ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ အလုပ်ပြန်ဝင်ရန် သပိတ်မှောက်သည့် ဆရာဝန်များကို တောင်ကိုရီးယားအာဏာပိုင်များ တိုက်တွန်း

ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ အလုပ်ပြန်ဝင်ရန် သပိတ်မှောက်သည့် ဆရာဝန်များကို တောင်ကိုရီးယားအာဏာပိုင်များ တိုက်တွန်း
ဖေဖော်ဝါရီ ၂၅ ရက်က ဆိုးလ်မြို့ရှိ သမ္မတရုံးအနီးတွင် တောင်ကိုရီးယားဆရာဝန်များက ကြွေးကြော်သံများဟစ်ကြွေးကာ ဆန္ဒပြနေစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၂၅ ရက်က ဆိုးလ်မြို့ရှိ သမ္မတရုံးအနီးတွင် တောင်ကိုရီးယားဆရာဝန်များက ကြွေးကြော်သံများဟစ်ကြွေးကာ ဆန္ဒပြနေစဉ်(Photo: AFP)
Published 26 February 2024

အလုပ်သင်ဆရာဝန်များအနေဖြင့် အလုပ်ပြန်ဝင်ကြရန် တောင်ကိုရီးယား အာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်တွင် တိုက်တွန်းခဲ့ပြီး ၎င်းတို့အနေဖြင့် လာမည့်သုံးရက်အတွင်းသက်ဆိုင်ရာဆေးရုံများတွင် ပြန် လည်တာဝန်ထမ်းဆောင်ခြင်း မရှိပါကတရားစွဲဆို အရေးယူများနှင့် ကြုံရနိုင်သည်ဟု သတိပေးခဲ့သည်။

တောင်ကိုရီးယားတွင် ဆေးပညာနယ်ပယ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် ဆရာဝန်များ၏ ကန့်ကွက်ဆန္ဒပြမှုသည် ဒုတိယ သီတင်းပတ်ထဲသို့ ရောက်ရှိလာပြီဖြစ်သည်။

အလုပ်သင်ဆရာဝန်အင်အား စုစုပေါင်း၏ ၈၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ညီမျှသည့် အလုပ်သင်ဆရာဝန်ဦးရေ ၁၀,၀၀၀ ကျော်သည် အလုပ်မှနုတ်ထွက်ခဲ့သည်။

ဆေးကျောင်းဝင်ခွင့် သိသိသာသာ တိုးမြှင့်မည့် အစိုးရ၏အစီအစဉ်ကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှု တစ်စိတ်တစ်ပိုင်းအဖြစ် အလုပ်သင်ဆရာဝန်များ အလုပ်ထွက်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက အစိုးရအနေဖြင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို လက်လျှော့မည်မဟုတ်ဟု ပြောကြားထားသည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် တောင်ကိုရီးယားတွင် အလျင်အမြန်တိုးလာသည့် သက်ကြီးရွယ်ဦးရေကို စောင့်ရှောက်ရန် မဖြစ်မနေလိုအပ်သည့် အ စီအမံတစ်ရပ်ဖြစ်ကြောင်း ယွန်းက ဆိုသည်။

ယင်းသို့ ဆရာဝန်အများအပြား လုပ်ငန်းခွင်မဝင်ခြင်းကြောင့် ကင်ဆာဝေဒနာရှင်များအတွက် ခွဲစိတ်ကုသမှုများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ခွဲစိတ်၍ကလေးမွေးဖွားမှုများကို ရွှေ့ဆိုင်းမှုများနှင့်ဖျက်သိမ်းမှုများ ရှိလာခဲ့သည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်အပေါ် ဆန့်ကျင်လျက် ဆရာဝန်ထောင်ပေါင်းများစွာ အလုပ်ထွက်သွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အကျပ်အတည်းဖြစ်ပေါ်နေကြောင်းနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။

ဆရာဝန်များသည် တောင်ကိုရီးယားတွင် မရှိမဖြစ်လိုအပ်သော ဝန်ထမ်းများအဖြစ် ရှုမြင်ခံထားရပြီး ၎င်းတို့သပိတ်မှောက်ခြင်းမရှိစေရန် ဥပဒေဖြင့် ထိန်းချုပ်တားမြစ်ထားသည်။ ဆရာဝန်များ အစုလိုက်အပြုံလိုက် အလုပ်မှနုတ်ထွက်ခြင်းသည် တရားမဝင်ကြောင်း တောင်ကိုရီးယား အစိုးရက ထပ်တလဲလဲ ပြောဆိုထားသည်။

ဖေဖော်ဝါရီ ၂၆ ရက်အထိ တောင်ကိုရီးယားတွင် အလုပ်မလာသည့် အလုပ်သင်ဆရာဝန် ၉၀၀,၆ ဦးအထိ ရှိလာခဲ့သည်။ အလုပ်မလာဘဲ သပိတ်မှောက်သည့် ဆရာဝန်များကို ဆေးကုသခွင့်လိုင်စင်ရုပ်သိမ်းခြင်းနှင့် တရားစွဲဆိုခြင်းကဲ့သို့ ဥပဒေကြောင်းအရ အရေးယူမှုများ မကြာမီလုပ်ဆောင်မည်ဖြစ်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

“ေဖော်ဝါရီ ၂၉ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်တွေဆီပြန်လာကြပါ”ဟု ဒုတိယကျန်းမာရေးဝန်ကြီး ပတ်ခ်မင်ဆူးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“သတ်မှတ်ကာလအတွင်း တာဝန်ကျဆေးရုံတွေဆီ ပြန်လာမယ်ဆိုရင် အရင်လုပ်ခဲ့တာတွေအတွက် အပြစ်ပေးခံရမှာမဟုတ်ပါဘူး”ဟု ၎င်းက ထပ်မံပြောကြားသည်။

သတ်မှတ်ကာလအတွင်း အလုပ်ပြန်မဝင်သူများအား ဆေးကုသခွင့်လိုင်စင် သုံးလထက်မနည်း ဆိုင်းငံ့မည်ဖြစ်ကြောင်း ပတ်ခ်ကသတိပေးခဲ့ပြီး ယင်းမှတ်တမ်းသည် ဆက်လက်ကျန်ရှိနေမည်ဖြစ်သဖြင့် အလုပ်သင်ဆရာဝန်များ၏ ပြည်ပအလုပ်အကိုင် အခွင့်အရေးကဲ့သို့ အနာဂတ်အခွင့်အလမ်းများကို ထိ ခိုက်စေနိုင်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း တောင်ကိုရီးယား နိုင်ငံတစ်ဝန်းရှိဆေးရုံများ၌ ဆရာဝန်အင်အား လိုအပ်ချက်ကြောင့် ရုန်းကန်ခဲ့ရသည်။        

Ref: AFP

Most Read

Most Recent