀၀ နာရီ)

လူတန်က ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲဆက် ရှုံးခဲ့သလို၊ FA ဖလားပွဲမှာလည်း မန်စီးတီးကို ဂိုးအလှူပေးခဲ့တယ်။ ဒါပေမဲ့ လူတန်ရဲ့ပွဲစဉ်တွေကိုကြည့်ရင် မန်ယူနိုက်တက်၊ လီဗာပူးလ်၊ မန်စီးတီးတို့ ဖြစ်နေတာတွေ့ရတယ်။ အသင်းလိုက် ကစားပုံ မညံ့ပါဘူး။ ဗီလာကတော့ နိုင်ပွဲတွေ ပြန်ရနေပြီး အဆင့် (၄) နေရာအတွက် ခြေလှမ်းမှန်မှန်ပြေးနေတယ်။ အဝေးကွင်းလည်း အားကောင်းတယ်။ ဗီလာပဲ နိုင်မယ်။ 

Most Read

Most Recent